ခင်မင်းဇော်

Syndicate content
လွတ်မြောက်ခြင်းဆိုသည်မှာ ရွေးချယ်ပိုင်ခွင့်ပင် ဖြစ်သည်။
Updated: 25 min 21 sec ago

၆၇ ရက်ပဲ လိုတော့တယ်..

31 August, 2010 - 16:07

လူတယောက်ဟာ မွေးလာပြီးတော့ ကိုယ့်အတွက် ကိုယ်လုပ်ပြီးတော့ ကိုယ်ပဲစားပြီးတော့ သေသွားပြီဆိုရင် ဘာလုပ်တော့မှာလဲ။ လူဖြစ်ရကျိုးမနပ်ဘူး။ အဲဒီတော့ တကိုယ်ကောင်း မကြံကြပါနဲ့။ အများအတွက် လုပ်ကြပါ။ အများအကျိုးဆောင်တဲ့လူများဟာ လူသာသေသွားမယ်။ ဘယ်တော့မှ နာမည်မသေဘူး။

ဒေါ်အောင်ဆန်းစုကြည် ကမာဝက်(၁၆၊၁၂၊၁၉၈၈)

ကျမတို့ နာမည်မသေချင်လို့ လုပ်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူဖြစ်ကျိုးနပ်ချင်လွန်းလို့ မသေခင်မှာ လုပ်သင့်တာတွေ လုပ်ဖို့ ကြိုးစားနေတယ်။ လုပ်နိုင်သလောက် လုပ်ဖို့လဲ ကြိုးစားတယ်။ ကျမတို့ကြိုးစားမှု အရာရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ လုပ်နေဖို့ကတော့ ကျမတို့ တာဝန်လို့ခံယူထားပါတယ်။ အခုလဲ ရက်ပေါင်း ၇၀တောင် မလိုတော့တဲ့ ရွေးကောက်ပွဲကို လုံးဝသပိတ်မှောက်တဲ့အပြင် အဲဒီသပိတ်နဲ့အတူ ဘယ်လိုလူထုတိုက်ပွဲတွေ ဆင်နွဲကြမယ် ဆိုတာမျိုးကိုလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြင်ဆင်ထားစေချင်ပါတယ်။

သြဂတ်စ်လ ၂၈ ရက်နေ့ည စနေနေ့ ဗွီအိုအေရဲ့ တိုက်ရိုက်လေလှိုင်းကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောခွင့်ရ ပုဂ္ဂိုလ်ဦးဥာဏ်ဝင်းကပြောသွားခဲ့တယ်။

ဒီမေးခွန်းတွေအားလုံးကို ခြုံကြည့်ရရင် အန်န်အယ်လ်ဒီက ဒီရွေးကောက်ပွဲကို ဘယ်လိုရင်ဆိုင် မလဲ ဘယ်လိုလုပ်မလဲဆိုတာ မေးနေကြတာ။ အန်န်အယ်လ်ဒီကတော့ ဒီရွေးကောက်ပွဲနဲ့  ပါတ်သက်ပြီးတော့ အခုလုပ်ဆောင်ခဲ့တာတွေ ရှိတယ်။ ကျနော်တို့ ပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောနေတဲ့ ဟာမျိုး တခြားဘယ်သူမှ မပြောဘူး။ သို့ သော်ပေါ့ ကျနော်တို့ ဒီထဲမှာ အကောင်းဆုံးတွက်ပြီးတော့ ကျနော်တို့ လုပ်တယ်။

အဲတော့… ထွက်ပေါက်က ဘယ်မှာရှိသလဲဆိုတာနဲ့  ပါတ်သက်ရင် ကျနော်တို့  ဟလား နည်းလမ်းတွေ တော့မျိုးစုံ ရှိကောင်းရှိလိမ့်မယ် ပေါ့နော်။ ဥပဒေမဲ့နည်းလမ်းတွေရော ဘာညာပေါ့။ ဒါပေမယ့် အန်န်အယ်လ်ဒီရဲ့ ရပ်တည်ချက်ကို ပြောရရင် အန်န်အယ်လ်ဒီက ပြည်သူလူထုအတွက် အကောင်းဆုံး နည်းလမ်းကိုပဲ ကျနော်တို့ လက်ခံတယ်။

အဲဒီအကောင်းဆုံးနည်းလမ်းက တွေ့ ဆုံဆွေးနွေးရေးပဲ။ ဒီလိုတွေ့ ဆုံ ဆွေးနွေးရေး သည်သာလျှင် ပြည်သူလူထုရော တိုင်းပြည်ရော အကျိုးရှိမယ်။ ကျန်တဲ့နည်းလမ်းတွေက အထိအခိုက် အကျအဆုံးတွေ အများကြီး ဖြစ်လိမ့်မယ်။ တိုင်းပြည်အတွက်လည်း နစ်နာမယ်။ ဒါကြောင့်ထွက်ပေါက်အနေနဲ့  အန်န်အယ်လ်ဒီ ဒီနေ့ အထိ ယုံကြည်နေတာက အမျိုးသားရင်ကြားစေ့ရေးကို တွေ့ ဆုံ ဆွေးနွေးရေးနည်းလမ်းနဲ့  သွားဖို့ ဘဲလို့  ကျနော်အဲဒီလို ပြောကြားလိုပါတယ်။

အပေါ်က ဦးဥာဏ်ဝင်းပြောသွားတာ ကြားလိုက်တော့ အံ့သြမင်သက်မိတယ်။ အဲဒီလိုတွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုစောင့်ဆိုင်းနေတဲ့အတွက် နအဖက ခုလို သူလုပ်ချင်တာတွေ ဆက်တိုက်လုပ်လို့ ရနေတာပဲ မဟုတ်လား။

ကျမအမြင်ကတော့ တွေ့ဆုံဆွေးနွေးရေး ရအောင်လို့ တိုက်ပွဲတွေ ဖော်ဆောင်ရလိမ့်မယ်။ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ ဘက်စုံထောင့်စုံက ဆင်နွဲရလိမ့်မယ်၊ ဘယ်အာဏာရှင်ကမှ သူတို့ ရှုံးမယ့်အရိပ်အယောင်မရှိပဲ၊ သူတို့ အထက်စီးကနေပြီး သူတို့ဘေးဖယ်ပေးရဖို့ အခြေအနေရောက်လာမယ့် တွေ့ဆုံဆွေးနွေးရေးကို ကမ်းလှမ်းလိမ့်မယ် မဟုတ်ပါဘူး။အာဏာလက်ရှိအထက်စီးကနေ အကွက်ကျကျဆက်လက်တည်မြဲနေဖို့ သူတို့ လုပ်နေတာကို မြင်နေတွေ့နေရက်နဲ့ အမျိုးသားရင်ကြားစေ့ရေးကိုတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ကပဲ သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကျမအနေနဲ့ လုံးဝသဘောမတွေ့ပါဘူး၊ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ လမ်းကြောင်းအဖြေပေါ်ရောက်ဖို့ လိုအပ်တဲ့တွန်းအားတွေ မဆင်နွဲပဲ မလုပ်ဆောင်ပဲ တောင်းဆိုနေယုံနဲ့တော့ ဘယ်တော့မှ ရောက်ရှိလာမှာ မဟုတ်ဘူးလို့ ကျမက ယုံကြည်တယ်။ ဒီလမ်းဟာ ပြည်သူလူထုအတွက် တိုင်းပြည်အတွက် အကြာဆုံး နှိပ်စက်သွေးစုတ်ခံရမယ့်နည်းလမ်းလို့ပဲ မြင်ပါတယ်။

နိုင်ငံတကာက အားပေးထောက်ခံတာတွေနဲ့အတူ နိုင်ငံတကာခုံရုံးလဲ အားမကိုးပါနဲ့ ၊ ဒါတွေက နအဖကို ဂုဏ်သိက္ခာအရကျဆင်းအောင် လုပ်ဆောင်တဲ့အဆင့်လောက်ပဲ ရမှာပါ။ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားဆိုတာကို တန်ဖိုးထားရမှန်းမသိတဲ့ နအဖစစ်အုပ်စုအတွက်ကတော့ လေပဲလို့ ထင်နေဦးမှာပါ။

အသက်တွေသွေးတွေ ဘ၀တွေ ထပ်ပြီး မဆုံးရှုံးချင်ဘူးဆိုတဲ့စကားတွေရဲ့အောက်မှာ မျိုးဆက် ဘယ်နှစ်ဆက် ရင်းနှီးပေးဆပ်ရဦးမယ်ဆိုတာကတော့ မတွက်ချင်တော့ဘူး။ ဒါပေမယ့် ကျမတို့ မျိုးဆက်တွေအထိ တွေ့ဆုံဆွေးနွေးပေးဖို့ တောင်းခံရင်း စောင့်စားနေတဲ့ဘ၀ကနေ လွတ်မြောက်အောင် ပြည်သူ့ရှေ့ဆောင်ပါတီအဖြစ် ခေါင်းဆောင်သင့်နေပြီလို့ အန်အန်လ်ဒီကို တိုက်တွန်းလိုက်ချင်ပါတယ်၊

ရွေးကောက်ပွဲကို သပိတ်မှောက်ယုံနဲ့မပြီးသေးပါဘူး။ မဲမထည့်ယုံနဲ့ ဒီမိုကရေစီမရနိုင်သေးပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင်အချိန်တွေမှာ ဘယ်လိုတိုက်ပွဲတွေ နည်းနာတွေနဲ့ နအဖကို ဆန့်ကျင်ရဦးမယ်ဆိုတာကို ဒီမိုကရေစီလိုလားသူတိုင်း စဉ်းစားလုပ်ဆောင်သင့်ပါပြီ။ အထူးသဖြင့် ၁၉၉၀ ပြည့်နှစ်က ပြည်သူတွေအတွက် ပြည်သူ့အကျိုးနိုင်ငံအကျိုးသယ်ပိုးချင်လို့ပါဆိုပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံကြရင်း လူထုရဲ့တာဝန်ပေးမှုတွေကို ပိုင်နိုင်ရယူထားတဲ့ ပြည့်သူ့ကိုယ်စားလှယ်အစစ်အမှန်တွေအနေနဲ့ ပိုပြီး တာဝန်ရှိနေတယ်ဆိုတာကို အသိပေးရင်း ထပ်မံတိုက်တွန်းနှိုးဆော်လိုက်ပါတယ်၊

အောင်ပွဲ ဆိုတာ တိုက်ရဲသူ အတွက်ပဲ ဖြစ်ပါတယ်။ စောင့်စားနေယုံနဲ့တော့ အောင်ပွဲက ကိုယ်ဆီကို ဆိုက်ရောက်လာမယ် မထင်ကြပါနဲ့ရှင်။

ချစ်ခင်စွာဖြင့်

ခင်မင်းဇော်

၂၂ နှစ် ပြည့်ခဲ့ပြီ။

7 August, 2010 - 17:43
၈လေးလုံး လူထုအရေးတော်ပုံကြီးကို ပြန်စဉ်းစားမိတိုင်း ကိုယ့်ပုခုံးပေါ်က တာဝန်တွေကို သတိရနေတုန်း။
ကျမတို့ပုသိမ်မှာ မတ် ၁၃ အကြောင်း၊ မတ် ၁၆ အကြောင်းကို ပုသိမ်ကောလိပ်ကျောင်းသားတွေနဲ့ အတူ ရှေ့နေတွေ ဆရာဝန်တွေ၊ ၇၄ ကျောင်းသားဟောင်းတွေ၊ စာအုပ်ဟောင်းရောင်းနေတဲ့ နိုင်ငံရေးသမားဟောင်း ကျောင်းသားဟောင်းကြီးတွေ၊ ကျူရှင်ဆရာတွေကို လိုက်ပြီး ပြောကြတယ်။ သူတို့ဆီက အကြံဥာဏ်တွေနဲ့ ဒီတခါကျောင်းပြန်ဖွင့်ရင် ဘယ်လိုတွေက စလုပ်သင့်တယ်ဆိုတာမျိုးတွေ တိုင်ပင်ကြတယ်။ အရင်တုန်းက ဒီလူတွေနဲ့ ခုလိုစကားအကြာကြီး မပြောဖူးဘူး။ သူတို့တွေက ၀မ်းသာအားရကြိုဆိုတယ်။ ကိုယ်သိပ်မသိတဲ့ ၆၂ ခုနှစ်က အဖြစ်အပျက်တွေ ၊ ၇၄ က အဖြစ်အပျက်တွေကို အသေးစိတ် ပြောပြကြတယ်။ နိုင်ငံရေးကို လုံးဝမသိခဲ့ပဲ ကိုယ့်ကျောင်းသားတွေကို ဖိနှိပ်အသေသတ်တဲ့ဖြစ်ရပ်ကြောင့် မခံချင်စိတ်နဲ့ ဒီလိုအစိုးရကို ဆန့်ကျင်ခဲ့တဲ့ ကျမအတွက်တော့ တာဝန်ဆိုတာကို ပိုနားလည်လာသထက် နားလည်လာပြီး ဘယ်သူကမှမပေးတဲ့ တာဝန်ကို ကိုယ့်ပုခုံးပေါ်ပစ်တင်ရင်း ဒီအစိုးရကို ပြုတ်ကျအောင် လုပ်ကိုလုပ်မယ်။ ငါတို့ခေတ်မှာ ငါတို့တာဝန်ကျေရမယ်ဆိုတာ အခိုင်အမာဆုံးဖြတ်ဖြစ်ခဲ့တဲ့ ကာလတွေပါပဲ။
(အပြည့်အစုံဖတ်ချင်ရင် ခေါင်းစဉ်ကို ကလစ်ပါ)

ပုသိမ်မြို့ရဲ့ ရှစ်လေးလံုး သမိုင်း
မြန်မာ့သမိုင်းမှာ သမိုင်းဝင်မိန့်ခွန်းတခုရှိခဲ့တယ်။ ။ စစ်တပ်ဆိုတာ သေနတ်ကို မိုးပေါ်ထောင်မပစ်ဘူး။ တည့်တည့်ပဲ ပစ်တယ်တဲ့။ ကျောင်းသားတွေကို မုန်းတဲ့ ပညာတတ်တွေကို မုန်းတဲ့သူ့အမုန်းက တော်တော်ပြင်းထန်ခဲ့တာပဲ။ ရေဒီယိုထဲက ဦးနေ၀င်းရဲ့ အနားယူခါနီး ပါတီအရေးပေါ် အစည်းအဝေးကပြောတဲ့ မိန့်ခွန်းက စိန်ခေါ်ခြိမ်းခြောက်သံက လူထုကို ဒေါသပိုထွက်စေခဲ့တာပဲ ဖြစ်တယ်။
၈ ရက် ၈ လ မှာ မြန်မာတနိုင်ငံလုံး လူထုဆန္ဒပြပွဲ လုပ်ကြမယ်ဆိုတဲ့ အချိန်ကိုက်လှုပ်ရှားမှုဖြစ်ဖို့ ဘီဘီစီက သတင်းထောက်ခရစ်တိုဖာဂန်းနက်က အင်တာဗျူးတွေနဲ့ လှိုင်လှိုင်ကြီးလွှင့်ထုတ်ပေးခဲ့တာကြောင့် လူတိုင်း ၈ ရက်နေ့မှာ ဘယ်နေရာက ဘာဖြစ်မလဲ ဆိုတာမျိုးပဲ နားစွင့်နေခဲ့ကြတယ်။

ကျမတို့ ပုသိမ်မှာ ၈ရက်နေ့မှာဘာမှမဖြစ်ခဲ့ဘူး။ တမြို့လုံးလဲ စစ်တပ်တွေစောင့်နေပြီး တိတ်ဆိတ်နေခဲ့တယ်။ ရန်ကုန်က ဖုန်းသတင်းတွေနဲ့ နေ့လည်ဘက်မှာ လူတွေ ဆန္ဒပြနေပြီ ဆိုတာမျိုး စကြားနေရပြီး ညဘက်မှာတော့ မြို့တော်ခန်းမရှေ့မှာ ပစ်တာ အထက်တန်းကျောင်းသားလေးတွေ အများစု သေကြတယ် ဆိုတဲ့ သတင်းတွေ ကြားရတယ်။ ငါတို့မြို့က ဘယ်လိုလုပ်မလဲ ။ ဘယ်သူမှမထွက်ကြတော့ဘူးလား ။ ဘယ်သူ့ကိုစောင့်နေကြတာလဲ ဆိုပြီး ခိုးတွေ့ကြတဲ့ ဆွေးနွေးပွဲမှာ ပြောဖြစ်တယ်။ ဒါပေမယ့် ၉ ရက်နေ့မှာ ကြွေးကြော်သံတွေနဲ့ လူအုပ်ကြီး ချီတက်လာတယ် ဆိုတဲ့အသံကို စကြားတယ်။ ဒါနဲ့ ဘယ်နားမှာလဲ ဆိုပြီး လိုက်ကြတယ်။ တကယ်ရှေ့ကနေ ထွက်ခဲ့တဲ့လူတွေက ကျမတို့ ဆွေးနွေးတိုင်ပင်ထားကြတဲ့ ဆရာဝန်တွေ ရှေ့နေတွေ ပညာတတ်တွေ မဟုတ်ဘူး။ ကျမသိတဲ့ ပြည်တော်သာတိုက်ဘက်က အထက်တန်း ကျောင်းသားတွေ က ရှေ့ဆုံးမှာ ဗိုလ်ချုပ်ပုံကိုင်ပြီး တက်လာတာဖြစ်နေတယ်။ ကျမစိတ်ထဲ တော်တော် မကောင်းဖြစ်မိတယ်။ သူတို့နောက်က အမြန်ပြေးလိုက်ပြီး လူအုပ်ထဲမှာ သူတို့နဲ့ တူတူ ကြွေးကြော်သံတွေ အော်မိတော့တယ်။ အဲဒီနေ့က ကမ်းနားဘက်ကို သွားမယ်ဆိုတော့ ကျမက ဆက်မလိုက်တော့ပဲ ဒီဆန္ဒပြတာတွေ နောက်နေ့မှာ ဆက်ထိန်းထားနိုင်ဖို့ လိုတယ်ဆိုပြီး ခါတိုင်းတွေ့နေကျ သူငယ်ချင်းတွေဆီ ထွက်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ ဆန္ဒပြတဲ့လူတွေကို ပစ်ခတ်မှုဖြစ်ခဲ့တယ်။ ခုန ကျမ သိတဲ့ တယောက်ရဲ့ ဒူးခေါင်းကို ကျည်ဆန်ထိသွားတယ်။ နောက် တခြားလူတွေလဲ ကျည်သင့်ခဲ့ကြတယ်။ တရားမ၀င်စာရင်းအရ သေဆုံးသူ ၁၅ ယောက်ရှိတယ်။ အလောင်းတွေကို နောက်နေ့မှာ ပုသိမ်မြို့က သုသာန် ၃ ခုမှာ ခွဲပြီး သဂြိုလ်တယ်။ အင်မတန်အေးဆေးတဲ့ ကျမတို့မြို့မှာ ၉ ရက် ၈ လ ၁၉၈၈ မှာ အေးချမ်းစွာ ဆန္ဒပြပြီး ပြည်သူ့ဆန္ဒဖော်ထုတ်ခဲ့လို့ သာမန်ပြည်သူ ၁၅ ယောက်ထက်မနည်း အသက်ပေးခဲ့ရတယ်။

အဲဒီရက်တွေရဲ့ နောက်ပိုင်း တခြားပြည်နယ်တွေ တိုင်းတွေက မြို့တွေမှာ ဘယ်လိုဆန္ဒပြနေတယ် ဆိုတာမျိုးတေ၊ွ ဘယ်လို စစ်တပ်က ပစ်ခတ်တယ် ဆိုတာမျိုးတွေ ကြားနေရတယ်။ မာရှယ်လောကလဲ မရုပ်သိမ်းသေးဘူး။ ကျမတို့မြို့မှာ တနိုင်ငံလုံးက ပြည်သူတွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒမရှိဘူးလား။ ဒီလိုအေးအေးချမ်းချမ်း ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တဲ့ အစိုးရကို မတော်လှန်ရဲတော့ဘူးလား ။ ကျမတို့ အုပ်စုတွေရဲ့ ရင်ထဲကို ဒီမေးခွန်းတွေက ၀င်လာနေတယ်။ ကျမတို့ ဒီတိုင်းမနေနိုင်တော့ဘူး။ တနိုင်ငံလုံးက ပြည်သူတွေနဲ့ အတူလက်တွဲပါဝင်ဖို့ ကြိုးစားကြမယ်လို့ တိုင်ပင်ကြတယ်။ ကျမတို့ တိုင်ပင်နေကျ သူငယ်ချင်းတွေနဲ့ သြဂုတ်လ ၂၄ ရက်နေ့မှာ ဆန္ဒပြမယ် ။ သေနတ်နဲ့ ပစ်ရင်လဲ ခံကြမယ်။ တခြားမြို့တွေရဲ့ ဆန္ဒပြမှုကို ထောက်ခံရမယ် ဆိုပြီး ဆုံးဖြတ်ကြတယ်။

ဖြစ်ချင်တော့၂၄ရက်နေ့မှာ မနက်ပိုင်း ဆုံကြမယ်လို့ ချိန်းထားတဲ့ အထက ၁ ကျောင်းဝင်းထဲမှာ တိုင်းမှုးက စည်းဝေးပွဲ လာလုပ်တော့ အစောင့်တွေ ချပစ်တယ်။ ဒါနဲ့ နောက်တနေရာကို အမြန်ပြောင်းဖို့ စဉ်းစားပြီး ဘုန်းကြီးကျောင်းကို ရွေးတယ်။ နိဂြောဓါလမ်းထဲက ခါတော်မီဘုန်းကြီးကျောင်း ကိုချိန်းလိုက်တယ်။ ပြောထားတဲ့ လူတွေအကုန် လိုက်မပြောနိုင်တော့ဘူး။ ဒါနဲ့ အဲဒီဘုန်းကြီးကျောင်းမှာ လူစုတော့ တံခါးချပ်ကြားက စောင့်ကြည့်နေရတယ် ။ ၀င်လာတဲ့လူတွေကို တိတ်တိတ်လေး အခန်းတခုထဲထည့်ထားပြီး စောင့်နေကြရတယ်။ ကျမအဲဒီကို သွားတော့ မိန်းကလေးတယောက်တည်း ဖြစ်နေတယ် ဆိုပြီး ပြန်လွှတ်တယ်။ မပြန်ဘူးနော် ပြန်ဆိုရင်တော့ ငါက တိုင်းကောင်စီကို သွားတိုင်ပစ်မှာလို့ အကျပ်ကိုင်လိုက်ရတယ်။ (အခု ကျမရဲ့ ပီအေက အဲဒီတုန်းက ပြန်မလွှတ်ပါနဲ့ သူလိုက်ချင်ရင် လိုက်ပါစေ လို့ ပြောတဲ့ဘက်က။ )

ကျမတို့ အားလုံး မထွက်ခင် စာရင်းကောက်တော့ စုစုပေါင်း ၃၄ ယောက်တိတိဖြစ်တယ်။ အများစုက တက္ကသိုလ်ကျောင်းသားတွေ၊ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ် ၊ စိုက်ပျိုးရေးတက္ကသိုလ်၊ သွားဆေးတက္ကသိုလ်၊ ဂုဏ်ထူးတန်းကျောင်းသား ပုသိမ်ကောလိပ် ကကျောင်းသား စသဖြင့် ပါတဲ့အပြင် ကျောင်းဆရာတချို့လဲ ပါတယ်။ ၃၄ ယောက်လုံး တန်းစီပြီး အလံတိုင်မှာ နိုင်ငံတော်သီချင်းဆိုကြတယ်။ အခုဆန္ဒပြတဲ့လူတွေကို သေနတ်နဲ့ ပစ်ပြီး ဖြိုခွဲနိုင်တယ်၊ အဲဒီအခါ လူစုမခွဲပဲ အားလုံးရင်ဆိုင်ကြမယ်လို့ သစ္စာပြုကြတယ်။

ဘုန်းကြီးကျောင်းထဲက စထွက်တော့ ကြွေးကြော်သံတွေ အကျယ်ကြီးအော်ထွက်ကြတယ်။ အသံတွေ ကြားတာနဲ့ လူတွေ နောက်က လိုက်လာကြတယ်။ ကျမက မိန်းကလေးလဲ ဖြစ် တယော က်တည်းလဲ ဖြစ်တော့ အရှေ့ဆုံးကနေ သွားနေရင်း နဲ့ဘေးကရပ်ကြည့်တဲ့ လူတွေကို စကားပြောသွားတယ်။ တနိုင်ငံလုံးက ပြည်သူတွေ ရင်ဆိုင်နေကြရတဲ့ မတရားမှုတွေ ကို ကျမတို့ အတူတူရင်ဆိုင်ကြမယ်၊ ရပ်ကြည့်မနေပဲ ကျမတို့နဲ့ပုးပေါင်းကြပါလို့ ပြောတာပဲ။ ကြွေးကြော်သံတွေ တိုင်လိုက် ဘေးက ပြည်သူတွေကို ဖိတ်ခေါ်လိုက်နဲ့ ကျမတို့နောက်မှာ လူတွေ များလာတယ်။

ပုသိမ်မြို့မှာ အမြင့်ဆုံးနေရာဖြစ်တဲ့ စာတိုက်ကုန်းလို့ခေါ်တဲ့ လမ်းလေးခွဆုံနေရာကို ရောက်လာတယ်။ အဲဒီလေးခွဆုံရဲ့ တဘက်မှာ စာတိုက်၊ တဘက်မှာ ဗိုလ်တဲ၊ တဘက်မှာ သစ်တောရုံး၊ နောက်တဘက်ကလဲ ရုံးတခုပဲ။ လူတွေ အများကြီးစောင့်ကြည့်နေကြတယ်။ စာတိုက်ရဲ့ နောက်တဘက်မှာ ရုံးပေါင်းစုံရှိတယ် ၊ မြို့နယ်ကောင်စီ တိုင်းကောင်စီရုံးတွေ ရှိတယ်။ လမ်းခြားရင်ဆေးရုံ၊ ဆေးရုံက ဆရာဝန်တချို့နဲ့ တရားရုံးထဲက ရှေ့နေတချို့နဲ့လဲ ချိတ်ဆက်ဖို့ ပြောထားတော့ ဒီလမ်းဆုံကို ဘယ်ဘက်ချိုးမလဲ ဆိုတာ ရှိလာတယ်။ ဆက်သွားနေရင်း ကုန်းတည့်တည့်ကို ရောက်တော့ ဆေးရုံဘက်ကို ချိုးမယ့်လမ်းပေါ်မှာ စစ်သားတွေက ဒူးထောက်ပြီး ရှေ့ကို သေနတ်နဲ့ချိန်ထားတဲ့ အတန်း တတန်းနဲ့ နောက်က မတ်တပ်ရပ်ပြီး သေနတ်နဲ့ချိန်ထားတဲ့ အတန်းက တတန်း အဲဒီ တန်း ၂ တန်းနောက်မှာ ဂျစ်ကားတစီး၊ ဂျစ်ကားပေါ်မှာ မြို့နယ်ကောင်စီလူကြီး ဗိုလ်ကြီးထင်တာပဲ။ အမိန်ပေးဖို့ အော်လံကြီးနဲ့။ ဆန္ဒပြတဲ့လူတွေ လူစုခွဲဖို့၊ မခွဲပဲ ရှေ့ဆက်မယ်ဆိုရင် ပစ်မိန့်ပေးမယ် ဆိုပြီး ပြောတယ်။ ကျမတို့နောက်က လူတွေလဲ ရှဲသွားပြီး ကုန်းထိပ်တည့်တည့်မှာ အစပိုင်း ၃၄ ယောက်ပဲ တယောက်လက် တယောက်ချိတ်ပြီး မတ်မတ်ရပ်နေကြတယ်။

ချက်ချင်းအမြန်ဆုံးဖြတ်ရမယ် ဆိုတော့ သူတို့ရှိနေတဲ့ဘက်ကို မသွားတော့ပဲ အားလုံးလက်ချင်းချိတ်ရက်ကနေ သူတို့နဲ့ ဆန့်ကျင်ဘက်လမ်းကို ကွေ့ချပြီး ဆက်လျှောက်ကြတယ်။ ကမ်းနားဘက် ကုန်းဆင်းလမ်းကို ရွေးလိုက်တယ်။ နောက်က သေနတ်သံမကြားရဘူး။ ဒါနဲ့ ကျမတို့ကြွေးကြော်သံတွေကို ဆက်အော်ပြီး ကုန်းဆင်းကနေ ဆက်လျှောက်ကြတယ်။ သေနတ်နဲ့ အပစ်မခံရပဲ အဲဒီနေရာက ဖြတ်ကျော်ပြီး ပန်းခြံလမ်းကနေ ကွေ့ပြီး ဘဏ်ရှေ့ကို ချီတက်ကြတယ်။ ပန်းခြံလမ်းကိုကွေ့တဲ့အချိန်မှာ ကျမတို့ သူငယ်ချင်းတွေကို လမ်းဘေးတွေမှာ တွေ့နေရပြီ။ ပထမချိန်းထားတဲ့နေရာတွေမှာ လွဲကျန်ခဲ့သူတွေလဲ လာပေါင်းကြသလို လူထုတွေလဲ ပါဝင်လာပြီ။

နောက်ကိုလှည့်ကြည့်ရင် မဆုံးနိုင်တဲ့ လူထုကိုမြင်နေရတော့ အားတက်ခဲ့ရတယ်။ ဘဏ်ရှေ့ရောက်တော့ ကျမတို့ကို လာပူးပေါင်းတဲ့ ရှေ့နေတချို့နဲ့ ကျောင်းဆရာတချို့ကို ၀တ်စုံတွေနဲ့ တွေ့ရတယ်။ ပုသိမ်မှာတော့ ဘဏ်ရှေ့ လမ်းလေးခွဆုံဟာ မြို့တော်ခန်းမရှေ့လိုပဲ တမြို့လုံးရဲ့ အသည်းနှလုံးနေရာလဲ ဖြစ်နေတယ်။ အဲဒီနေရာမှာ ဘယ်ကရလာမှန်းမသိတဲ့ လျက်ဆားရောင်းရင်ပြောတဲ့ အော်လံအသေးတလုံး ကျမလက်ထဲရောက်လာတယ်။ စကားတွေ တရပ်စပ်ပြောရင်း ကမ္ဘာမကြေ ဗမာပြည် ဒါတို့ပြည် တို့မြေ တို့ပိုင်တဲ့မြေ ဆိုတဲ့ နိုင်ငံတော်သီချင်းကို ပုသိမ်မြို့သူမြို့သားတွေ သံပြိုင်သီဆိုခဲ့ကြတယ်။ နေ့လည်ဘက်မှာ (၂နာရီလောက် ထင်တာပဲ) တနိုင်ငံလုံး ထုတ်ထားတဲ့ မာရှယ်လော ရုပ်သိမ်းကြောင်း မြန်မာ့အသံက ကျေညာတယ်။ ဒီတော့ သပိတ်စခန်းတွေ ဖွင့်ဖို့ လူကြီးတွေက တိုင်ပင်ကြတယ်။ ကျမတို့ထက် စီနီယာကျတဲ့ ပညာရေးမှူးတွေ၊ အထူးကုဆရာဝန်ကြီးတွေ ၊ စက်ရုံမှူးတွေနဲ့ ၇၄ ကျောင်းသားဟောင်းတွေ ပါဝင်တဲ့ သပိတ်ကော်မတီဖွဲ့ပြီး ပုသိမ်မြို့ရဲ့ ၈လေးလုံးလူထုလှုပ်ရှားမှုကြီး အသက်ဝင်ခဲ့တော့တယ်။

ချစ်ခင်စွာဖြင့်
တာဝန်တွေ မကျေသေးတဲ့ ခင်မင်းဇော်

သူ့ဝါသနာ

31 July, 2010 - 14:33

ဇူလိုင်လရဲ့နောက်ဆုံးနေ့ ဆိုတော့ ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပခဲ့တဲ့လလဲ ဖြစ်တော့ ဘောလုံးနဲ့ ပတ်သက်ပြီး ရေးလိုက်ဦးမှ စိတ်ကူးတယ်။ သူများတွေ ရေးတာဖတ်ပြီး ဒီနှစ်ဒီလထဲတော့ ကမ္ဘာ့ဖလားဘောလုံးပွဲကို ကြုံခဲ့ဆုံခဲ့ပတ်သက်ခဲ့တာလေး အမှတ်ရအောင်ပါ။ နောက် ကျမရဲ့  ပီအေ၀ါသနာအကြောင်းလေးလဲ မိတ်ဆက်ချင်သေးတယ်။


မှတ်မှတ်ရရစပြောရရင်တော့...... ဘောလုံးပွဲစဉ်တွေအကြောင်း ပြောကြဆိုကြရင်း ပြိုင်ပွဲစမယ့် ပထမဆုံးနေ့မှာ ချင်းမိုင်ရောက်နေတဲ့ကျမက ဘောလုံးအသင်းအကျီ င်္တွေကို ကျမ ပီအေအတွက် ၀ယ်ပေးချင်စိတ်ပေါက်သွားခဲ့တာက စရမယ်။ ဒီတော့ သူ့ဆီဖုန်းဆက်ရင်း ဘယ်အသင်းတွေကို ကြိုက်သလဲ၊ စာရင်းပေးပါ ၀ယ်လာပေးမယ် ဆိုတော့ အီတလီ၊ ဂျာမဏီ၊ စပိန်၊ ပေါ်တူဂီ နဲ့ အင်္ဂလန်လို့ သူက တခါတည်းပြောတယ်။ ရုံးက အားကစားကဏ္ဍလုပ်တဲ့လူတွေ နေ့စဉ်ဝတ်ပြပြီး အစီအစဉ်တင်ဆက်ဖို့ ၀ယ်နေတာနဲ့ ရောပြီးဝယ်လာပေးဖို့ မှာလိုက်တယ်။ ဒီတော့ တင်ဆက်သူတွေက အမယောက်ျားမှာတဲ့ အသင်းတွေက ဖလားရမယ်မှန်းထားတဲ့ အသင်းပါနိုင်မလားတဲ့။ မသိဘူးလေ သူမှာတာပဲ ဒီအသင်းတွေက ဆိုတော့ ၀ယ်ကို သွားရမယ် ။ ဖလားရမရတော့ မသိဘူး လို့ပြောခဲ့တယ်။

ဝယ်ပေးခဲ့တဲ့ ငါးထည်။ ခု အီတလီ အသင်းအကျီ င်္ပဲ သူယူပြီး ကျန်တာတွေ ရဲဘော်တွေကို ဝေလိုက်ပြီ။

ဒီအသင်းတွေထဲက စပိန်က ဖလားရသွားတယ် ဆိုတော့ကာ အင်းးး သူမှန်းတာ မှန်တယ်ပေါ့။

ဒါပေမဲ့ ငါးသင်းထဲက တသင်းဆိုတော့လဲ မှန်နိုင်တာပဲ မဟုတ်လားးး။ နောက်ပြီး စိတ်ကူးနဲ့ လောင်းသမျှလဲ အကုန်နိုင်တယ် ဆိုပဲ။ အဲဒါနင်တကယ့် ပိုက်ဆံနဲ့ မလောင်းလို့ နိုင်တာလို့ ပြောထားရတယ်။


ဘောလုံးနဲ့ ပတ်သတ်ပြီး သူ့ဝါသနာကို ပြောပြချင်သေးတယ်။

ဘောလုံး ဆိုတဲ့ အသံကြားလို့ မရသူတွေထဲမှာသူလဲ ပါတယ်။ ဘောလုံးပွဲ ကြည့်တာ ၀ါသနာပါသလို ကိုယ်တိုင်လဲ ကန်သလားမမေးနဲ့၊ သူများအသင်းတွေကန်တာကိုလဲ မစားရ၀ခမန်း ဝေဖန်စမြုံ့ပြန်တတ်သလို ဘောလုံး ကန်ဖို့ဆို ဘယ်အချိန်ခေါ်ခေါ် ထလိုက်ဖို့ ၀န်မလေးသူ။ ၈၈ဖြစ်တော့ တောခိုခဲ့မိလို့ပေါ့ ။နို့မို့ သန်းတိုးအောင်တို့တောင် နိုင်ငံလက်ရွေးစင် ဖြစ်ခွင့်မရှိဖြစ်သွားမှာ သိလား။


ခု ဒီမှာ အသက် ၄၀ အထက် ကမ္ဘာ့ဘောလုံးပွဲ လုပ်သင့်တယ် ဆိုတဲ့အဆိုကို ဖီဖာမှာ တင်သွင်းဖို့ ပြင်ဆင်နေကြတာ သူတို့ အဖွဲ့ပေါ့။ သံလွင်ဘောလုံးအသင်းဆိုပြီး ဖွဲ့ထားလိုက်ကြတာ လူဦးရေက ၃၀ လောက်ရှိတယ်။ အသက်က ၄၀အောက်မရှိဘူး။ ၃၅အောက်တွေကို သံလွင်လူငယ်အသင်း ဆိုပြီး ခွဲထားသေး။ အမယ် သူတို့ လူကြီးအသင်းက ၀င်ကြေးလဲ ရှိ၊ လစဉ်ကြေးလဲ ရှိတယ်။ နောက် ၀တ်စုံကလဲ ၂ မျိုး ၃မျိုးနဲ့။ ဟိုအသင်းနဲ့ ချိန်းကန် ဒီအသင်းနဲ့ ချိန်းကန်ကလဲ ရှိသေး။ ကန်တာကတော့ ကွင်းသေး ၇ ယောက် ကွင်းပဲ။ တနာရီကို ဘတ် တထောင်တန် မြက်ခင်းတုနဲ့ ကွင်း၊ လဲလိုက်တာ လူကလဲ ပြောမနေနဲ့ အကန့်အသတ်မရှိ။ ဘယ်လောက်တောင် လဲ သလဲ ဆိုရင် ပထမပိုင်း နာရီဝက်မှာတင် အဲဒီလူတယောက်က ထွက်လိုက်ဝင်လိုက် ၃ ခါလောက် လုပ်ပြီးပြီ။ နောက် လူကျွံဘောမထားဘူး ဆိုတော့ တဘက် ဂိုးစည်းနားမှာ တယောက်က အသေကျွံထားသေး။ သူများနဲ့ ချိန်းကန်ဖို့ မရှိရင် ကိုယ့် အသင်း ထဲမှာ ၂ သင်းခွဲကန်ပြီး ငြင်းကြခုန်ကြသေး။

ကျမပီအေရဲ့ ကစားကွက်

ကျမကတော့ အဲဒီစနေ တနင်္ဂနွေ ပွဲတိုင်း လိုက်ကြည့်တယ်။ ရယ်ချင်လို့လေ။ ကိုယ်လဲ အကြောအချင်ပြေ ၊ ထူးခြားချက် တခုကို တိုးတိုးပြောပြရဦးမယ်။ ကျမ အားပေးတဲ့အသင်းက အမြဲရှုံးတယ်လေ။ ဒီနေ့ ဆို ချင်းမိုင်က အုပ်စုက လာကန်တော့ ကျမကို ချင်းမိုင်ဘက်ကို အားပေးတဲ့ ။ သူတို့ အသင်းက ပြောလာတယ်။ ချင်းမိုင်ဘက်က ဂိုးသမားမောတော့ ဒီဘက် အသင်းက ဂိုးသမားက ၀င်ဖမ်းပေးတာပဲ။ အံမယ် အဲဒီဘက်က ဖမ်းပေးတော့မှ လက်စွမ်းပြချက်က တဒိုင်းဒိုင်းသွင်းတာတောင် မ၀င်ဘူး။ ဒါပေမဲ့ လည်းးး ကျမ အားပေးတဲ့အသင်း ဆိုတော့ကာ ထုံးစံကို ဖျက်မရသေးဘူး။ သူတို့ ၆ ဂိုး ၅ ဂိုးနဲ့ ရှုံးသွားလေတယ်။ အမယ်.. ဒီမှာ နောက်ဆုံး အနိုင်ဂိုး ၆ ဂိုးမြောက်ကို သွင်းလိုက်တဲ့လူက နောက်တန်းတာဝန်ယူထားရတဲ့ ကျမရဲ့ ပီအေ လေ။

နောက်တန်းကလဲ ဂိုးသွင်းချင်သေး(နံပါတ် ၆ က ပီအေပေါ့)

သူတို့တွေလားးး အဲလိုပဲလေ နောက်တန်းကလဲ ဂိုးသွင်းလိုသွင်း၊ ရှေ့တန်းကလဲ ဂိုးသမားနဲ့ အပြိုင် ဂိုးပေါက်နားမှာ ကာလိုကာနဲ့။ ဒါပေမဲ့ သူတို့ အပတ်စဉ် စနေ တနင်္ဂနွေတိုင်း ဘောကန်လိုက်ရမှာ နေသာထိုင်သာ ရှိကြတယ်တဲ့။ ထူးတဲ့ဝါသနာ……

ချစ်ခင်စွာဖြင့်

ခင်မင်းဇော်

အတိတ်ရဲ့ခြေရာ

17 July, 2010 - 17:35
ဒီလဆန်းပိုင်းက ချင်းမိုင်ရောက်နေတုန်း မနက် ၅ နာရီခွဲလောက်ဖုန်းမြည်လာတယ်။ အရေးကြီးလို့ ဆက်တယ် ထင်တယ် ဆိုပြီး အိပ်ချင်မူးတူးနဲ့ ဖုန်းကိုင်တော့ လုပ်ဖော်ကိုင်ဘက် တယောက်က အမ ကျနော့်သားတော့ ခုမနက်ပဲ ဆုံးသွားပြီတဲ့။ အသက် ၁၃ နှစ်ပြည့်ကာစ သူ့သားကို မျက်စိထဲ ပြေးမြင်လိုက်ပြီး ဘာမှတောင်မပြောနိုင်ဖြစ်ခဲ့ရတယ်။ ဘယ်လိုမှ ဆက်အိပ်မရတော့ပဲ မျက်စိလဲကြောင် လူလဲ ငေါင်သွားတယ်။

စိတ်တွေက ၁၉၉၇ ခုနှစ်ခုလို မိုးတွင်းကာလကို ပြန်ရောက်သွားခဲ့တယ်။ ၁၉၉၇ ခုနှစ်ရဲ့ သြဂတ်စ်လ တရက်နေ့ နေ့လည် ၁၁ နာရီမှာ သားကြီးကို မွေးခဲ့တယ်။ သားမွေးရင် အံ့မင်းဇော်လို့ မှည့်မယ် ။ သမီးမွေးရင် ခင်မင်းဇော်လို့ မှည့်မယ်လို့ နာမည်ရွေးထားခဲ့တဲ့ အတွက် သားနာမည် အံ့မင်းဇော် ပေါ့။ ဒါပေမယ့် မနက် ၆ နာရီကတည်းက ရေမွှာပေါက်ပြီး မမွေးနိုင်ဖြစ်နေတာမို့ ညှပ်ဆွဲမွေးခဲ့ရတဲ့ သားက အသက်မရှည်ရှာဘူး ။ နောက်နေ့ နေ့လည် ၂ နာရီလောက်မှာ ဆုံးသွားခဲ့တယ်။ သားက အချင်းလည်ပင်းပတ်နေတာတဲ့။ ဒါ့ကြောင့် သူက ရေတွေ မွန်းခဲ့တယ် ထင်ပါတယ်။ နောက် ကလေး ကိုယ်ဝန်ရှိနေတာ မသိပဲ ငှက်ဖျားဒေသတွေ ခရီးထွက်နေတော့ ငှက်ဖျားကာကွယ်ဆေးတွေ သောက်နေတာလဲ ပါမယ် ထင်ပါရဲ့။

ပထမဆုံး ကိုယ့်ရဲ့ သားဦးမွေးတော့ အနီးအနားမှာ မိန်းမဖော်လဲ မရှိ။ ဆွေမျိုးသားချင်းမရှိ၊ နောက်ဆေးရုံမှာလဲ တကယ့်ကျွမ်းကျင်သူ အိုဂျီမရှိ၊ ခွဲစိတ်ဆရာဝန်မရှိ၊ ဖရူဆိုဆေးရုံကို သွားစစ်ဆေးနေတယ် ဆိုလား။ လွိုင်ကော်ဆိုတာ ကယားပြည်နယ်ရဲ့ မြို့တော်ဆိုပေမယ့် နယ်ဆေးရုံဆိုတော့ ဘာမှ ပြည့်ပြည့်စုံစုံမရှိတဲ့ အချိန်ပေါ့။ ကလေးညှပ်ဆွဲမွေးပေးတဲ့ ဆရာဝန်မငယ်ငယ်လေး နာမည်က နွယ်နွယ်ဝင်းတဲ့။ သူတယောက်တည်း ညှပ်ဆွဲတာ မနိုင်တော့ နောက်ထပ် ဆရာဝန်ငယ်ငယ်လေး ကောင်းမြတ် ဆိုတာကပါ ၀င်ဆွဲပေးရသေးတာကလား။ မွေးခန်းထဲမှာ အသံတိတ်နေလို့ အပြင်မှာ စောင့်နေတဲ့ သက်ဆိုင်သူကလဲ ရင်တထိတ်ထိတ်နဲ့။ ကျမတို့ ၂ယောက်တည်းပဲ ရှိနေရတဲအချိန်ပါပဲ။

ကလေးဆုံးတော့ ချက်ချင်းမငိုဖြစ်သေးဘူး။ မွေးပြီးကတည်းက အသက်ရှု ရပ်ရပ် သွားတဲ့ ကလေးနဲ့ ဘာမှ မလုပ်တတ်တဲ့အမေလက်သစ်ရဲ့ ဘ၀ကလဲ ပြန်မတွေးချင်လောက်အောင် စိတ်ညစ်ခဲ့ရတာပဲ။ နောက် ကလေးကို အောက်စီဂျင်ပေးရမယ်ဆိုတော့ ပြည်နယ်ဆေးရုံမှာ မရှိလို့ လွိုင်ကော် စစ်ဆေးရုံကနေ သွားငှားခဲ့ရတယ်။ အဲဒီချိန်တုန်းက ကယားအထူးဒေသ (၃) ရဲ့ ဆက်ဆံရေး တာဝန်ခံ လုပ်နေရတဲ့ ကျမ ပီအေက သွားငှားတော့ ထောက်လှမ်းရေးက တော်တော်ကူညီခဲ့တာပဲလေ။ စစ်ဆေးရုံမှာ ရှိတဲ့ တလုံးတည်းသော အောက်စီဂျင် ဗူးကို ငှားပေးလိုက်တယ်။ သူတို့နဲ့ ဆက်ဆံနေရတဲ့ လူမို့ထင်ပါရဲ့။

ကလေးကိုယ်ဝန်ကြီးနဲ့တုန်းက အိမ်မှာရောက်နေတဲ့ ရဲဘော်တွေ ဆို စကားပြောဖြစ်တိုင်း၊ နောက် ၁၀ နှစ်ကျနော်တို့ ပြန်ဆုံရင် အံ့မင်းဇော်လေးက တော်တော်ကြီးနေမှာ။ ဘယ်လိုဆော့နေမှာ ဆိုတာမျိုးတွေကလဲ ခဏခဏ ပြောထားတာ ဆိုတော့ ကလေးဆုံးပြီးဆေးရုံးက ဆင်း ၊ အိမ်ပြန်တော့ သူတို့တွေကလဲ မျက်နှာငယ်လေးနဲ့။ ကျမကလဲ သူတို့ကိုတွေ့တာနဲ့ အံ့မင်းဇော်တော့ ပြန်ပါမလာတော့ဘူးဟယ် ဆိုပြီး ငိုတာပါပဲ။( အဲဒီတုန်းက ရောက်နေတာ ထောင်ထဲမှာ ဆုံးသွားတဲ့ သက်ဝင်းအောင် အပါအ၀င် ခု အေအေပီပီ အတွင်းရေးမှူး ကိုတိတ်နိုင် ၊ အာအက်ဖ်အေမှာ လုပ်သွားတဲ့ မင်းဇင်၊ ထောင်တသက်တကျွန်းကျနေဆဲ အကိုကြီးတယောက်။ နောက် အမေရိကားရောက်နေတဲ့ မင်းဇင် သူငယ်ချင်းတယောက်။ )

ဘာပဲ ဖြစ်ဖြစ် အဲဒီသားကြီး ဆုံးသွားတဲ့ အချိန်ကို ဘ၀မှာ မေ့ထားချင်ခဲ့တာ အမှန်ပါ။ ခုပြန်တွေး ပြန်ရေးတော့ ပြန်ခံစားရတယ်။ ကလေးဆုံးသွားတာကို အမေကို တိုက်ရိုက်လာပြောရလား ဆိုပြီး အစိမ်းဝတ်သူနာပြုကြီးက လာဆူတာလဲ သူ ခံနေရတာပဲ။ ကြားခါစက မငိုပဲ ပြီးမှ ငိုတော့ မတိတ်နိုင်ဖြစ်နေတာမို့ အစိမ်းဝတ်ကြီးက သွေးနုသားနုနဲ့ တခုခုဖြစ်မှာ စိုးရိမ်ရှာတာပေါ့။ သူက စိတ်မာပါတယ်လို့ ပြောရင်း ကျမကို ငုံ့ကြည့်တဲ့ မျက်လုံးတွေမှာတော့ စိုးရိမ်စိတ်တွေနဲ့ ။ အဲဒီချိန်တုန်းက လောကဓံကို ၂ယောက်တည်း ရင်ဆိုင်ရတာ ဘယ်တော့မှ မေ့နိုင်မယ် မထင်ဘူး။ ဘယ်တုန်းကမှ ထင်မထားတဲ့ ကိုယ့်ရဲ့ သွေးသားအရင်းအချာ ၊ တကယ့်ကို မျှော်လင့်တကြီးစောင့်ကြိုခဲ့ရတဲ့ သားဦး ဆိုတော့ ကျမအတွက် ရူးမတတ်ဆိုတဲ့စကားကို လက်တွေ့ သိရတဲ့အချိန်ပေါ့။

တချိန်လုံးငိုနေတဲ့ ကျမကို ဘယ်လိုမှ မပြောတတ် မချော့တတ်တော့တဲ့ အချိန်တွေမှာ မဂ္ဂဇင်းတွေထဲက ၀တ္တုတွေ တပုဒ်ပြီး တပုဒ် အသံထွက်ဖတ်ပြခဲ့ရတာ။ စကားပြောနေရင်းက သတိရပြီး ထ ငိုတတ်တဲ့ ကျမကို အကြောင်းအရာရွေးပြီး ပြောခဲ့ရတာ။ ကိုယ့်ကလေးဆုံးတော့ ဘယ်သူ့ကလေးမှ မကြည့်ချင်ဘူး ပြောပြောနေလို့ လူနာလာမေးတဲ့ ရဲဘော်မိန်းမတွေ ကလေးပါရင် ကလေးခေါ်မသွားဖို့ ကလေးအကြောင်းမပြောဖို့ အိမ်ရှေ့က တိတ်တိတ်ကြိတ်မှာရတာ။ ကိုယ်ငိုနေရင် ကိုယ့်မျက်လုံးတွေ သေချာကြည့်နေရတာ (ရူးသွားမှာ စိုးလို့တဲ့ ) အဲဒါတွေကို ခုနောက်ပိုင်းမှာ ပြန်ပြောပြခဲ့တာပါ။ အဲဒီတုန်းကတော့ မိဘတွေရဲ့ စွန့်ပစ်ခံမို့ တနယ်တကျေးမှာ တော်တော့်ကို ခံစားရတဲ့အချိန်ပေါ့။

ကလေးဆုံးပြီး ဆေးရုံကဆင်း။ နောက် ဆေးရုံကိုထပ်သွားပြရတဲ့အချိန်မှာတော့ အိုဂျီ ဒေါ်ခင်ထားရီ ဆိုတာ အင်္ဂလန်က ပြန်ရောက်ခါစ တာဝန်ကျလာတယ်၊ သူက အကျိုးအကြောင်းမေးရင်း ဌာနက ဆရာဝန်တွေကို နိုင်ငံခြားမှာ ဆိုရင် အဲဒါ တရားစွဲလို့ ရတယ်တဲ့။ သူဆေးရုံကို အချိန်မီရောက်ရဲ့ သားနဲ့ မွေးချိန်ကအရမ်းနောက်ကျနေတယ်တဲ့။ ကိုယ်ရှိတုန်း ထပ်ယူပါလား ။ ကိုယ် သေချာ မွေးပေးခဲ့မယ်။ ယူ့ကို ခွဲမွေးပေးခဲ့မယ် တဲ့။ အဲဒီဆရာမကတော့ ကလေးထပ်ယူဖို့ အားပေးခဲ့တယ်။ နောက်ထပ်ကလေးတောင် မယူချင်လောက်အောင် စိတ်ဓါတ်ကျနေတဲ့ကိုယ့်ကို ဆေးရုံ သွားပြတဲ့အခါတိုင်း တိုက်တွန်းလို့ ။ ကျမနဲ့လဲတော်တော်ခင်သွားတယ်။ (နောက်ပိုင်း သူပုသိမ်ဆေးရုံကြီးကို ပြောင်းလာရတော့ သူ့နဲ့ ဆုံခဲ့ရသေးတယ်။) အင်္ဂလန်ပြန်ပေမယ့်သဘောထားပြည့်တဲ့ ဆရာဝန်မတယောက်ပါပဲ။ သူ့အားကိုးနဲ့ ခုသားသားကို ကျမတို့ ယူခဲ့မိတယ်။ သားကိုခွဲမွေးပေးခဲ့ပြီး နောက်တပတ်ဆို သူပြောင်းသွားတော့တယ်။

အချိန်မတိုင်မီ ဘ၀ထဲက ထွက်သွားခဲ့ရတဲ့ ကလေး၊ ဖြူစင်ပြီး ဘာဆိုဘာမှ မသိသေးတဲ့ကလေး။ လူ့ဘ၀ရဲ့ အစမှာကတည်းက ဝေဒနာတွေ ခံစားသွားရတဲ့ ကလေးမို့ ပြန်တွေးမိတိုင်း ကိုယ့်ကိုယ်ကိုယ် ပဲ အပြစ်တင်ချင်တယ်။ ဒီကလေးကို ဘာလို့ရှင်အောင်မမွေးနိုင်ခဲ့ရတာလဲ ဆိုတာ။ အဲဒီတုန်းက ကလေးမွေးပြီးခါစ အနှီးတွေပဲ ရှိပြီး ကလေးအကျီ င်္တောင်မ၀ယ်ထားခဲ့မိတဲ့အဖြစ် ။ ဘာဆိုဘာမှ မသိခဲ့တဲ့ အဖြစ်ပါ။ နောက်ဘ၀ဆိုတာများရှိခဲ့ရင် ဒီသားကြီးနဲ့ပြန်ဆုံချင်ပါသေးတယ်။ ခုဘ၀မှာ မပြုစုလိုက်ရတာ။ ဘာမှ အတွေ့အကြုံမရှိတော့ ဘယ်လိုမှ မပြုစုတတ်တာကြောင့်လား ဆိုတာ တွေးမိတိုင်းယူကျုံးမရဖြစ်ရတယ်။ တခါတလေ မိသားစု ပျော်ရွှင်မိတဲ့အချိန်တွေမှာ သူ့ကို သတိရမိသေးတယ်။ ဒီသားကြီးသာ ရှိရင် …. ဆိုတာကို ခဏခဏတွေးမိတယ်။
တကယ်လို့ သူသာ ရှိနေရင် အခုဆို အသက် ၁၃ နှစ်ပြည့်တော့မယ်ပေါ့။

ခုချိန်မှာတော့ အသိတွေရဲ့ ကလေး ဆုံးတယ် သတင်းတွေ ကြားတိုင်း အသစ် ပြန်ဖြစ်တုန်းပါပဲ။ ကိုယ့်တုန်းက တရက်သားလေးတောင်မှ ဒီလောက်ခံစားရတာ ။ နည်းနည်းကြီးလေ ပိုခံစားရလေ ဖြစ်မှာဆိုတာကို ကိုယ်ချင်းစာနိုင်တယ်။ လောကဓံတရား ၈ ပါးထဲမှာ ခံစားခဲ့ဘူးတာတွေက ကြီးမားလွန်းပါတယ်လေ။


ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

အသွင်တူ၏မတူ၏

7 July, 2010 - 16:16
ချစ်သောသက်ဝေညီမကို တဂ်ပါလို့ တိုက်တွန်းလိုက်မိတဲ့ အတွက်ရေးရပါတော့မယ်။

ချစ်သောသူတယောက် ကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ်ခင်က သူ့မှာ ရှိတဲ့ အကျင့်တွေကို သတိမထားမိခဲ့ပါဘူး။ အိမ်ထောက်ဘက်ဖြစ်တော့မှ သိသိသာသာ ထိုးထွက်လာတဲ့အကျင့်တွေထဲမှာ ကျမတခါမှ မထင်မှတ်ထားတဲ့၊ မယုံနိုင်တဲ့ အကျင့်တွေ မြင်လိုက်ရတော့ အံ့သြမိတာတွေ ရှိခဲ့တာကတော့ ကိုယ်တိုင်ကြုံမှ သိနိုင်ပေလိမ့်မည် လို့ ပြောရမယ်။

အထူးခြားဆုံးဖြစ်ပြီး ကျမနဲ့ အဆန့်ကျင်ဆုံးအကျင့်ကတော့ သူ့ရဲ့ နားထောင်နိုင်စွမ်းပဲ ဖြစ်ပါတယ်။ လူတကာရဲ့ ရင်ဖွင့်သံကို နားထောင်ပေးတာ အဲဒီလိုနားထောင်တဲ့အခါမှာလဲ စိတ်ပါလက်ပါ နားထောင်တာ တော်တော့်ကို သြချရပါတယ်။ အစည်းအဝေးတွေမှာ ၊ အပ်ကြောင်းထပ် စကားပြောတတ်သူတွေနဲ့ ဆုံတွေ့နေရတဲ့အခါ၊ ခပ်ဝါ၀ါ စကားကြောရှည်သူတွေနဲ့ တွေ့တဲ့အခါ မျက်နှာတချက်မပျက်ပဲ နားထောင်နေတတ်တာ။ ဒါ့အပြင် သူသိပြီးသား ကိစ္စတခု ဒါမှမဟုတ် သူပါဝင်ပတ်သတ်ခဲ့တဲ့ကိစ္စတခု အဲလိုမျိုးကို တခြားတယောက်က သူလုပ်သယောင် ကြွားဝါ လိမ်ညာနေတာမျိုးကိုလဲ နားထောင်ပေးနေနိုင်စွမ်းရှိနေပြန်ပါတယ်။

ကျမကတော့ အဲဒါနဲ့ ဆန့်ကျင်ဘက်။ လိုရင်းမပြောပဲ ပေရှည်နေတဲ့ လူများတွေရဲ့ စကားကို စိတ်မ၀င်စားတတ်သူဖြစ်သလို သိပြီးသားတခုခုကို လာပြောနေရင်လဲ အောင့်ပြီး နားထောင်မနေချင်လို့ သိပြီးပြီလို့ ဖြတ်ပြောတတ်သူ။

ဘယ်သူနဲ့မှ စကားများဖို့ ငြင်းခုန်ဖို့ မရှိတဲ့ သူနဲ့ ကိုယ်သေချာသိတဲ့အကြောင်းအရာဆို အသေငြင်းမယ်ဆိုတဲ့ကျမနဲ့က တလမ်းစီဖြစ်နေမလား။

ကျမက ကိုယ်နဲ့ မဆိုင်လဲ မတရားဘူးထင်ရင် အမုန်းခံ ပြောတတ်သလောက် သူက သူ့ကိုစော်ကားသူကိုတောင် ဖြေးဖြေးညင်သာဆက်ဆံတတ်သူ။သည်းခံစိတ်များလွန်းလို့ ဘေးက ကျမက မနေနိုင်မထိုင်နိုင် ၀င်ပြောရင်း အသားလွတ်လူမုန်းများသူ ဖြစ်ဖြစ်လာရတာ ဒင်းကြောင့်။

သူကနာမည်တွေ ဂဏန်းတွေကို မှတ်နိုင်သလောက် ကျမက လူနဲ့နာမည်တွဲ မမှတ်မိတတ်သလို သူ ရှိနေတာမို့ ဘာကိုမှလဲ ထူးမမှတ်တော့။

ကျမက ခံစားမှုကို လှုပ်လှုပ်ခတ်ခတ်ဖေါ်ပြတတ်သူဖြစ်ပြီး ဘာမှမကွယ်ဝှက်နိုင်သူ၊ သူက ခံစားမှုကို အပြင်က မသိအောင် ထိန်းချုပ်နိုင်သူ။

လဘက်ရည်ကို စွဲစွဲမက်မက် ကြိုက်တဲ့ ကျမနဲ့ ယောက်ျားဖြစ်ပြီး လဘက်ရည်မကြိုက်တဲ့သူ။

ကျမကခေါင်းချတာနဲ့ အိပ်ပျော်တတ်သူ ဖြစ်ပြီး သူက အိပ်ဖို့တော်တော်အချိန်ယူရသူ။
ထူးခြားတာက အဲလို အိပ်ပျော်လွယ်တဲ့ ကျမက လူတွေရဲ့ အပြစ်အနာကို ချက်ချင်းမြင်တတ်သူ ဖြစ်ပြီး သူက လူတိုင်းကို အကောင်းမြင်တတ်သူ ဖြစ်နေတာပါပဲ။

ရေကို မက်မက်စက်စက် သောက်တတ်တဲ့ ကျမကို တအံ့တသြ ဖြစ်နေတတ်တဲ့ သူ့ကို ရေသောက်ဖို့ ခဏခဏ သတိပေးရတာကလဲ ကျမပါ။

ရေသောက်သလို ရေချိုးဖို့ ကျမမပြောမချင်း မချိုးတဲ့ သူနဲ့ ရေချိုးပြီးစ အချိန်ဆို ကိုယ့်ကိုယ်ကို သိပ်ကြိုက်တယ် ဆိုပြီး ခဏခဏ ရေချိုးတဲ့ ကျမက တကယ့်ဆန့်ကျင်ဘက်။

မီးဖိုချောင်ထဲမှာ ချက်ပြုတ်အချိန်ကုန်တာကို မကြိုက်တတ်ပဲ ၀ယ်စားလိုက် လွယ်တယ် ဆိုတဲ့ သူနဲ့ ကိုယ်တိုင်ချက်ပြုတ်ရတာ ကိုယ်တိုင်လုပ်ရတာကြိုက်တဲ့ ကျမက အံမ၀င်ချင်သလိုလို။

ကျမတို့ ၂ယောက်မှာ တူညီတာကတော့ အ၀တ်အစားတွေ ပစ္စည်းတွေကို အိမ်မှာ အများကြီး မထားတတ်တာ။ နည်းနည်းများလာရင် ဘယ်သူ့ပေးရမလဲ စဉ်းစားကြတာ၊ ဘာမှမစုဆောင်းတတ်တာ၊ ကိုယ့်ဆီက ပိုရင်စုဆောင်းတာထက် လိုတဲ့လူကို ပေးလိုက်တာ ပိုမြတ်တယ်လို့ ခံယူတာချင်းတူတာမို့ ထင်ပါရဲ့။ ဘုရားတရားမှာ တအားလေးလေးနက်နက် မလိုက်စားတာချင်းလဲ တူပါတယ်။(နတ်ပြည်ကိုတယောက်တည်း မရောက်ချင်ကြလို့ဖြစ်မယ်)
သီချင်းပြိုင်တူညည်းမိရင်တောင် တူနေတတ်ပါသေးတယ်။
ကိုယ်လုပ်ချင်တာကို လုပ်တဲ့နေရာမှာ ခေါင်းမာတာကတော့ တူတာမှ တပုံစံတည်း။

အတူဆုံး ထပ်တူအကျဆုံး စကားတခွန်းကတော့ တယောက်နဲ့တယောက် တွေ့လို့ အရင်ဆုံးမေးတဲ့ မေးခွန်းပါ။ သားသားဘာလုပ်နေလဲ ဆိုတဲ့အမေးစကားပါပဲ။


တထိုင်တည်းစဉ်းစားရမိသလောက် ချရေးကြည့်တာပါ။ သက်ဝေညီမကျေနပ်မယ် ထင်ပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

အန်တီစုပြီးရင် ကိုယ်

21 June, 2010 - 02:47
ခေါင်းစဉ်ကြည့်ပြီး တလွဲတော့ မတွေးလိုက်ကြပါနဲ့။
အန်တီစုမွေးနေ့ပြီး တရက်ကျော်မှာ ကျမရဲ့ မွေးနေ့ပါလို့ ပြောချင်တာပါ။(အနှစ် နှစ်ဆယ်တိတိ ကွာခြားပါတယ်)
ဒီနေ့တော့ ဘလော့လာ ရွှေပရိတ်သတ်များကို ကျမ်းခန့်သာလို့ မာပါစေလို့ ဒီစာမျက်နှာပေါ်ကနေ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ဘလော့လေး စတင်ရေးသားခဲ့တဲ့ ၃ နှစ်ပြည့်လဲ ဖြစ်တာမို့ ကျမ သိစေချင်တာ ခံစားစေချင်တာ ဝေမျှချင်တာတွေကို လာရောက်ဖတ်ရှုအားပေးခဲ့ကြတဲ့ စာဖတ်သူ ဘလော့ဖတ်သူများကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။ မိတ်ဆွေသူငယ်ချင်းဘလော့ရေးဖော်ရေးဖက်အနေနဲ့ လှည့်လည်ဖတ်ရှုဖို့ရောက်လာသည်ဖြစ်စေ။ မျက်စိလည်လမ်းမှားလို့ ဖြစ်စေ တမင်လာရောက်အားပေးကြသည်ဖြစ်စေ၊ ကောမန့်တွေနဲ့ အားပေးသည်ဖြစ်စေ၊ ကောမန့်မချပဲ တိတ်တဆိတ် ပြန်လှည့်သွားသူဖြစ်စေ အားလုံးကို ကျေးဇူးတင်နေမှာပါ။ ကျမရဲ့ ဘလော့မှာ တင်ထားသမျှအားလုံး စာဖတ်သူ တစုံတရာ(အချစ်၊ အမုန်း စသဖြင့် ရသ၉ပါး တပါးပါး) ခံစားရရှိသွားစေဖို့ ရည်ရွယ်ပါတယ်လို့လဲ ပွင့်ပွင့်လင်းလင်းဝန်ခံပါရစေ။

မအားတာနဲ့ ရေးဖို့ပျင်းနေတာကြောင့် အရင်ကလို ၀တ္တုတို ရှည်လေးတွေ မရေးဖြစ်နေတာကိုလဲ စိတ်ထဲမှာ ၀မ်းနည်းနေမိတယ်။
ကျမ စာရေးဆရာမ မဟုတ်ပေမယ့် ပရိတ်သတ်ကို ဆွဲငင်ဖမ်းစားနိုင်တဲ့အရေးအသား ဇာတ်အိမ်ကြီးတွေနဲ့ စာရေးဆရာမတဦးဖြစ်ချင်ပါတယ်။ အဲဒီအတွက် ဇွဲ ရှိဖို့ လုံ့လစိုက်ဖို့ ကိုယ့်ကိုယ်ကို အသိပေးနေဆဲပါ။

ဒါနဲ့ပဲ အသက်တနှစ်ကြီးလာပြန်တယ်။
ဘာပဲဖြစ်ဖြစ် ကိုယ်ဖောက်တဲ့လမ်း ကိုယ်လျှောက်တဲ့လမ်းကို ဆက်လက်လျှောက်လှမ်းနေဦးမယ်။
ကိုယ့်ရွေးချယ်မှုကို ယုံကြည်ချက်က တွန်းအားပေးပါတယ်။
ကျမကို ကျေးဇူးမတင်ကြပါနဲ့။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

နောက်ကျဆုတောင်းး

20 June, 2010 - 13:38





ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက်မွေးနေ့ ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ကျင်းပခဲ့တာ ဒီနှစ်မှာ ၁၄ ကြိမ်ရှိပြီဖြစ်ပါတယ်။ မဲဆောက်နဲ့ ဝေးရာကနေ ဖုန်းတလုံးနဲ့ နောက်ဆံတင်းခဲ့ရတဲ့ ဒီနှစ်အခမ်းအနားကို အမှီရောက်အောင်ပြန်လာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သိုက်မြိုက်စည်ကားတဲ့ အခမ်းအနားကြောင့် ရင်ထဲမှာ ၀မ်းသာဝမ်းနည်းခံစားရတယ်။
အဲဒီပွဲမှာ အန်တီ့အကြောင်းပြောကြတော့ မျက်ရည်ခဏခဏ လည်မိတယ်။ နှလုံးသားက သိပ်များနုနေသေးသလား။ ခံစားတတ်တာက အသက်အရွယ်နဲ့ ဆိုင်သလား။ သိပ်တော့ နားမလည်ဘူး။ ဒါပေမယ့် ရင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အမေနဲ့ တန်းတူ ချစ်ခင်လေးစားတန်ဖိုးထားတယ်။ ဒါ့ကြောင့်လဲ အန်တီနဲ့ အတူတူ ဒီမိုကရေစီရွှေပြည်သစ်ကို တည်ဆောက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားအကောင်အထည်ဖော်မယ်။ အန်တီ့ရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကျင့်သုံးမယ်။ ဒါက အန်တီ့ရဲ့မွေးနေ့မှာ တယောက်တည်းပေမယ့် တည်မြဲမယ့် သစ္စာဓိဌာန်ပါပဲ။

ယာယီခရီးကိစ္စနဲ့ ဒီအခမ်းအနား ကျင်းပဖို့ လုံးပမ်းနေတာတဖက်၊ အလုပ်ကတဖက်နဲ့ ဘလော့ဖတ်ကို ခြေဦးမလှည့်နိုင်ဖြစ်နေရပါတယ်။

အန်တီ့မွေးနေ့မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုအချက်တွေကြောင့် လေးစားအတုယူသလဲ ဆိုတဲ့ စကားဝိုင်းကိုလဲ ရိုက်ကူုးခဲ့သေးတယ်။
တကယ်တမ်းပြောကြတော့ အန်တီ့ရဲ့ ဂုဏ်ရည်တွေကို ပြောမကုန်နိုင်ဘူး။ ကိုယ်တိုင် ဒီစကားဝိုင်းရဲ့ အချိန်ကန့်သတ်မှုတွေကို မေ့သွားခဲ့ရတယ်။ တကယ့်အချက်တွေကို အားရပါးရ မပြောလိုက်နိုင်ခဲ့သလိုပဲ။ တထောင့်တနေရာက မြူမှုန်လောက်တော့ ဖြည့်ဆည်းပေးနိုင်လိမ့်မယ်ထင်ပါတယ်။ ကျမရဲ့ ဘ၀ ရည်မှန်းချက် အလုပ်အကိုင် အားလုံးကို ဒီမိုကရေစီတော်လှန်ရေးအတွက်ပဲ ပေးဆပ်ဖို့ ဆုံးဖြတ်ချက်က ပို ပိုခိုင်မာလာတယ်။ (ပေးဆပ်တယ်လို့ ပြောတာ မှားတယ် ပြောကြဦးမလား ။ မကျေနပ်ရင် ကိုယ်ပိုင် ရွေးချယ်မှုလို့ ပြင်ဖတ်နိုင်ပါတယ်)

အန်တီကျန်းမာပျော်ရွှင်နိုင်ပါစေ။ အန်တီ့ရဲ့ ထက်မြက်ခြင်းတွေကို တိုင်းပြည်အတွက် မျိုးဆက်သစ်တွေအတွက် ပေးဆပ်ခွင့်ရပါစေ။ ကုန်လွန်ခဲ့တဲ့အချိန်တွေမှာ အန်တီ့လို ခေါင်းဆောင်တဦးကို ရရှိပိုင်ဆိုင်ရပါလျှက် အသုံးပြုခွင့်မရသေးတဲ့အတွက် တိုင်းပြည်အတွက် လဲ နှမြောတသမိပါတယ်။
ဆုတောင်းတာကို မနှစ်သက်ပေမယ့် အန်တီ့အတွက်တော့ ဒီဆုတွေကို သစ္စာဆို ဆုတောင်းပါတယ်။ အန်တီ့ရဲ့ လမ်းညွှန်ချက် တွေ ၊ ဆုံးမစကားတွေကို တသွေမတိမ်း လိုက်နာကျင့်သုံးနိုင်အောင် အစွမ်းကုန်ကြိုးစားနေပါတယ်။ ဒီသစ္စာစကားကြောင့် အမှန်တရားအတွက်သာ လုပ်ကိုင်ဆောင်ရွက်တတ်တဲ့ အန်တီရဲ့ ရဲရင့်ထက်မြက်ခြင်း အရည်အချင်းအားလုံးနဲ့ တိုင်းပြည်အကျိုးသယ်ပိုးနိုင်ပါစေ။

ချစ်ခင်ခြင်းများစွာဖြင့်
ခင်မင်းဇော်