Democratic Voice of Burma
Updated: 6 hours 34 min ago
Thu, 05/16/2013 - 10:00
မဟာစင် မုန်တိုင်းဟာ အစိမ်းရောင် အဆင့်ပြောင်းပြီး ရခိုင်ကမ်းရိုးတန်း မုန်တိုင်း အန္တရာယ် ကင်းရှင်းသွားပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက နောက်ဆုံးသတင်း ထုတ်ပြန်လိုက်ပါတယ်။
့မြန်မာစံတော်ချိန် ည (၈)နာရီ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ကုန်းတွင်း မုန်တိုင်းငယ်ဟာ အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားကာ လေဖိအားနည်း ရပ်ဝန်းအနေနဲ့ တဖြေးဖြေး အားပျော့သွားကြောင်း မိုးဇလက ခန့်မှန်းလိုက်ပါတယ်။
မုန်တိုင်းရဲ့ လက်ရှိအခြေအနေမှာ အစိမ်းရောင်အခြေအနေကို ရောက်ရှိခဲ့ပြီး၊ရခိုင်ကမ်းရိုးတန်းမှာတော့ မုန်တိုင်းအန္တရာယ်ကင်းရှင်းသွားတဲ့ အခြေအနေဖြစ်ကြောင်း မိုးဇလ ခန့်မှန်းချက်ထဲမှာ ဖော်ပြထားပါတယ်။
မိုးလေဝသဌာနက ညွှန်ကြားရေးမှူး ဦချစ်ကျော်က “အစိမ်းရောင်ရဲ့ အဓိပ္ပာယ်က ဘာလဲဆိုရင် မုန်တိုင်းအန္တရာယ် လုံးဝကင်းသွားပြီ။ သူတို့ ခိုအောင်းနေတဲ့နေရာ၊ ရွှေ့ပြောင်းနေတဲ့ နေရာ၊ ပုန်းခိုနေတဲ့နေရာ၊ မုန်တိုင်းကင်းလွတ်တဲ့နေရာကနေ သူတို့ထွက်လာပြီး သူတို့မြို့၊ သူတို့ရွာ၊ သူတို့အိမ်ကို ပြန်လာနိုင်တဲ့ အခြေအနေကို အစိမ်းရောင်လို့ ပြောတာပါ”လို့ ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ရခိုင်ကမ်းရိုးတန်းတစ်လေ်ွာက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများ တိုက်ခတ်ပြီးလှိုင်းကြီးနိင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင် လေဟာ တစ်နာရီမိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း၊ မဟာစင် မုန်တိုင်းအတွက် နောက်ဆုံးသတင်းကို မိုးဇလ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
Thu, 05/16/2013 - 05:37
မဟာစင်ဆိုင်ကလုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ အခုအချိန်ကစလို့ နေရာကွက်ပြီး မိုးကြီးမယ်၊ လျှပ်တပြက် ရေကြီးတာတို့ မြေကျွံကျပြီး မြေပြိုတာတို့၊ တောင်ပေါ်ကားလမ်းတွေ မြေပြိုကျပြီး ပိတ်ဆို့တာတို့ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သဌာနက ပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း မဟာစင်နဲ့ ပတ်သက်ပြီး မိုးလေ၀သဌာန ညွှန်ကြားရေးမှူး ဦးချစ်ကျော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဆိုင်ကလုန်းမဟာစင် ကုန်းတွင်းဖြတ်ကျော်သွားပြီလို့ သိရပါတယ်။ နောက်ဆုံးအခြေအနေ ပြောပြပေးပါ။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့အနီးကနေ ဖြတ်ကျော်သွားပါတယ်။ ၃ နာရီ ၄၀ လောက်ဖြတ်တယ်။ ကျနော်တို့က ၃ နာရီ မိနစ် ၃၀ တိုင်းထွာချက်တွေကို အခြေခံပြီး ၄ နာရီမှာ သတင်းထုတ်ပါတယ်။ လက်ရှိ ကမ်းခြေကိုဖြတ်ကျော်နေတဲ့ အခြေအနေဖြစ်လို့ အညိုရောင်အဆင့်ပါ။ ”
ရခိုင်ဘက်က မုန်တိုင်းဒဏ်နဲ့ ကင်းလွတ်သွားပြီလို့ ပြောရင်ရမလား။
“မရပါဘူး။ မုန်တိုင်းကမ်းဖြတ်သွားချိန်မှာ ရခိုင်ကမ်းရိုးတန်းဘက်မှာ မောင်တော၊ စစ်တွေခရိုင်တို့မှာ လေဒဏ်၊ မိုးဒဏ်ခံနေရတယ်။ ဘယ်လောက်ထိခိုက်တယ်ဆိုတာ မသိသေးဘူး။ ခန့်မှန်းထားတာတော့ မောင်တောကမ်းခြေမှာ ပထမ ရေလှိုင်းအမြင့် ခန့်မှန်းတာ ၈ ပေ ကနေ ၁၀ ပေအထိ။ ဒါပေမယ့် မုန်တိုင်းက ပထမကမ်းဖြတ်ခါနီးမှာ အင်အားနည်းနည်းလျော့သွားတယ်။ လေတိုက်နှုန်းကလည်း ၁ နာရီ မိုင် ၅၀-၆၀ ပြန်ကျသွားတယ်။ ဒါကြောင့် လေတိုက်နှုန်းခန့်မှန်းချက်ကို ၁ နာရီ မိုင် ၅၀၊ ၆၀ တိုက်နိုင်တယ်။ မုန်တိုင်းကြောင့် မြင့်တက်နိုင်တဲ့ ရေလှိုင်းကလည်း မောင်တောကမ်းခြေမှာ ၆ ပေ ကနေ ၈ ပေကလောက်ပဲ တက်တော့မယ်။ စစ်တွေခရိုင်မှာဆို ၄ ပေမှ ၆ ပေ။ အရင် ထုတ်ထားတဲ့ ကျောက်ဖြူခရိုင်မှာဆိုတာကို မထည့်တော့ဘူး။ ကျောက်ဖြူမှာ မတက်နိုင်တော့ဘူးလို့ ခန့်မှန်းလို့ပါ။ မုန်တိုင်းနဲ့အတူ မိုးသည်းထန်စွာရွာသွန်းနိုင်လို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာ နေရာကွက် မိုးကြီးမယ်လို့ ထည့်ထားတယ်။ ဘာလို့လဲဆိုတော့ နေရာကွက်မိုးကြီးရင် လျှပ်တပြက် ရေကြီးတာ၊ မိုးများလို့ မြေကျွံပြီး ပြိုတာ၊ တောင်ပေါ်ကားလမ်းတွေဘေးက မြေကမ်းပါးယံတွေဟာ ပြိုပြီး ကားလမ်းပေါ်ကျလို့ ကားလမ်းတွေသွားလို့မရအောင် ဖြစ်ပြီး အဆက်အသွယ်ပြတ်တောက်တာတို့ ဖြစ်မယ်ဆိုတဲ့ သဘောတရားကို ရည်ညွှန်းပြီး ထည့်ပါတယ်။ မိဘပြည်သူတွေသိအောင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားကို တိုက်ရိုက်အင်တာဗျူးလုပ်ပြီး အခု ထုတ်ပြန်ချက်ကို ရှင်းပြထားတာကို တင်ပြထားပါတယ်။”
၁၆ ရက်ညနဲ့ ၁၇ မှဖြစ်မှာလား။ ဘယ်ရက်တွေ၊ ဘယ်အချိန်တွေဖြစ်နိုင်ပါလဲ။
“အခုကစ ကမ်းဖြတ်တာနဲ့၊ ၃ နာရီခွဲက စဖြစ်မှာပါ။ ဘယ်လောက်အထိ သတိထားနေရမလဲဆိုတော့ ကျနော်တို့ မုန်တိုင်း အားလျော့ပျက်ပြယ်သွားပြီဆိုတဲ့ သတင်းကြေညာတဲ့အထိပါပဲ။”
မုန်တိုင်းနဲ့ ပတ်သက်လို့ ဖြည့်စွက်ပြောချင်တာ ရှိရင် ပြောပေးပါ။
“တချို့ အညိုရောင်ဆိုတာ သဘောမပေါက်တော့၊ အညိုရောင်ဆိုတာ မုန်တိုင်းကမ်းဖြတ်နေတယ်၊ မုန်တိုင်းဗဟိုချက်ဖြတ်တယ်လို့ အဓိပ္ပာယ်ရတယ်။ ဗဟိုချက်ဖြတ်တယ်ဆိုတာ တခြမ်းကျန်ပါသေးတယ်။ ဥပမာ ရွှေတံဆိပ်ကြည့်ရင် ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်း၊ အလယ်မှာ အပေါက်ရှိတယ်။ အခုအရှေ့ဘက်ခြမ်းအရင် ဖြတ်တယ်။ ဗဟိုချက် ကမ်းပေါ်ရောက်တယ်။ နောက်တခြမ်းကျန်ပါသေးတယ်။ နောက်တခြမ်းက ၃-၄ နာရီ ကြာအောင် ကမ်းကိုဖြတ်ပါတယ်။ အဲအတွက်နောက်ထပ် ၃-၄ နာရီ ကြာ၊ ည ၇ နာရီလောက်မှ ဒီဘက်အခြမ်းပြီးပါမယ်။ ပြီးရင်တော့ ဒီမုန်တိုင်းက တခါတလေမှာ ကုန်းတွင်းမုန်တိုင်းအဖြစ်နဲ့ ဆက်နေတတ်တယ်။ အခုကတော့ မုန်တိုင်းငယ်အဖြစ်နဲ့ ဆက်နေနိုင်တဲ့အခြေအနေ မဟုတ်ဘူး။ သို့သော်လည်း နောက် ၃ နာရီလောက်ဆို ဘာဖြစ်နိုင်တယ်ဆိုတဲ့ဟာကို ကျနော်တို့ သတင်းထပ်ထုတ်မှာပါ။ ဒါကြောင့် ရေဒီယိုတို့၊ တီဗွီတို့ကို ကြည့်ဖို့လိုပါတယ်။ ဒါမှ နောက်ဆုံးအခြေအနေကို ကြည်ပြီးတော့ ပြီးသွားတယ်ဆိုရင် ကျနော်တို့က အစိမ်းရောင်ကို ကြေညာပါတယ်။ အစိမ်းရောင်ရဲ့ အဓိပ္ပာယ်က ဘာလဲဆိုရင် မုန်တိုင်းအန္တရာယ် လုံးဝကင်းသွားပြီ။ သူတို့ ခိုအောင်းနေတဲ့နေရာ၊ ရွှေ့ပြောင်းနေတဲ့ နေရာ၊ ပုန်းခိုနေတဲ့နေရာ၊ မုန်တိုင်းကင်းလွတ်တဲ့နေရာကနေ သူတို့ထွက်လာပြီး သူတို့မြို့၊ သူတို့ရွာ၊ သူတို့အိမ်ကို ပြန်လာနိုင်တဲ့ အခြေအနေကို အစိမ်းရောင်လို့ ပြောတာပါ။
“ဒါပေမယ့် အဲဒီအချိန်မှာ တချို့နေရာတွေမှာ ဓာတ်ကြိုးတွေ ပြတ်တာ၊ မှန်တွေဘာတွေ ကွဲပြီးကျတာတို့ ရှိတဲ့နေရာကို ဒေသအာဏာပိုင်နဲ့ သဘာဝဘေးဒဏ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေက အညွှန်းတွေပေးထားပါတယ်။ ဒီနေရာကို မသွားရတို့၊ ကြိုးတွေဝိုင်းပြီးတော့ တားမြစ်တဲ့နေရာ သတ်မှတ်ထားတယ်။ အဲဒီနောကို စူးစမ်းတဲ့သဘောနဲ့ မသွားဖို့ လိုပါတယ်။ သွားရင် ဘေးအန္တရာယ်ရှိမှာစိုးလို့ တားမြစ်ထားတာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ ရွှေတုံး၊ ငွေတုံး ရှိတာမဟုတ်ပါဘူး။ ဘေးအန္တရာယ် ကျရောက်မှာစိုးလို့ ပြောတပါ။ အဲဒါကြောင့် ဒေသအာဏာပိုင်ရဲ့ လမ်းညွှန်ချက်ကို သေချာလိုက်နာပြီး တုံ့ပြန်ရင်ဆိုင်မယ်ဆိုရင် ဘေးအန္တရယ်ကျရောက်မှုက လျော့ပါးသွားမယ်လို့ ကျနော်ပြောချင်ပါတယ်။”
Thu, 05/16/2013 - 05:20
ဧရာဝတီတိုင်း ငပုတောမြို့နယ်အတွင်းက ကျေးရွာ ၁၀ ကျော်မှာ အပူချိန် မြင့်မားမှုကြောင့် ကန်ရေတွေခန်းပြီး ရေရှားပါးမှုပြဿနာနဲ့ ကြုံတွေ့နေရပါတယ်။
ငပုတောမြို့နယ် ပြင်ခရိုင်အုပ်စုက ကျေးရွာတွေမှာ အပူချိန် မြင့်မားမှုကြောင့် ကန်ရေတွေခန်းပြီး ရေရှားပါးမှုနဲ့ ကြုံတွေ့နေရတာလို့ အဲဒီဒေသကို ရေတွေ သွားရောက်လှူဒါန်းပေးနေတဲ့ ပြင်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တဦးက ပြောပါတယ်။
ပြင်ခရိုင်အုပ်စုနဲ့ ၇ မိုင်လောက်ဝေးတဲ့ ဇောင်းခါးကုန်း၊ စင့်အိုင်၊ မကျီးအိုင်၊ ကြက်လျှာ၊ သံပုရာကုန်း အစရှိတဲ့ ကျေးရွာနဲ့ အနီးနားတ၀ိုက်ကျေးရွာ ၁၄ ရွာလောက် ရေရှားမှုနဲ့ ရင်ဆိုင်နေရတာလို့ ရေသွားရောက်လှူဒါန်းပေးနေတဲ့ ကိုရဲက ဒီဗွီဘီကို ပြောပါတယ်။
“ရေကန်ကိုပဲ အသုံးပြုကြရတာဆိုတော့ ရာသီဥတုကလည်း တအားနေတွေ ပြင်းပြီးတော့ ရေတွေ အကုန်ခန်းခြောက်သွားတာ။ ကန်ရေတွေ ခန်းတော့ အဲနေရာမှာဆို တော်တော်ခန်းတော့ တူးနေတာ ၁၅ ရက်လောက်ရှိပြီ။ ကျနော်တို့ စည်ပင်ကရေကို အဲဘက်ကို ကားနဲ့သွားပြီးလှူကြတယ်။”
ရေရှားမှုကြုံတွေနေရတာ ၁၅ ရက်လောက်ရှိနေပြီဖြစ်ပြီး လက်ရှိအနေအထားအရ အပူချိန် များနေသေးတဲ့အတွက် ကန်တွေ ခန်းခြောက်နေဆဲဖြစ်တဲ့အတွက် ရေအကူအညီတွေ လိုအပ်နေ တယ်လို့လည်း ကိုရဲက အခုလို ဆက်ပြောပါတယ်။
“အခုလည်း တော်တော်ပူနေတယ်။ ဒီအတိုင်းသာဆက်ပူရင် တော်တော် ဒုက္ခရောက်မယ်။ ကလေးတွေရော လူကြီးတွေပါ ကျန်းမာရေး တော်တော် ထိခိုက်မယ်။ မိုးမရွာသေးသရွေ့ ရေရှားမယ်။ ကျနော်တို့ ရေတအားရှားလာမယ်ဆိုရင်တော့ ရေလှူမယ့်လူတွေ ရှာချင်တယ်၊ ကျနော်တို့နားမှာ ရေလမ်းနဲ့သွားရမယ့်နေရာတွေ ရှိသေးတယ်၊ အဲနေရာတွေမှာလည်း ရေအခက်အခဲတွေ ကြုံနေတယ်။”
အရင်နှစ်တွေကလည်း အခုလိုရေခန်းခြောက်မှုတွေ ဖြစ်ပွားပေမယ့် ဒီနှစ်မှာ အပူချိန် ပိုပြီး မြင့်မားတဲ့အတွက် ရေတစက်မှ မရှိလောက်အောင် ရေခန်းခြောက်သွားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ရေရှားပါးမှုကြုံရတဲ့ ကျေးရွာတွေဟာ ပင်လယ်နဲ့နီးတဲ့အတွက် ရေလုပ်ငန်း လုပ်ကိုင်စားသောက်ကြပြီး ရွာတရွာကို အိမ်ခြေ ၁၀၀ လောက်ရှိတယ်လို့ ပြောပါတယ်။
Thu, 05/16/2013 - 04:57
သဘာဝအရင်းအမြစ်တွေကို စီမံခန့်ခွဲမှုမှာ မြန်မာနိုင်ငံဟာ အနိမ့်ဆုံး အဆင့်ရှိတဲ့အတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ အချိန်စောသေးတယ်လို့ သယံဇာတ စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲမှု အညွှန်းကိန်းများ သုံးသပ်လေ့လာချက်အသစ်မှာ သဘာဝအရင်းအမြစ်ကြွယ်ဝတဲ့ နိုင်ငံပေါင်း ၅၈ နိုင်ငံအနက် မြန်မာနိုင်ငံဟာ အနိမ့်ဆုံးအဆင့်ရှိနေတယ်လို့ မြန်မာနိုင်ငံ- သယံဇာတ အခွန်ဘဏ္ဍာစောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
သယံဇာတအခွန်ဘဏ္ဍာ စောင့်ကြည့်ရေးအဖွဲ့ရဲ့ အရင်းအမြစ် စီမံခန့်ခွဲမှု အညွှန်းကိန်းကို လောင်စာဆီ၊ သဘာဝဓာတ်ငွေ့နှင့် အခြားသတ္တု တူးဖော်ရေးလုပ်ငန်း စီမံခန့်ခွဲမှုတွေကို တိုင်းတာပြီး – ဖွဲ့စည်းမှုဆိုင်ရာနှင့်ဥပဒေဆိုင်ရာတည်ဆောက်မှု၊ အစီရင်ခံမှုအလေ့အထ၊ လုံခြုံမှုနှင့် အရည်အသွေးထိန်းချုပ်မှု၊ ပတ်ဝန်းကျင်မြှင့်တင်မှု အစရှိတဲ့ သတ်မှတ်ချက်တွေနဲ့ တိုင်တာရာမှာ မြန်မာနိုင်ငံဟာ အနိမ့်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကြီးမားများပြားတဲ့ ငွေကြေးတွေကို ပွင့်လင်းမြင်သာစွာနှင့် ရေရှည် တည်တံ့ခိုင်မြဲမှုကို ဦးတည်စီမံခန့်ခွဲနိုင်မှု မရှိသေးတဲ့ကာလတွင်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ အချိန်စောသေးတယ်လို့ မြန်မာနိုင်ငံရဲ့ သဘာဝယံဇာတ အခွန်ဘဏ္ဍာ စောင့်ကြည့်လေ့လာရေးအဖွဲ့ဝင် ဦးဝင်းအောင်က ပြောပါတယ်။
“ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ ပွင့်လင်းမြင်သာမှုတွေ၊ တွင်းထွက်သယံဇာတဆိုင်ရာ စီမံကွပ်ကဲနိုင်မှုတွေကို အစိုးရကတစုံတခုအထိ ကတိပေးပြီး လုပ်ဆောင်ပါမယ်ဆိုတာ တွေ့ရပေမယ့် ပြည့်ပြည့်စုံစုံဆောင်ရွက်ဖို့က ကျနော်တို့နိုင်ငံမှာရှိတဲ့ ကွင်းဆင်းမှုဆိုင်ရာဥပဒတွေ၊ နိုင်ငံတကာစံချိန်စံညွှန်းမီ အစီရင်ခာံ တင်ပြနိုင်တာတွေရယ်၊ သတင်းအချက်အလက်ရယူပိုင်ခွင့် ဒေသခံတွေက စီမံကိန်းတွေလုပ်တဲ့နေရာတွေမှာ ပါဝင်ပတ်သက်နိုင်ခွင့်တွေ အင်မတန်အားနည်းနေသေးတယ်။ အဲဒီ အခင်းအကျင်းတွေကို တစုံတခုအထိ ဖန်တီးပေးနိုင်ဖို့ လိုသေးတယ်။ ဒါတွေဖြစ်ဖို့ကလည်း ဥပဒေပိုင်းဆိုင်ရာ အခြေခံဥပဒေက နိုင်ငံသားတယောက်ရပိုင်ခွင့်တွေ ထိထိရောက်ရောက် ကိုင်တွယ်ပြီးတော့။ စက်ရုံအလုပ်ရုံပိုင်းဆိုင်ရာမှာလည်း စံချိန်စံညွှန်းကိုက်မှီအောင် ထိရောက်အောင် အတိုင်းအတာတခုအထိ လုပ်ဆောင်ဖို့ လိုသေးတယ်။ အဲဒီအခင်းအကျင်းမရှိသေးသမျှကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက တစုံတခုအထိ စဉ်းစားစရာ အနေအထားရှိသေးတယ်လို့ မြင်ပါတယ်။”
လက်ရှိ မြန်မာနိုင်ငံတွင်း လုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းအများစုဟာ ဒေသခံ ပြည်သူ တွေအတွက် အကျိုးအမြတ် လုံးဝမရှိဘူးလို့လည်း ပြောပါတယ်။ လက်ရှိလုပ်ဆောင်နေတဲ့ စီမံကိန်းတွေဟာ ဖွင့်လင်းမြင်သာမှုမရှိသလို တာဝန်ယူမှု တာဝန်ခံမှုအပိုင်းတွေ လုံးဝ ပျက်ကွက်နေတယ်လို့ ဆိုပါတယ်။
“ပွင့်လင်းမြင်သာမှု၊ သတင်းအချက်အလက်ထုတ်ပြန်မှုတွေ အင်မတန်အားနည်းသေးတယ်။ လူ့အသိုင်းအ၀ိုင်းတခုလုံးကို အကျိုးအမြတ်ဖြစ်ထွန်းစေဖို့ကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းတွေ၊ ပွင့်လင်းမြင်သာမှုအပိုင်းတွေ ထိထိရောက်ရောက် လုပ်ကိုင်ဖို့ လိုတယ်လို့ ပြောချင်တယ်။ အဲဒါမှလည်း ဒေသခံတွေအပေါ် ထိခိုက်နစ်နာမှုနည်းပြီး ရင်းနှီးမြှုပ်နှံမှုကရလာတဲ့ ၀င်ငွေတွေက တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခန်းကဏ္ဍတွေမှာ တစုံတခုအထိ အကျိုးဖြစ်ထွန်းမယ်လို့ ပြောချင်တယ်။”
သမ္မတ ဦးသိန်းစိန်တက်လာပြီးနောက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေတွေ၊ လယ်ယာမြေ ဥပဒေတွေကို တစုံတခုအထိ ဒေသခံတွေကို အကာအကွယ်ပေးနိုင်အောင် ကြိုးပမ်းနေပေမယ့် ထိထိရောက်ရောက် ကိုင်တွယ်ဖို့လိုတယ်လို့ ဦးဝင်းအောင်က တိုက်တွန်းထားပါတယ်။
Thu, 05/16/2013 - 03:50
မေ ၁၅ ရက်က ရွေးချယ်လိုက်တဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ အကြို ရွေးချယ် လိုက်တာဖြစ်ပြီး တကယ့် ပဏာမလက်ရွေးစင် အသင်းကို လာမယ့် ဩဂုတ်လကျမှ အပြီးသတ် ရွေးချယ်သွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။
အခုရွေးချယ်လိုက်တဲ့ ဘောလုံးသမားအယောက် ၃၀ ဟာ လာမယ့်ဆီးဂိမ်းပြိုင်ပွဲဝင်ဖို့ အကြိုရွေးချယ်ထားတာဖြစ်ပြီး တကယ့် လက်ရွေးစင် ဘောလုံးသမားတွေကိုတော့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေ ပြီးမယ့် ဩဂုတ်လကျမှ ရွေးမယ်လို့ ဘောလုံးအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမိုးက ပြောပါတယ်။
“ဒါက ပဏာမ။ လူငယ်လူသစ်တွေရော လူဟောင်းတချို့လည်း ပါတယ်။ ဩဂုတ်လ ၆-၇ ရက်နေ့လောက်ကျမှ အတည်ပြုပြီး ဖိုင်နယ်ပဏာမ ထပ်ရွေးမယ်။ အဲကျ လူ ၃၀-၃၅ လောက် ရွေးမယ်။ အဲထဲကမှ အကောင်းဆုံး ၂၀ ရွေးမယ်။”
အခု လတ်တလောရွေးချယ်လိုက်တဲ့ ဘောလုံးသမားတွေထဲမှာ လက်ရွေးစင်ဟောင်း တွေဖြစ်တဲ့ ဇော်မင်းထွန်း၊ ကြည်လင်းနဲ့ ကျော်ဇေယျာဝင်း စတဲ့ ဘောလုံးသမားတွေ ပါဝင်ပါတယ်။
လာမယ့် ဆီးဂိမ်းပြိုင်ပွဲဝင် ဘောလုံးအသင်းအတွက် လူရွေးချယ်တဲ့အခါ အသက် ၂၃ နှစ်အောက် ဘောလုံးသမားတွေကို ရွေးချယ်ရမှာ ဖြစ်ပြီး လက်ရွေးစင်အဖြစ် ရွေးချယ်သင့်တဲ့ ဘောလုံးသမားတွေကို အားကစားကလောင်ရှင် ဦးစိုးညီက အခုလို သုံးသပ် ပြောပါတယ်။
“၂၀၁၃ ဆီးဂိမ်းက အိမ်ရှင်လည်းဖြစ်တော့ အကုန်လုံးကမျှော်လင့်တယ်လေ။ အရင်ပြိုင်ပွဲတွေထက် ပိုအရေးကြီးတော့ လူရွေးချယ်မှုအပိုင်းကနေစပြီး သေချာစနစ်တကျ လုပ်သင့်တယ်လို့ ထင်တယ်။ လူရွေးချယ်မှုအပိုင်းမှာလည်း အတွေ့အကြုံရှိသူရော၊ ပါသင့်ပါသင့်ထိုက်သူတွေရော၊ အခြေခံကောင်းတဲ့သူတွေရော မကျန်ခဲ့ရအောင် သေချာစိစစ်ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်။”
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ၂၀၀၉ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲတုန်းက ဒုတိယ၊၂၀၁၁ ခုနှစ် ပြိုင်ပွဲတုန်းက တတိယ ရရှိခဲ့ပါတယ်။
မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ပထမ ရွှေတံဆိပ် ရရှိဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် မြန်မာဘောလုံးအသင်းကို မြန်မာအသင်းနည်းပြအဖြစ် ကိုင်တွယ်ခဲ့တာ သက်တမ်း ၂ နှစ်လောက် ရှိပြီဖြစ်တဲ့ ကိုရီးယားနည်းပြ ပတ်ဆောင်ဟွာကပဲ ဆက်လက်ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အုပ်စုတွေ မထွက်ပေါ်သေးပါဘူး။
Thu, 05/16/2013 - 03:46
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပအိုဝ်းအမျိုးသား တပ်မတော်အသွင်ပြောင်း ပြည်သူ့စစ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နန်းဟောင်းကျေးရွာအုပ်စု မောက်စံကျေးရွာရုံးကို လက်နက်နဲ့ ၀ိုင်းထားတယ်လို့ အန်အယ်လ်ဒီတောင်ကြီးခရိုင်ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ဒီဗွီဘီကို ပြောပါတယ်။
“ဒီနေ့မနက် ပြည်သူ့စစ် ၃၀ လောက်က လက်နက်နဲ့ ၀ိုင်းထားပြီး ရုံးထဲမှာ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ အိမ်ပိုင်ရှင်ရယ်၊ တခြားရွာသား ၃ ယောက်ရယ်ကို ပေးမထွက်ဘူးတဲ့။ အဲဒါကြောင့် ကျနော်တို့လည်း သက်ဆိုင်ရာ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့)၊ အက်စ်ဘီ (အထူးသတင်းတပ်ဖွဲ့) တွေ အကြောင်းကြားထားတော့ အခုတော့ စရဖ ဆင်းသွားတယ်လို့ ကြားတယ်။ စ၀ိုင်းတာတော့ မနေ့ည ၁၀ နာရီလောက်ကတည်းက” လို့ ဦးခင်မောင်စိုးက ရှင်းပြပါတယ်။
မောက်စံကျေးရွာ အန်အယ်လ်ဒီရုံးတည်ရှိတဲ့ ရွာလမ်းမကြီးတလျှောက်ကို ပိတ်ထားပြီး ကလေးငယ်တွေကလွဲရင် ဖြတ်သန်းသွားလာခွင့် မပေးဘူးလို့ ဆိုပါတယ်။
ဘာကြောင့်ဝိုင်းခံရတယ်ဆိုတာ မသိရသေးပေမယ့် မနေ့ကတော့ အန်အယ်လ်ဒီ တာဝန်ရှိသူတွေက ရွာသား ၂ ဦးကို ပအိုဝ်းပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခဲ့တဲ့အပေါ် လွှတ်ပေးဖို့ ပအိုဝ်းအဆင့်မြင့်အရာရှိတဦးနဲ့ ဆွေးနွေးပြီးတဲ့နောက် ၀ိုင်းခံခဲ့ရတာ ဖြစ်ပါတယ်။
သူက “လွန်ခဲ့တဲ့ မေ ၁၄ ရက်နေ့တုန်းက တောင်ကြီးမြို့နယ် နန်းဟောင်းကျေးရွာအုပ်စု မောက်စံရွာသား ၂ ယောက်ကို ပအိုဝ်းပြည်သူ့စစ်အဖွဲ့က လက်ထိတ်ခတ် ဖမ်းခေါ်ပါတယ်။ အဲဒီကိစ္စ ရွာသားတွေက အန်အယ်လ်ဒီကို အကူအညီတောင်းလို့ ဟိုပုန်းမှာရှိတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးခွန်စံလွင်ကို သွားရောက်တွေ့ဆုံညှိနှိုင်းပါတယ်။ အဲဒီညှိနှိုင်းပွဲမှာ မြေယာကိစ္စကိုတော့ ဥက္ကဋ္ဌက သူတာဝန်မခံဘဲ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့ လုပ်ပေးမယ်လို့ ကတိပြုခဲ့တယ်။ ဒါပေမယ့် မလွှတ်တဲ့အပြင် ညှိပြီးအပြန်မှာ ရွာသား ၃ ယောက် ထပ်ဖမ်းခံရပြန်တယ်” လို့ ပြောပါတယ်။
ရွာသားတွေကို ဖမ်းဆီးမှုဟာ ပအိုဝ်းပြည်သူ့စစ်အဖွဲ့က သိမ်းဆည်းထားတဲ့မြေတွေကို ရွာသားတွေက ပြန်တောင်းတာကြောင့် ရွာသားတွေကို ခြိမ်းခြောက်တဲ့အနေနဲ့ ဖမ်းဆီးပြတာလို့ ဦးခင်မောင်စိုးက ခန့်မှန်းပြောဆိုပါတယ်။ နန်းဟောင်းနဲ့ မောက်စံရွာတွေမှာ ပီအန်အိုက သိမ်းဆည်းထားတဲ့ မြေဧက ၅၀၀ ကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရသူ ဦးဥာဏ်ဝင်းကို ဆက်သွယ်မေးမြန်းရာမှာ အခုလို လက်နက်ကိုင်စွဲပြီး ဖမ်းဆီးချုပ်နှောင်တာမျိုးတွေနဲ့ မဟုတ်ဘဲ တခြားနည်းလမ်းနဲ့ အမြန်ဆုံးဖြေရှင်းသင့်တယ်လို့ ပြောပါတယ်။
Thu, 05/16/2013 - 03:36
ဘင်္ဂလားပင်လယ်အော်က မဟာစင်မုန်တိုင်းဟာ မြန်မာနိုင်ငံကို မ၀င်တော့ဘဲ မုန်တိုင်းဘေးကနေ ကင်းဝေးသွားပြီလို့ မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောဆိုပါတယ်။
ဒေါက်တာဦးထွန်းလွင်ကို မြန်မာစံတော်ချိန် ညနေ ၄ နာရီမှာ မေးမြန်းရာမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
Thu, 05/16/2013 - 03:30
မဟာစင်ဆိုင်ကလုန်းနဲ့ ပတ်သက်ပြီး အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီ ဂူဂဲလ်က အကူအညီပေးမယ်လို့ ပြောလာတဲ့အတွက် ဆိုင်ကလုန်းအတွက် လုပ်ဆောင်နေတဲ့ မြန်မာပြည်က အစိုးရဌာနတွေနဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဌာန (OCHA) တို့ကို ချိတ်ဆက် လုပ်ဆောင်နေပါတယ်။
မဟာစင်ဆိုင်ကလုန်းအတွက် ဂူဂဲလ်က အကူအညီပေးမယ်လို့ ပြောလာတဲ့အတွက် ဂူဂဲလ်ရဲ့ ဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးအသင်းနဲ့ မြန်မာပြည်က အစိုးရဌာနတွေ၊ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး ဌာနတွေနဲ့ အဆက်အသွယ် လုပ်ဆောင်ပေးနေတယ်လို့ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဦးသောင်းစုငြိမ်းက ပြောပါတယ်။
အခုချိန်အထိတော့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်တဲ့အတွက် ဘာအကူအညီတွေ ပေးမလဲဆိုတာကိုတော့ အတိအကျ ပြောလို့ မရသေးဘူးလို့ သူက ရှင်းပြပါတယ်။ အကူအညီတွေ ပေးဖြစ်မယ်ဆိုပါက ဂူဂဲလ်ထံကနေ ရလာနိုင်တဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီးတော့ ဦးသောင်းစုငြိမ်းက အခုလို ရှင်းပြပါတယ်။
“ဂူဂဲလ်မှာရှိတာက ဂြိုဟ်တုပုံရိပ်တွေရှိတယ်။ ဂြိုဟ်တုပုံရိပ်တွေဟာ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေအတွက်ရယ်၊ မုန်တိုင်းဖြတ်သွားပြီးချိန်မှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး၊ ဆိုင်ကလုန်းထိခိုက်မှု ဘယ်လောက်ရှိလဲဆိုတာ ပြန်သုံးသပ်ရာမှာ အများကြီး အထောက်အကူပြုနိုင်ပါတယ်။ ဂြိုဟ်တုဓာတ်ပုံရနိုင်တာ တခုရှိတယ်။”
တခြားနိုင်ငံတွေမှာ ဆူနာမီနဲ့ ဆိုင်ကလုန်းတွေ တိုက်ခတ်သွားပြီးတဲ့အခါ ဂူဂဲလ်က အင်တာနက်ပေါ်ရှိ လူရှာဖွေရေး (People Finder) များနဲ့ လုပ်ဆောင်ကူညီခဲ့ဖူးတယ်လို့ ဆိုပါတယ်။
သဘာဝဘေးအန္တရာယ် ခံစားရပြီး အသက်ရှင်ကျန်ရစ်တဲ့သူတွေက ဆွေမျိုး မိသားစုတွေကို သူတို့ခိုလှုံနေတဲ့ နေရာမှာ သူတို့နဲ့ အတူ အသက်ရှင်ကျန်ရစ်နေတဲ့သူတွေအကြောင်း ဖုန်းနဲ့ သတင်းပေးပြီး ဖုန်းလက်ခံရရှိသူက အင်တာနက်ပေါ်ရှိ လူရှာဖွေရေး (People Finder) များတွင် ထည့်သွင်းပေးခြင်းအားဖြင့် ကမ္ဘာတ၀န်းရှိ ဆွေမျိုးသားချင်းများနဲ့ သိရှိ အဆက်အသွယ်ရအောင် လုပ်ဆောင်ပေးတာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
Thu, 05/16/2013 - 01:54
မဟာစင်ဆိုင်ကလုန်းမုန်တိုင်း ဟာ ခန့်မှန်းထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်းတောမြို့ကို ၀င်ရောက်ရိုက်ခတ်ခြင်းမရှိသေးပေမယ့် တဖက်နိုင်ငံ ဘဂ်လားဒေ့ရှ်နိုင်ငံကို တိုက်ခတ်နေတယ်လို့ မောင်တောဒေသရောက် ဒီဗွီဘီသတင်းထောက် ကိုသီဟက ပြောပါတယ်။
မုန်တိုင်းအနေအထားဟာ မူလခန့်မှန်းထားတာထက် အားပျော့မယ့် အရိပ်အခြည်ကြောင့် မောင်တောဒေသခံတွေ စိတ်ပူပန်မှုလျော့ပါးနေတယ်လို့ သူက ပြောပါတယ်။
မြန်မာစံတော်ချိန်မွန်းလွဲ ၂ နာရီမှာ ကိုဖိုးသီဟနဲ့ မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
Thu, 05/16/2013 - 01:40
ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်ကို သွားရောက်ပြီး ဒေသဖွံ့ဖြိုးရေးနဲ့ စာကြည့်တိုက် ဖွင့်လှစ်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ရွေ့လျားမော်တော်ကား စာကြည့်တိုက် ထားရှိဖွင့်လှစ်နိုင်ဖို့ သက်ဆိုင်ရာပြန်ဆက်ဦးစီးဌာနနဲ့ ဆက်သွယ်ညှိနှိုင်း ဆွေးနွေးခဲ့တယ်လို့ ကော့မှူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးမှူး ဦးအေးသိန်းက ပြောပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကွမ်းခြံကုန်းမြို့မှာနေထိုင်တဲ့ သက်ရွယ်ကြီးမြင့်ပြီး နာ မကျန်းဖြစ်နေသူ စာရေးဆရာကြီး မြောင်းမြဘဆွေထံ ၀င်ရောက်ပြီး ဂါရ၀ပြု အားပေးစကား ပြောကြားခဲ့ပါတယ်။
Thu, 05/16/2013 - 01:26
ဆိုင်ကလုန်း မဟာစင်ဟာ ဒီနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြေနိမ့်ကမ်းရိုးတန်းကို စတင်ဖြတ်ကျော်ပြီး စစ်တကောင်းနဲ့ ကောက်ခ်စ်ဘဇား ဆိပ်ကမ်းတွေဆီကို တည့်တည့်ဝင်ရောက်လာပါတယ်။
လေဟာ တနာရီမိုင် ၆၀ ကျော်နှုန်းလောက် တိုက်ခတ်နေပြီး လှိုင်းလေတွေ ပြင်းလာပြီ ဖြစ်ပါတယ်။ မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ် တောင်ဘက်ကမ်းရိုးတန်းက ခဲပူပါရာကို အရင်ဆုံး တိုက်ခတ်သွားပြီး မြန်မာနိုင်ငံအနီး အရှေ့ဘက်ကမ်းရိုးတန်းဆီ ဦးတည်ပြီး အရှေ့မြောက်ဘက်လမ်းကြောင်းကို ရောက်ရှိနေပါတယ်။
မုန်တိုင်းဝင်ရောက်ချိန်မှာ လူ ၂ ဦး သေဆုံးသွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ တဦးက သစ်ပင်လဲကျလို့ သေဆုံးသွားတာဖြစ်ပြီး နောက်တဦးကတော့ မုန်တိုင်းကာကွယ် အဆောက်အဦဆီ သွားရာလမ်းမှာ သေဆုံးခဲ့တာပါ။ သစ်ပင်တွေ အမြစ်ကျွတ်ထွက်တာ၊ အိမ်တွေ ပျက်စီးတာတွေလည်း ရှိတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မဟာစင်မုန်တိုင်း နီးကပ်လာချိန်မှာ မုန်တိုင်းသတိပေးချက်ကို အဆင့် ၇ မှ ၁၀ ထိ တိုးမြှင့် ထုတ်ပြန်ခဲ့ပါတယ်။ မဟာစင်မုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို လမ်းကြောင်းပြောင်းလာချိန်မှာ မုန်တိုင်းကြောင့် သီရိလင်္ကာမှာ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၃၉၉၁ ယောက် ဘေးလွတ်ရာ ရှောင်ပြေးခဲ့ရပါတယ်။
Thu, 05/16/2013 - 00:43
ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်ထဲမှာ လှေလုပ်သားအဖြစ် ရောင်းစားခံရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းအန်ဂျီအိုနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့က သွားရောက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။
လှေပေါ်မှာ ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတဦးရဲ့ ဖုန်းဆက်အကူအညီ တောင်းဆိုချက်အရ သက်ဆိုင်ရာ ရေတပ်နဲ့ ဆတဟိပ် မြို့မရဲစခန်း တာဝန်ရှိသူတွေ မေ ၁၅ ရက်နေ့ နေ့လယ်ပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ အလုပ်သမား အခွင့်အရေးမြှင့်တင်ရေး ကွန်ရက်ဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ မစ္စတာ ဆုန်ဖုန်း ဆာကယောဝ့်က ဒီဗွီဘီကို ပြောပါတယ်။
ရေလုပ်သားများ (ဓာတ်ပုံ - dailynews)
“အလုပ်သမားက ဖုန်းဆက်တိုင်ထားတာတော့ အရင်လတွေကတည်းကပါ။ အဲဒီ ငါးဖမ်းလှေတွေကို ချဉ်းကပ်နိုင်ဖို့ ကျနော်တို့ ၃ ကြိမ် ကြိုးစားခဲ့တာ မနေ့ကမှ ဖမ်းမိတယ်။ သူတို့ကို လှေပေါ်မှာ ပွဲစားက လာပို့ထားပြီး လုပ်အားခနဲ့ အကြွေးပြန်ဆပ်နေရတာ။ ဘယ်မှ သွားလာခွင့်မရှိဘဲ တချိန်လုံးခိုင်းစားနေတာလို့ ပြောတယ်။ အကုန်လုံး လူရွယ်လူငယ်တွေချည်းပဲ၊ လူကုန်ကူးခံရတဲ့ ပုံစံပေါ့။ ခုလောလောဆယ် ပထုမ်ဌာနီခရိုင် လူမှုဖွံ့ဖြိုးရေးကယ်ဆယ်ရေးဌာနမှာ ခေါ်ထားတယ်။ အမှုစစ်ဆေးဆဲကာလမို့ အပြင်လူတွေနဲ့ ဆက်သွယ်ခွင့် မရှိဘူး။”
မနေ့က ကယ်ထုတ်လာတဲ့အထဲမှာ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၅၇ ဦး ပါဝင်ပြီး အများစုက ကမ္ဘောဒီးယားနိုင်ငံသားဖြစ်ပြီး မြန်မာအလုပ်သမား ၈ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သူတို့ထဲမှာ လူကုန်ကူးခံရသူ ဦးရေ၊ ကိုယ့်သဘောနဲ့ကိုယ် ရောက်လာသူ ဦးရေ စတာတွေကို တဦးချင်းစီ ထပ်မေးနေကြောင်း၊ ဖုန်းဆက်အကူအညီတောင်းသူ မြန်မာအလုပ်သမားကတော့ ချုတ်ဝါးရီး အမှတ် – ၁၂ လှေပေါ်မှာ သူနဲ့ အဖော် ၄ ယောက် ရောင်းစားခံရကြောင်း ပြောတယ်လို့ ဆိုပါတယ်။
မနေ့က ဖမ်းမိတဲ့ လှေ စုစုပေါင်း ၄ စီးဖြစ်ပြီး ချုတ်ဝါးရီးကုမ္ပဏီပိုင် ဖြစ်ကြောင်း၊ အဲဒီလှေတွေကို ချွန်ဘူရီခရိုင် ဆတဟိပ်မြို့နယ်ထဲက ဆဲမ်ဆန်ပင်လယ်ဝနဲ့ လှေဆိပ်တွေမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စမှာ ပါဝင်ပတ်သက်တဲ့ လှေဦးစီး ထိုင်းအမျိုးသား ၃ ဦးကို ဆတဟိပ် အထူးစုံစမ်းရေးရဲတပ်ဖွဲ့က ထိန်းသိမ်းထားတယ်လို့ မစ္စတာ ဆုန်ဖုန်းဆာကယောဝ့်က ပြောပါတယ်။
Wed, 05/15/2013 - 22:03
ရခိုင်ပြည်နယ် စစ်တွေမြို့က မွတ်စလင်ဒုက္ခသည်တွေက အာဏာပိုင်တွေစီစဉ်တဲ့ မုန်တိုင်းဘေးလွတ်ရာနေရာကို ပြောင်းရွှေ့ဖို့ သဘောတူလိုက်တာကြောင့် ဒီမနက် ရွှေ့ပြောင်းမှုတွေ စတင်လုပ်ဆောင်နေပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်တွေမှာ ရောက်ရှိသတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကျော်ဇေယျာဝင်းက ဒီနေ့ မနက် ၈ နာရီခွဲမှာ ခုလို ပြောပါတယ်။
“အခု ဘင်္ဂါလီဘက်က ဒုက္ခသည်တွေကတော့ စပြောင်းနေပြီ။ ပြီးတော့ ညတုန်းက မိုးတွေ တအားရွာတယ်လေ။ လေတွေတိုက်တယ်။ အဲဒါ ဒီနေ့မနက်မှာ ဘင်္ဂါလီဘက်က ဒုက္ခသည်တွေ ပြောင်းနေပြီ။ မနေ့က မပြောင်းဘူးဆိုတဲ့သူတွေလည်း ပြောင်းပြီပေါ့နော်။ စခန်းက ရွက်ဖျင်တဲတွေကနေ အနီးဝန်းကျင်ရွာတွေက အိမ်တွေကို ပြောင်းရွှေ့နေကြတာဆိုတော့ မီပါတယ်။ ရွက်ဖျင်တဲတွေကို ဖြုတ်သိမ်းခိုင်းနေတယ် ၀န်ကြီးချုပ်က ဒီကနေ့မနက်။ ”
မွတ်စလင်ဒုက္ခသည်တွေကို ပြီးခဲ့တဲ့ရက်တွေက ပြောင်းရွှေ့ခိုင်းစဉ်က ပြောင်းရွှေ့မယ့်အစီအစဉ်အပေါ် သံသယ၀င်ပြီး မပြောင်းရွှေ့ဘဲ မုန်တိုင်းကိုရင်ဆိုင်ဖို့ ရပ်တည်နေကြတာပါ။
အစိုးရဘက်ကတော့ ပြောင်းရွှေ့ခိုင်းတဲ့အစီအစဉ်ကို အသာတကြည်လက်မခံရင်တော့ အတင်းအကျပ် ပြောင်းရွှေ့ရလိမ့်မယ်လို့ ထုတ်ပြောထားတာဖြစ်ပြီး ပြောင်းရွှေ့ဖို့ ညှိနှိုင်းမှု အဆင်ပြေသွားတာပါ။
ပြည်နယ်အစိုးရ ဥပဒေချုပ်က မနေ့ညနေပိုင်း စာနယ်ဇင်းရှင်းလင်းရာမှာ မပြောင်းလိုသူတွေဟာ လက်ရှိနေထိုင်တဲ့နေရာတွေကို ပြန်လည်မရရှိမှာကို စိုးရိမ်သံသယဖြစ်နေကြတာ ဖြစ်ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်အရ မနေ့ညနေမှာ မပြောင်းဖို့ ငြင်းနေသူတွေဟာ ပြောင်းရွှေ့ဖို့ လက်ခံခဲ့ကြတယ်လို့ သိရပါတယ်။
ဒီနေ့မနက် စစ်တွေမြို့ အခြေအနေကိုလည်း ကိုကျော်ဇေယျာဝင်းက “အခုလက်ရှိမှာ ဈေးဆိုင်တွေပိတ်ထားတယ်။ မနေ့ကဖွင့်တဲ့ မြို့မဈေး ဆိုင်ခန်းတွေပိတ်လိုက်ပြီ။ အခုကတော့ လျှပ်စစ်မီးကတော့ လာနေတုန်းပဲ။ ညတုန်းကတော့ တညလုံးမိုးရွာတယ်။ ဒီမနက်တော့ မိုးတိတ်သွားပြီးတော့ လေတအား တိုက်နေတယ်။ ကောင်းကင်ကတော့ ပုံမှန် အဖြူရောင်ပါပဲ” လို့ ပြောပါတယ်။
မုန်တိုင်းဒဏ်ရိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားတဲ့ မြေပုံမြို့မှာလည်း မွတ်စလင်ဒုက္ခသည် ၄၀၀၀ လောက်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက အမြင့်ပိုင်းက နေရာတွေကို ပြောင်းရွှေ့ဖို့ စီစဉ်ချက်ဟာလည်း ကန့်ကွက်ချက်တွေကြောင့် နှောင့်နှေးခဲ့ရပေမယ့် မနေ့နေ့ခင်းပိုင်း ၂ နာရီလောက်မှာတော့ စတင်ပြောင်းရွှေ့နေကြပြီလို့ ပြောပါတယ်။
မွတ်စလင်ဒုက္ခသည်တဦးက “မနေ့က နေ့လယ် ၂ နာရီကတည်းက တော်တော်များများတော့ ရွှေ့နေပါတယ်။ စစ်တပ်က ရွှေ့ကို ရွှေ့ရမယ်ဆိုပြီးတော့ စစ်တပ်က လုပ်နေပါတယ်။ စစ်တပ်က အောက်မှာနေလို့မရဘူး၊ ကိုယ့်ဥစ္စာကိုယ်ယူလာကြပါလို့ ပြောနေပါတယ်” လို့ ဆိုပါတယ်။ ရာသီဥတုအခြေအနေကတော့ လေနည်းနည်းတိုက်နေပြီး မိုးရွာနေတယ်လို ပြောပါတယ်။
မုန်တိုင်းဘေးစိုးရိမ်ရတဲ့ မောင်တောမြို့ခံတဦးကို ဒီမနက် ၉ နာရီမှာ ဆက်သွယ်မေးမြန်းရာမှာ လေနည်းနည်းတိုက်နေပြီး မိုးနည်းနည်းအုံ့ဆိုင်းနေတယ်လို့ ပြောပါတယ်။
“လှုပ်ရှားမှုအခြေအနေကတော့ အန္တရာယ်ရှိတဲ့ရွာတွေ အကုန်လုံးကို ရွှေ့ပြောင်းထားပြီးပါပြီ”
ဒီမနက် မိုးလေ၀သထုတ်ပြန်ချက်အရ မုန်တိုင်းဟာ မြန်မာစံတော်ချိန်ညနေ ၆ နာရီမှာ ရခိုင်ပြည်နယ်မောင်တောမြို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းအကြား ၀င်ရောက်မယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာဘက်မှာ မုန်တိုင်းဘေးဒဏ်က လွတ်အောင် နေရာပြောင်းရွှေ့မှုတွေ လုပ်နေသလို ဘင်္ဂလားဘက်အခြမ်းမှာလည်း ပြောင်းရွှေ့နေပါတယ်။
Wed, 05/15/2013 - 22:01
မေ ၁၆ ရက် မနက်ပိုင်း စစ်တွေမြို့မြင်ကွင်းအချို့နဲ့ အုန်းတောဒုက္ခသည်စခန်းမှ မုန်တိုင်းလွှတ်ကင်းရာကို ရွှေ့ပြောင်းဖို့ ယာယီရွက်ဖျင်တဲတွေ ဖြုတ်သိမ်းနေကြစဉ်။
View Photo Album
Wed, 05/15/2013 - 21:54
ပြီးခဲ့တဲ့ မေလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်ဟာ ကော်မတီဝင်တချို့၊ လွှတ်တော်အမတ်တချို့ နဲ့အတူ ၀ ဒေသနဲ့ မိုင်းလားဒေသကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဖို့ သွားရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲတွေအပြီး နှစ်ဖက် ကိုယ်စားလှယ်တွေ တယောက်နဲ့ တယောက် လက်ချင်းချိတ် ဓာတ်ပုံတွေ အရိုက်ခံခဲ့ကြပေမယ့် တကယ့်တကယ် ထူးခြားတဲ့ သဘောတူညီချက်တွေ ရခဲ့ကြပါရဲ့လား၊ ငြိမ်းချမ်းရေးအတွက် ရှေ့ကို ခြေတလှမ်း တိုးနိုင်ပါရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ နဲ့ ဆွေးနွေးပွဲမှာ ၀ ဘက်က ပါတီ ဒုဥက္ကဋ္ဌ ဦးရှောက်မင်လျှံနဲ့ ဦးပေါက်ယူရိတို့ တက်ပါတယ်။ ဒါပေမယ့် နှစ်ဘက်သဘောတူ ဘာကြေညာချက်မှ မထုတ်နိုင်ပါဘူး။ ၀ တပ်ဖွဲ့ဘက်က တောင်းဆိုတာတွေကို အထက်ကို ပြန်တင်ပြမယ် ဆိုပြီးတော့သာ ဦးသိန်းဇော်က အဖြေပေးခဲ့တာနဲ့ အဆုံးသတ်ခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ ၀ ဘက်က ကျယ်ကျယ်ပြန့်ပြန့် သတင်းဖြစ်နေတဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ကိစ္စ ဖြေရှင်းခဲ့ပြီး အစိုးရဘက်ကို အချက် ၃ ချက် တောင်းဆိုခဲ့ပါတယ်။
တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ပတ်သက်လို့ သတင်းတွေဖြစ်နေသလို သူတို့အနေနဲ့ ရဟတ်ယာဉ်တွေ ၀ယ်တာ မဟုတ်တဲ့အကြောင်း၊ အခြေခံ ဗဟုသုတ နည်းပါးတဲ့ ဒေသခံပြည်သူတွေ လေ့လာကြည့်ရှုဖို့ စက်မပါတဲ့ ရဟတ်ယာဉ် ၁ စီး၊ လေယာဉ်ငယ် ၁ စီး၊ သင်္ဘော ၁ စီး စီ ထိုင်းနိုင်ငံဘက်ကနေ ၀ယ်ထားတဲ့အကြောင်း၊ လာအိုကနေ တဆင့် ကားနဲ့ သယ်ပြီး လက်ရှိ ၀ မြောက်ပိုင်း မိုင်းမော ဒေသမှာ ရှိတဲ့အကြောင်း ဓာတ်ပုံအထောက်အထား တွေနဲ့ ရှင်းပါတယ်။
ဝ အဖွဲ့ဘက်က တောင်းဆိုချက်တွေထဲက အရေးအကြီးဆုံး အချက်ကတော့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ၀ ဒေသကို “၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း” အဖြစ် သတ်မှတ်ထားရာကနေ “၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်”အဖြစ် သတ်မှတ်ပေးဖို့၊ ဒီလို သတ်မှတ်ပေးနိုင်ဖို့ အတွက် အခြေခံဥပဒေကို ပြန်ပြီး သုံးသပ်ပေးဖို့ ဖြစ်ပါတယ်။ တကယ်တော့ လက်ရှိ အခြေအနေ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ဆိုတာကိုတောင် အစိုးရက အကောင်အထည် ဖော်ပေးသေးတာ မဟုတ်ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလက ရွေးကောက်ပွဲ ကော်မရှင်ဟာ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ဖွဲ့စည်းမယ့် မြို့နယ် တချို့ကို ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေတွေ သတ်မှတ်ရာမှာ တမင်ချန်လှပ်ထားခဲ့ပါတယ်။ ဒီအတွက် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ဆိုတာလည်း ဖွဲ့စည်းနိုင်ခြင်း မရှိတော့ပါဘူး။
အခု လက်ရှိ ၀ အဖွဲ့က ၀ ဒေသ ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် သတ်မှတ်ပေးဖို့ တောင်းဆိုလာတဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၂ ပါ ပြဋ္ဌာန်းချက်တွေအတိုင်း အကောင်အထည် ဖော်ရပါမယ်။ ဒါတင်မက တိုင်းနဲ့ ပြည်နယ် စာရင်းမှာပါတဲ့ အခြေခံဥပဒေ ပုဒ်မ ၄၉ ကို ပြင်ဖို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုချက်ရယူရ ပါဦးမယ်။ ပြောရရင် ဖွဲ့စည်းပုံလမ်းကြောင်းအတိုင်း သွားရင် ၀ ဒေသ ကို ပြည်နယ် သတ်မှတ်ပေးဖို့ မလွယ်ကူပါဘူး။
ဝ အဖွဲ့က နောက်ထပ် တောင်းဆိုတာက သူတို့ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတွေကို အရင် ၁၉၈၉ နောက်ပိုင်း အပစ်အခတ် ရပ်စဲထားစဉ်တုန်းကလို ၀ နယ် ပြင်ပ မြန်မာပြည် အရပ်ရပ်မှာ လုပ်ပိုင်ခွင့် အခွင့်အရေးတွေ ပေးဖို့ပါ။ ၀ တပ်ဖွဲ့အပေါ်ကို စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ရေး ဖိအားပေးမှုတွေ လုပ်မလာခင်၊ ခုလို စစ်ရေးတင်းမာမှုတွေ ဖြစ်မလာခင် အချိန်အထိ ၀ တပ်ဖွဲ့ပိုင် ကုမ္ပဏီတွေနဲ့ စီးပွားရေး အဖွဲ့အစည်းတွေ၊ တရုတ်နဲ့ ဖက်စပ်လုပ်ထားတဲ့ ကုမ္ပဏီနဲ့ စီးပွားရေး အဖွဲ့အစည်းတွေအားလုံး မြန်မာပြည်ထဲမှာ စီးပွားရေး လုပ်ခွင့်ရခဲ့ပါတယ်။ ကျောက်စိမ်း၊ ကျောက်မျက်တူးတာ၊ ရွှေရှာတာ၊ သစ်ထုတ်တာ၊ ကုန်ကူးတာ အပါအ၀င် လုပ်ငန်းပေါင်းစုံ လုပ်ခွင့်ရခဲ့ပါတယ်။ နယ်ခြားစောင့်တပ်ဖွဲ့ရေး ၀ တပ်ဖွဲ့ဘက်က ငြင်းဆန်ခဲ့ပြီးတဲ့နောက် စစ်အစိုးရဘက်က ၀ တွေရဲ့ စီးပွားရေး လုပ်ခွင့်အားလုံး ရုပ်သိမ်းလိုက်ပါတယ်။ ဒီအတွက် ၀ နယ်ပြင်ပ မြန်မာပြည်ထဲမှာ လက်ရှိ ဘာစီးပွားရေး လုပ်ငန်းမှ မကျန်တော့တဲ့ အခြေအနေ ရောက်သွားရတာ ဖြစ်ပါတယ်။
ဝ အဖွဲ့ နောက်ဆုံးတောင်းဆိုတာကတော့ စစ်ရေးနဲ့ ဖိအားမပေးဖို့ပါ။ အခုနောက်ပိုင်း အစိုးရတပ်ဟာ ကချင်တွေကို လေယာဉ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်တာ၊ ၀ နယ်ကို နေရာယူ ခြိမ်းခြောက်ဖို့အတွက် အက်စ်အက်စ်အေ မြောက်ပိုင်း တပ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်တာတွေကိုလည်း သဘောကျပုံ မရပါဘူး။ နောက် သူတို့ မဟာမိတ် ကိုးကန့်ဒေသကို စစ်တပ်က တိုက်ခိုက်သိမ်းပိုက်လိုက်တာလည်း ဘာမှ မကြာသေးပါဘူး။ ဒီ အခြေအနေတွေအောက်မှာ အစိုးရကို စစ်ရေးနဲ့ ဖိအားမပေးဖို့ တောင်းဆိုလိုက်တာပါ။ ဒီအတွက် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးသိန်းဇော်တို့ဘက်ကတော့ ဘာ အဖြေမှ မပေးနိုင်ပါဘူး။ အထက်ကို ဆက်ပြီး တင်ပြပေးမယ် ဆိုတာလောက်နဲ့ပဲ ပြန်လှည့်ခဲ့ကြရပါတယ်။ ဒါကိုကြည့်ရင် ၀ အဖွဲ့နဲ့ အစိုးရကြားက ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ အလှမ်းဝေးနေဦးမယ့် အပြင် စစ်ရေးတင်းမာမှုဟာလည်း ဆက်ပြီး တည်ရှိနေဦးမယ်လို့ ခန့်မှန်းရကြောင်းပါ။
မှတ်စု
ဝ ဒေသ အတွက်ဆိုရင် ပြည်သူ့လွှတ်တော်အမတ် တ၀က်၊ အမျိုးသားလွှတ်တော်အမတ် တ၀က်နဲ့ ရှမ်းပြည်နယ်က လာတဲ့ အမတ်အားလုံးရဲ့ ထက်ဝက်က သဘောတူရင် သမ္မတ ဆီ တင်ပြနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီလိုမှ သဘောမတူနိုင်ရင်တော့ ပြည်ထောင်စုလွှတ်တော်အမတ် စုစုပေါင်း ၄ ပုံ ၃ ပုံနဲ့ အထက် ထောက်ခံရင် သမ္မတ ဆီ တင်ပြပေးနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
Wed, 05/15/2013 - 21:24
မဟာစင်ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာစံတော်ချိန် ၉ နာရီ ၃၀ မိနစ် အချိန် တိုင်းထွာချက်အရ အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့နှင့် မြန်မာနိုင်ငံ မောင်တောမြို့အကြားမှ ကမ်းခြေကို ယနေ့မွန်းလွဲပိုင်း ဖြတ်ကျော်ဝင်ရောက်မယ်လို့ မိုးဇလက ခန့်မှန်း ထုတ်ပြန်ထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းရဲ့ လက်ရှိအခြေအနေမှာ အနီရောင်အရေးပေါ်အခြေအနေကို ရောက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံနယ်စပ်ကို ဦးတည်ရွေ့လျားနေတယ်လို့ ဆိုပါတယ်။
မဟာစင်ဆိုင်ကလုန်းမုန်တိုင်းဟာ ကမ်းခြေကို ဖြတ်ကျော်စဉ် လေတိုက်နှုန်းမှာ ၁ နာရီလျှင် မိုင် ၆၀ မှ မိုင် ၇၀ အထိ တိုက်ခတ်နိုင်ပြီး မုန်တိုင်းကြောင့် မြင့်တက်နိုင်တဲ့ ရေလှိုင်းအမြင့်မှာ မောင်တောမြို့နယ် ကမ်းခြေတွင် ၈ ပေမှ ၁၀ ပေခန့်၊ စစ်တွေခရိုင် ကမ်းခြေတွင် ၆ ပေမှ ၈ ပေခန့်နဲ့ ကျောက်ဖြူခရိုင်ကမ်းခြေတွင် ၄ ပေမှ ၆ ပေခန့် မြင့်တက်နိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
မုန်တိုင်းနဲ့အတူ မိုးသည်းထန်စွာရွာသွန်းနိုင်ပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ တောင်ကျရေများကြောင့် လျှပ်တပြက် ရေကြီးခြင်းအန္တရာယ်များ ကို သတိပြုရှောင်ရှားသင့်တယ်လို့ မိုးဇလက ဆိုပါတယ်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်နဲ့မြေပြင်လေသည် ၁ နာရီလျှင် မိုင် ၆၀ မှ မိုင် ၇၀ အထိ တိုက်ခတ်နိုင်သည့်အတွက် ပင်လယ်မှ ငါးဖမ်းထွက်သည့် ငါးဖမ်းရေယာဉ်များနဲ့ သင်္ဘောများ မုန်တိုင်းအန္တရာယ်ကို ကြိုတင်ရှောင်ရှားကြပါရန် အကြံပြုအပ်ပါသည်။
ညနေ ၆ နာရီ မောင်တောမြို့ကို မုန်တိုင်းဝင်မည်ဟု မိုးဇလခန့်မှန်း
မဟာစင်ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ မြန်မာနိုင်ငံ မောင်တောမြို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့တွေကို ဖြတ်ကျော် ၀င်ရောက်မယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ နံနက် ၅း၃၀ နာရီ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းမဟာစင် (MAHASEN) ဟာ အရှေ့မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး မောင်တောမြို့ရဲ့ အနောက်-အနောက်တောင်ဘက်မိုင် ၁၆၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။
Wed, 05/15/2013 - 07:54
နိုင်ငံခြားငွေလဲလှယ်နှုန်းထားတွေ သိသိသာသာမြင့်နေတာနဲ့အတူ ပြည်တွင်းရွှေဈေးနှုန်းပါ ဆက်တိုက်မြင့်တက်နေတယ်လို့ ရန်ကုန်မြို့ အောင်သမာဓိရွှေဆိုင် မန်နေဂျာ ကိုဝင်းငယ်က ဒီဗွီဘီကို ပြောပါတယ်။
ပြည်တွင်းရွှေဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ဈေးတက်ခဲ့တဲ့ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်စပြီး ၁ ရက်ကို မြန်မာငွေကျပ် ၅၀၀ ကနေ ၁၀၀၀ ကြား နေ့စဉ်တက်နေတာ ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျနေတာကြောင့် ဒေါ်လာလဲလှယ်နှုန်းတွေ မြင့်တက်လာတာဖြစ်ပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာတဲ့အချိန်တွေမှာ ပြည်တွင်းရွှေဈေး ကျလေ့ရှိပေမယ့် လက်ရှိပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ တပတ်ကျော်ကထက်တောင် ကျပ် ၁၅,၀၀၀ ခွဲလောက် မြင့်တက်လာတာဖြစ်ပါတယ်။
အခုလို ပြည်တွင်းရွှေဈေးနှုန်းတွေ မြင့်နေပေမယ့် ဝယ်လိုအားပိုင်းမှာတော့ သိသိသာသာလျော့ကျသွားတာမျိုးမရှိပဲ ရန်ကုန်မြို့ကရွှေဆိုင်တွေ အရောင်းအဝယ် ဖြစ်နေကြပါတယ်။
ဒါ့အပြင် ဒေါ်လာလဲလှယ်နှုန်းထားတွေ ဆက်တိုက်မြင့်တက်နေဦးမယ်ဆိုရင်တော့ ပြည်တွင်းရွှေဈေးကွက် ဆက်မြင့်နေမယ့်အနေအထားမှာ ရှိနေဦးမှာပါလို့ ကိုဝင်းငယ်က ဆိုပါတယ်။
ပြည်တွင်းရွှေဈေးကွက်ဟာ သင်္ကြန်အပြီးမှာ ဈေးတွေကျခဲ့လို့ အရောင်းအဝယ် ကောင်းခဲ့ပေမယ့် လက်ရှိအနေအထားက အဲ့ဒီအချိန်ကလောက်တော့ ဝယ်လိုအားရှိမနေပါဘူး။
ဒီနေ့ရဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားဟာ ၁ ဒေါ်လာကို မြန်မာငွေကျပ် အဝယ် ၉၂၀ နဲ့ အရောင်း ၉၂၆ ရှိနေပါတယ်။ ဒီနှုန်းထားဟာ တပတ်အတွင်း အမြင့်ဆုံးတက်လာတဲ့ နှုန်းထားဖြစ်ပါတယ်။ ဒီနေ့ရဲ့ ပြည်တွင်းရွှေဈေးကတော့ ၁၆ ပဲရည် ၁ ကျပ်သားကို ကျပ် ၇၁၃,၀၀၀ ဖြစ်ပါတယ်။
Wed, 05/15/2013 - 07:09
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မွတ်စလင်ဒုက္ခသည်တွေက မုန်တိုင်းလွတ်ရာကို ရွှေ့ပြောင်းဆောင်ရွက်နေတဲ့ အစီအစဉ်ကို လက်မခံဘဲ ပြောင်းရွှေ့ဖို့ ငြင်းဆန်နေတယ်လို့ အဲဒီဒုက္ခသည်စခန်းတွေမှာ ဒီနေ့သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုကျော်ဇေယျာဝင်းက ပြောပါတယ်။
ရခိုင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ဦးဆောင်တဲ့အဖွဲ့က ပြောင်းရွှေ့ဖို့ တိုက်တွန်းနေပေမယ့် မပြောင်းရွှေ့လိုကြဘဲ ငြင်းဆန်နေတာလို့ ဆိုပါတယ်။
စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းတချို့ (ဓာတ်ပုံ-ကျော်ဇေယျာဝင်း)
“မုန်တိုင်းကျရင် ပင်လယ်လှိုင်းလုံးတွေက ၁၂ ပေလောက်မြင့်မယ်၊ အန္တရာယ်ရှိတယ်။ အဲတော့ ပင်လယ်နဲ့ ၁ မိုင်လောက်ဝေးရင် ပိုကောင်းမယ်ပေါ့။ တချို့ရှိနေတဲ့ သဲချောင်းတို့ တခြား ဒုက္ခသည်စခန်းတွေက ပင်လယ်နဲ့ တော်တော်နီးနေလို့ ပြောင်းခိုင်းတယ်။ ဒါပေမယ့် သူတို့မပြောင်းရဲကြဘူး၊ သူတို့မှာ သံသယတွေ ရှိနေတဲ့ သဘောမှာရှိတယ်။”
မိုးဇလက ထုတ်ပြန်ထားချက်အရ မနက်ဖြန် မုန်တိုင်းတိုက်ခတ်ရင် ရေအမြင့် ၁၀ ပေလောက်တက်နိုင်တာကြောင့် လက်ရှိ မွတ်စလင်ဒုက္ခသည်တွေ နေထိုင်တဲ့စခန်းတွေဟာ ရေမြုပ်မှာ စိုးရိမ်ရတဲ့ နေရာတွေဖြစ်ပါတယ်။
အစိုးရကလည်း အမျိုးသားအဆင့် သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီတရပ်ကို ဖွဲ့စည်းဆောင်ရွက်နေသလို ပြည်ထောင်စုအစိုးရ သမ္မတရုံးဝန်ကြီးတွေကလည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောင်းရွှေ့ရမယ့် ရွာတွေထဲမှာ စစ်တွေက မွတ်စလင်ဒုက္ခသည်စခန်း ၁၀ ခုက ဒုက္ခသည်တွေလည်း ပါဝင်ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးဆပ်ကော်မတီဝင် ပြည်နယ်ဥပဒေချုပ် ဦးဦးလှသိန်းက မီဒီယာတွေကို ရှင်းပြပါတယ်။
“မနေ့က အထိ ဘင်္ဂါလီ ဒုက္ခသည်တွေကို ရွှေ့ဖို့ပြောရာမှာ သူတို့က ယာယီတဲတခုနဲ့ သူတို့ဘာသာနေရတယ်။ ဒီအစိုးရ တခါရွှေ့ရင် ယာယီတဲတွေ ပြန်ရချင်မှရနိုင်မယ်ဆိုတဲ့ စိတ်ကူးတွေပါနေသလို၊ တခြားသော မရွှေ့မပြောင်းနဲ့ဆိုပြီး နောက်ကွယ်ကပြောနေသူတွေများ ရှိလားမသိဘူး. ကျနော်တို့အစိုးရ စီမံခန့်ခွဲမှုကို လိုက်နာမှုမရှိဘဲ တုံ့ပြန်တာရှိတယ်။ ဒီလောက်များတဲ့လူတွေအတွက် ဘယ်လိုစီမံထားသလဲဆိုရင် သူ့ဟာနဲ့သူရှိတယ်။ နောက်ဆုံး သူတို့အတွက် အနီးစပ်ဆုံး အခိုင်မာဆုံး အဆောက်အအုံ စစ်တွေတက္ကသိုလ်ကြီး ရှိတယ်။ လိုအပ်သလို အသုံးပြုသွားဖို့ စိတ်ကူးရှိပြီးသားပါ။”
ဒီဖြစ်ရပ်နဲ့ ဆန့်ကျင်ဘက် မြေပုံမြို့က မွတ်စလင်ဒုက္ခသည် ၄၀၀၀ ကတော့ မြို့နယ်အုပ်ချုပ်ရေးမှူး စီစဉ်တဲ့အတိုင်း ကုန်းအမြင့်ပိုင်းနေရာကို ပြောင်းမယ်လို့ သဘောတူပေမယ့် ရခိုင်တချို့ရဲ့ ကန့်ကွက်မှုတွေကြောင့် အစီအစဉ်ကို ရွှေ့ခဲ့ရပါတယ်။
မေ ၁၄ ရက် မွန်းတည့်ပိုင်းမှာ မွတ်စလင်ဒုက္ခသည်တွေကို ကုန်းအမြင့်ပိုင်းပေါ်က စီမံကိန်းရုံး၊ စည်ပင်ရုံး၊ စည်ပင်လိုင်းခန်းတွဲ၊ သမ၀ါယမရုံးနဲ့ မူလတန်းကျောင်းတကျောင်းကို ပြောင်းဖို့ ဖြစ်ပေမယ့် ရခိုင်အမျိုးသမီးကွန်ရက်က ဦးဆောင်ပြီး အုပ်စုနှစ်စု နီးကပ်ရင် ပြဿနာဖြစ်နိုင်တယ်လို့ ကန့်ကွက်တာကြောင့် ဒီအစီအစဉ်ကို ဆိုင်းငံ့ခဲ့ရတယ်လို့ မြို့မိမြို့ဖတဦးက ပြောပါတယ်။
ဆိုင်းငံ့ခံရတဲ့ မြေပုံမွတ်စလင်ဒုက္ခသည်စခန်းတွင်းက ဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းတဲ့အခါ သူတို့အနေနဲ့ ရေဒီယိုသတင်းကိုသာ နားစွင့်နေရပြီး မုန်တိုင်းအတွက် စိုးရိမ်ပူပန်နေတာကို ပြောပြကြပါတယ်။
“အဆောင်တွေမှာထားတာကို သူတို့လက်မခံဘူး။ သူတို့ မွတ်ဆလင်တွေနဲ့ အနီးကပ်မနေနိုင်ဘူး ပြောတယ်။ အုပ်ချုပ်ရေးမှူးက ကျနော်တို့တဲတွေနဲ့ မနက်ဖြန် ၁၂ နာရီ ရွှေ့လို့ရတဲ့နေရာ ရွှေ့ပေးမယ်တော့ ပြောထားတယ်။”
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီက မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကို ဆက်သွယ်မေးမြန်းရာမှာ အခက်အခဲကြုံလာရင် ဘာသာလူမျိုးမခွဲဘဲ အမိုးအကာရောက်ရေးနဲ့ အသက်ရှင်သန်နိုင်ရေး ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။
ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တဦးဆိုပေမယ့် သဘာဝဘေးဒဏ်ကြိုတင် ကာကွယ်စီမံတဲ့နေရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက တိုင်ပင်ညှိနှိုင်းခြင်းမရှိတာကြောင့် အခုကိစ္စမှာ ကြားဝင်ဆောင်ရွက်ရေး ခက်ခဲနေတယ်လို့ ပြောပါတယ်။
Wed, 05/15/2013 - 06:46
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ထဲမှာ ရှိတဲ့ ၁၀ ရွာလောက်က ရေလုပ်သား ၄၀၀ လောက်ဟာ အင်းလေလံ လုပ်ကိုင်ခွင့်ရရှိရေးအတွက် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနအနီးမှာ ဒီမနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒေသခံ ရေလုပ်သားတဦးက “စားသောက်နေရတာ အခက်အခဲဖြစ်နေလို့ပါ။ ငါးလုပ်ငန်းဦးစီးက လုပ်ငန်းရှင်တွေနဲ့ လုပ်စားရိုက်စားပေါင်းစားလုပ်နေလို့ ဒေသခံတွေကို အင်းတွေမချပေးလို့ ဆန္ဒပြတာပါ။ တခြား မတောင်းဆိုပါဘူး။ နိုင်ငံတော်က ကြမ်းခင်းဈေးလေးနဲ့ပဲ ချထားပေးဖို့၊ ပြီးခဲ့တဲ့ ၂ လလောက်ကတည်းက တရားဝင်စာတင်တာလည်း အကြောင်းမထူးဘူး။ အသိအမှတ်မပြုခဲ့ဘူး။ မအူပင်မြို့နယ်က ရှိသမျှ ရေလုပ်သားအကုန်လုံးပါပဲ။ အင်း၊ ချောင်းနဲ့ မြောင်းတွေအတွက်ပါ။ ဘုံစားအင်းက နှစ်စဉ်နှစ်တိုင်း လုပ်စားနေတဲ့ ကြေးတိုင်အင်းသူကြီးတွေကိုပဲ ပေးလိုက်ပြီတဲ့။ အသင်းအဖွဲ့အစည်းတွေကို မပေးနိုင်ဘူးလို့ ခရိုင်ငါးဦးစီးက ပြောတယ်။ ငါးဦးစီးနဲ့ပေါင်းပြီး နှစ်စဉ်နှစ်တိုင်းယူနေတာပဲ။ ဒေသခံတွေကို ချပေးလို့မရဘူးတဲ့။ မကွာပါဘူး၊ ကျနော်တို့က ကြေးတိုင်အင်းကိုလည်း ကျနော်တို့ သတ်မှတ်တဲ့ဈေးကို ပေးမှာပါ။”
အင်းလုပ်ကိုင်ခွင့် မရရင် ဒီနှစ်ကျောင်းဖွင့်ချိန်မှာ ကလေးတွေကို ကျောင်းထားဖို့ အခက်အခဲရှိတယ်လို့လည်း သူက ပြောပါတယ်။
တိုင်းငါးလုပ်ငန်းဦးစီးဌာနမှာ အင်းတွေကို ရေလုပ်သားတွေကိုသာ ထင်သာမြင်သာ ရောင်းချပေးရမယ်လို့ ရေးသားဖော်ပြထားတဲ့အတွက် လုပ်ကိုင်ခွင့်မရဘူးဆိုရင် နောက် ၁ ပတ်အကြာမှာ ထပ်ပြီးဆန္ဒထုတ်ဖော်သွားမယ်လို့ နွားပြာကြီးကျေးရွာအုပ်စုက ဦးကျော်ဇေယျက ပြောပါတယ်။
“အင်းလုပ်သားတွေကတော့ မြေကြီးလိုက်တူး၊ ကြုံရာကျပန်းပဲ လုပ်ကိုင်စားနေရတယ်။ တိုင်းငါးလုပ်ငန်းဦးစီးဌာနမှာရေးထားတဲ့စာလေးကတော့ ဒီအင်းတွေကိုရောင်းချတဲ့အခါ ထင်သာမြင်သာရောင်းချရမယ်။ အင်းတွေကို ဒေသခံရေလုပ်သားတွေကိုသာ ရောင်းချခွင့်ရှိတယ်။ တဆင့်ခံအင်းပွဲစားတွေကို ရောင်းချခွင့်မရှိလို့ ရေးထားတယ်။ အဲဒီညွှန်ကြားချက်လေးကို သူတို့ဘက်က လိုက်လျောပေးဖို့ မျှော်လင့်ပါတယ်။ မလိုက်လျောပေးဘူးဆိုရင် နောက် ၇ ရက်ကြာတဲ့အခါ ထပ်ပြီးဆန္ဒဖော်ထုတ်မှာပါ။”
Wed, 05/15/2013 - 05:48
မြန်မာစံတော်ချိန် ၁၅း၃၀ နာရီအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ မောင်တောမြို့၏ အနောက်တောင်ဘက်မိုင် ၃၀၀ ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက်မိုင် ၃၁၀ ခန့်၊ ကျောက်ဖြူမြို့၏ နောက်တောင်ဘက်မိုင် ၃၃၀ ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ ၏ တောင်ဘက်မိုင် ၂၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသော မဟာစင်ဆိုင်ကလုန်းမုန်တိုင်း သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။
မုန်တိုင်းဗဟိုချက်အနီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ မိုင် ၆၀ အထိ ရှိနိုင်ပါသည်။ နောက်ဆုံးတိုင်းထွာရရှိသော ခန့်မှန်းချက်အရ မေ ၁၆ ရက်နေ့ ညပိုင်းခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့နဲ့ မြန်မာနိုင်ငံ မောင်တောမြို့အကြား ကမ်းခြေဒေသများဆီသို့ ဖြတ်ကျော် ၀င်ရောက်နိုင်ကြောင်း ခန့်မှန်းရပါသည်။
မုန်တိုင်းကမ်းခြေကို ဖြတ်ကျော်စဉ် မောင်တောခရိုင်ကမ်းခြေတွင် မုန်တိုင်းကြောင့် မြင့်တက်သော ရေလှိုင်းမှာ ၈ ပေမှ ၁၀ ပေအထိနှင့် စစ်တွေခရိုင်ကမ်းခြေတွင် မုန်တိုင်းကြောင့် မြင့်တက်သော ရေလှိုင်းမှာ ၆ ပေမှ ၈ ပေအထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းရပါသည်။
ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍မိုးကြီးမည်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမပင်လယ်ကွေ့၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် ၁ နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်မည် ဖြစ်ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့်သို့ ရောက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေဒေသနဲ့ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းဒေသများဆီသို့ ဦးတည်ရွေ့လျားနေသည့်အခြေအနေ ဖြစ်ပါသည်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးနဲ့ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် မုန်တိုင်းအန္တရာယ် ရှောင်ရှားရန် လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။
Pages