Democratic Voice of Burma
Updated: 13 hours 50 min ago
Wed, 05/15/2013 - 05:45
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်က အိမ်မီးလောင်ခံခဲ့ရတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟူးကောင်းဒေသ ၀ါရာဇွပ်ရွာက ရွာသားတွေဟာ နေအိမ်ပြန်ဆောက်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဝင် ဒေါ်ဘောက်ဂျာက ပြောပါတယ်။
ကလေးအများစုပါဝင်တဲ့ လူပေါင်း ၃၀၀ လောက်ဟာ မီးလောင်ပြီးကတည်းက ဘုရားရှိခိုးကျောင်းမှာ ခိုလှုံနေတဲ့သူတွေ ရှိသလို၊ ပလတ်စတစ်မိုးကာနဲ့ ဖြစ်သလို တဲထိုးပြီး နေနေတဲ့ လူတွေလည်းရှိကြောင်း၊ မိုးဦးရာသီရောက်ပြီဖြစ်တဲ့အတွက် နေအိမ်ပြန်ပြင်ဖို့ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။
စားနပ်ရိက္ခာအတွက်ကတော့ ဘာသာရေးအဖွဲ့အစည်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းက ဆန်တွေ လာရောက်လှူဒါန်းထားပြီး လူ ၁ ဦးကို ဆန် ၆ ပြည် ခွဲတမ်း ရထားတယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။
ဧပြီ ၂၆ ရက်နေ့ နေ့ခင်းပိုင်းက ယုဇနကုမ္ပဏီပိုင် ခြံထဲမှာ ခြုံနွယ်ပင်တွေ မီးရှို့ရာကနေ ကူးစက်လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် နေအိမ်ပေါင်း ၅၀ နီးပါးနဲ့ စပါးကျီတွေ၊ စက်ဘီး၊ ဆိုင်ကယ်နဲ့ အိမ်အသုံးအဆောင်တွေ ပျက်စီးခဲ့ပါတယ်။ သူတို့ရွာဟာ မြို့နဲ့အလှမ်းဝေးတဲ့အတွက် ရွာမှာရှိတဲ့ အိမ်ခြေတ၀က်ကျော် မီးလောင်ပြီးမှ မီးသတ်ကားတွေ ရောက်လာတယ်လို့ ဘာသာရေးဆရာ တဦးက ပြောပါတယ်။
Wed, 05/15/2013 - 05:35
မြန်မာနိုင်ငံမှာ စတော့ရှယ်ယာရောင်းဝယ်ရေးဈေးကွက် ဖွံ့ဖြိုးလာဖို့ ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးဥပဒေကို ရေးဆွဲထားပြီးဖြစ်ကာ မကြာခင် ဥပဒေပေါ်ထွက်လာတော့မယ်လို့ မြန်မာငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးစင်တာမှ အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါဥပဒေပေါ်ထွက်လာမှသာ ဥပဒေရေးရာကော်မတီတွေကို ဖွဲ့စည်းနိုင်မှာဖြစ်ပြီး သူတို့အနေနဲ့ စတော့ရှယ်ယာရောင်းဝယ်ရေးဈေးကွက် ပေါ်ပေါက်လာဖို့အတွက် လုပ်ဆောင်နိုင်မယ်လို့လည်း ဆိုပါတယ်။
“ငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရေးဥပဒေကို ပြီးခဲ့တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ တင်ပြခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့ပြီး သမ္မတလက်မှတ်ထိုးဖို့အတွက် သမ္မတရုံးဆီ ဆက်လက် တင်ထားခဲ့ပါတယ်။ အဲ့ဒီမှာ ပြင်ဆင်ချက် အချက်၂၀ လောက် ရှိတယ်ဆိုပြီး ကျနော်တို့ဆီ ပြန်ချပေးတယ်။ ဒါကြောင့် အဲ့ဒီအချက်တွေကို ပြန်လည်ပြင်ဆင်ထားပြီးဖြစ်လို့ လာမယ့်ဇွန်လမှာ ကျင်းပမယ့် လွှတ်တော်မှာ ဒါကိုပြန်တင်သွားမှာဖြစ်ပါတယ်။ အဲ့ဒီအခါ ခွင့်ပြုသွားမှာဖြစ်လို့ ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေး ဥပဒေက မကြာခင်ပေါ်ထွက်လာမှာဖြစ်ပါတယ်” လို့ ဦးသက်ထွန်းဦးက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ စတော့ရောင်းဝယ်ရေးဈေးကွက်ကြီး ပေါ်ပေါက်လာဖို့ဟာ အဲဒီဥပဒေထွက်ပေါ်လာပြီး နောက်ပိုင်းမှာလည်း ဆက်လက်လုပ်ဆောင်ရမှာတွေ အများကြီးရှိနေသေးတယ်လို့လည်း ဆိုပါတယ်။
“ဘာလို့လဲဆိုတော့ စတော့ရှယ်ယာရောင်းဝယ်ရေးဈေးကွက် ပေါ်ပေါက်လာဖို့အတွက် ၀ိုင်းဝန်းပံ့ပိုးပေးရမယ့် missionတွေ ရှိပါတယ်။ ပြီးတော့ အများနဲ့သက်ဆိုင်တဲ့ ကော်ပိုရေးရှင်းတွေကို စတော့အိတ်ချိန်းမှာ listed ကုမ္ပဏီစာရင်းဝင်အနေနဲ့ ပါဝင်လာအောင် လုပ်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် အတောင်အလက် ပြည့်စုံတဲ့ ဒီအဆောက်အအုံကြီး ပေါ်ပေါက်လာဖို့အတွက် လုပ်ရမှာတွေက အများကြီးရှိနေပါတယ်။ ဒါတွေကိုလည်း လာမယ့် ၂ နှစ်အတွင်းမှာ အပြီးအစီး လုပ်ဆောင်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။”
အာဆီယံဒေသတွင်းနိုင်ငံများနှင့် အပြန်အလှန်သဘောတူညီမှုအရ မြန်မာနိုင်ငံအနေနဲ့ လာမယ့်၂၀၁၅ ခုနှစ်မှာ စတော့ရောင်းဝယ်ရေးဈေးကွက်ကြီး ပေါ်ထွန်းလာဖို့အတွက် ကတိက၀တ်ပြုထားတာဖြစ်ပါတယ်။
ဒါကြောင့် ကြိုတင်ပြင်ဆင်ချိန်ကာလ ဒီ ၂ နှစ်အတွင်းမှာ အားလုံးပြီးပြည့်စုံတဲ့ စတော့အိတ်ချိန်းကြီး ပေါ်ပေါက်လာဖို့အတွက် အရေးကြီးဆုံးက ဥပဒေရှိဖို့လိုပါတယ်။ ဒီဥပဒေအရ ကော်မတီတွေ ဖွဲ့စည်းပိုင်ခွင့်ရှိပြီး အဲဒီ ကော်မတီတွေကတဆင့် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ရမှာဖြစ်ပါတယ်။
ဒီ့အတွက် ပထမဆုံးလုပ်ရမယ့်အပိုင်းက စတော့အိတ်ချိန်း ထူထောင်ဖို့နဲ့ ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးကော်မတီတွေ ပေါ်ပေါက်လာဖို့ လုပ်ပေးရပါမယ်။ ဒီအဆင့်တွေပေါ်လာပြီးတဲ့နောက် စာရင်းရှင်းလင်းရေးစနစ်တွေ၊ အပ်နှံရေးစနစ်တွေ၊ အများနဲ့သက်ဆိုင်တဲ့ကော်ပိုရေးရှင်းတွေကို စတော့ရှယ်ယာဈေးကွက်မှာ listed စာရင်းဝင်တဲ့ကုမ္ပဏီတွေအနေနဲ့ ပါဝင်လာဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်လို့ ဦးသက်ထွန်းဦးက ပြောပါတယ်။
မြန်မာ့စီးပွားရေးဘဏ်နဲ့ ဂျပန်နိုင်ငံ ဒိုင်ဝါငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်ရေး စင်တာတို့က မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ စတော့ရောင်းဝယ်ရေးဈေးကွက် ဖြစ်ပေါ်လာဖို့အတွက် ယာယီ ပြင်ဆင်တဲ့ အနေနဲ့ အသေးစားအဆင့် စတော့ရှယ်ယာရောင်းဝယ်နိုင်တဲ့ open the counter ကို ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံသားများဘဏ်နဲ့ သစ်တောဖက်စပ်ကော်ပိုရေးရှင်းတို့ရဲ့ အစုရှယ်ယာတွေရဲ့ အရောင်းအ၀ယ်ကို ၀န်ဆောင်မှုပေးနေပါတယ်။
Wed, 05/15/2013 - 05:20
သီရိလင်္ကာနိုင်ငံမှာ မဟာစင် ဆိုင်ကလုန်း မုန်တိုင်း ဒီနေ့ ၀င်ရောက်တိုက်ခတ်သွားတာကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရသွားတယ်လို့ သီရိလင်္ကာ အစိုးရ အာဏာပိုင်တွေက ပြောပါတယ်။
မုန်တိုင်းကြောင့် မိုးသက်လေပြင်းတွေ ကျရောက်ပြီး မြေပြိုကျမှုတွေလည်း ဖြစ်ပွားခဲ့ပြီး မိသားစုပေါင်း ၃၀၀၀ နီးပါး၊ လူပေါင်း ၁၁,၀၀၀ ကျော် မုန်တိုင်းဒဏ်ခံခဲ့ရတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
(ဓာတ်ပုံ- ရိုက်တာ)
သီရိလင်္ကာ သဘာဝဘေး စီမံရေးဌာန ပြောရေးဆိုခွင့်ရှိသူ လယ်ဆာရတ်ကုမာရက မုန်တိုင်းဟာ လာမယ့်ရက် အနည်းငယ်အတွင်း အားပျော့သွားလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။
“နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းကို ဆိုးဆိုးရွားရွားဝင်ရောက် တိုက်ခတ်သွားတဲ့ ဆိုင်ကလုန်းဒဏ်ခံရမှုဟာ လျော့ပါးသွားပါပြီ။ ဆိုင်ကလုန်းဟာ အခုဆိုရင် သီရိလင်္ကာ ကမ်းရိုးတမ်းကနေ ကီလိုမီတာ ၁၀၀၀ (၆၂၁ မိုင်ကျော်) လောက် အဝေးကို ရောက်ရှိသွားပြီး နောက်ရက်ပိုင်းအတွင်းမှာ အခြေအနေ သက်သာသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ လယ်ဆာရတ်ကုမာရက ပြောပါတယ်။
သီရိလင်္ကာ မိုးဇလဌာနကတော့ မဟာစင် ဆိုင်ကလုန်း ဗဟိုချက်ဟာ နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းက ပေါ့တူဗီလ်မြို့ရဲ့ ၉၀၀ ကီလိုမီတာ(၅၅၉ မိုင်ကျော်) လောက်မှာ ရှိတယ်လို့ ပြောပါတယ်။ ဒီမုန်တိုင်းဟာ ရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကို ၀င်ရောက်တိုက်ခတ်သွားဖို့ ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
Wed, 05/15/2013 - 04:57
နယ်သာလန် အခြေစိုက် ဟန်နီကမ် (Heineken) ဘီယာကုမ္ပဏီက မြန်မာက ဘီယာကုမ္ပဏီနဲ့အကျိုးတူ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ဖို့အတွက် မြန်မာနိုင်ငံကို ၀င်ရောက်တော့မှာ ဖြစ်ပါတယ်။
မြန်မာက အလိုင်းရင့် ဘရှုးဝါရီ ကုမ္ပဏီ (ABC) နဲ့ ဟန်နီကမ် ဘီယာကုမ္ပဏီတို့ မြန်မာပြည်မှာ အကျိုးတူ ပူးပေါင်းထုတ်လုပ်ရောင်းချဖို့ ဟန်နီကမ် ကုမ္ပဏီက မေလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။
အကျိုးတူ ပူးပေါင်းလုပ်ဆောင်ဖို့ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မတီထံကနေ အတည်ပြုချက်ရရှိခဲ့ပြီးတော့ ရန်ကုန်အနီးနားမှာ ဘီယာချက်စက်ရုံ တည်ထောင်ကာ ၂၀၁၄ ခုနှစ်မှာ စတင်နိုင်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်းလည်း ကြေညာချက်က ရေးပါတယ်။
လုပ်ဆောင်ခွင့်ရတဲ့ ABC ကုမ္ပဏီကို ဦးအောင်မိုးကျော်က ပိုင်ဆိုင်တာဖြစ်ပြီး အကျိုးတူ ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ စီစဉ်ထားပြီးတော့ အလုပ်အကိုင် ၄၀၀ လောက် ဖန်တီးပေးနိုမှာ ဖြစ်ပါတယ်။
ဟန်နီကမ် အမှုဆောင်အကြီးအကဲကတော့ ဒီလိုလုပ်ဆောင်ခွင့်ရတာဟာ စိတ်လှုပ်ရှားစရာ အခွင့်အရေးတခုဖြစ်ပြီးတော့ ဒီရင်းနှီးမြှုပ်နှံမှုကနေ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ်လို့ ပြောပါတယ်။
ဒီကိစ္စအတွက် ဦးအောင်မိုးကျော်ကို ဆက်သွယ်ပေမယ့် ဆက်သွယ်မရဖြစ်ခဲ့ပြီး သူ့ရဲ့ အတွင်းရေးမှူးကတော့ ဒီကိစ္စကို မသိတဲ့အကြောင်း ပြောပါတယ်။
သဘောတူညီချက်အရ အကျိုးတူ လုပ်ငန်းအတွက် ဟန်နီကမ်က ၅၇ ရာခိုင်နှုန်း ထိန်းချုပ်ထားပြီး စီမံခန့်ခွဲမှုတွေအားလုံးကို လုပ်ဆောင်မှာဖြစ်သလို ဘီယာချက်လုပ်ပုံနဲ့ နည်းပညာတွေကိုလည်း ထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ ဟန်နီကမ်ရဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။
ဧပြီ ၂၂ ရက်နေ့ နောက်ပိုင်း ဥရောပသမဂ္ဂက မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့တာတွေ ရုပ်သိမ်းပြီးတဲ့ နောက်မှာ ဟန်နီကမ်က အခုလို ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်တုန်းကလည်း ဟန်နီကမ်က မြန်မာနိုင်ငံမှာ ၀င်ရောက် လုပ်ကိုင်ခဲ့ပေမယ့် ပြန်လည် ရုပ်သိမ်းသွားခဲ့ပါတယ်။
ဇန်န၀ါရီလက မြန်မာ ရင်းနှီးမြှုပ်နှံမှုကော်မတီက ဒေသတွင်းမှာ လုပ်ဆောင်ဖို့ အတွက် နိုင်ငံတကာ ကုမ္ပဏီတွေကို လိုင်စင် ၄ ခုကမ်းလှမ်းခဲ့ပါတယ်။
ဖေဖော်ဝါရီလက ထိုင်းအဖျော်ယမကာကလည်း ချမ်းဘီယာစက်ရုံတွေကို ရန်ကုန်၊ မန္တလေးနဲ့ ရှမ်းပြည်မှာ ထုတ်လုပ်ဖို့ ခွင့်ပြုချက်ရရှိခဲ့သလို ဒိန်းမတ် ကားလ်ဘတ်စ်က မြန်မာဂိုးဒင်းစတားနဲ့ လက်တွဲလုပ်ဆောင်ဖို့အတွက် အတည်ပြုချက်ရရှိခဲ့တယ်လို့ ထိုင်း အခြေစိုက် ဘန်ကောက်ပိုစ့် သတင်းက ရေးပါတယ်။
မြန်မာအဖျော်ယမကာ ကုမ္ပဏီ (MBL)ဟာ နိုင်ငံတွင်းမှာ အကြီးဆုံး ဘီယာကုမ္ပဏီဖြစ်ပြီးတော့ ဦးပိုင်က ၄၅ ရာခိုင်နှုန်းနဲ့ စကာင်္ပူအခြေစိုက် ကုမ္ပဏီတွေက အကျိုးတူ လုပ်ဆောင်နေတာတာလို့လည်း သတင်းက ဆိုပါတယ်။ တိုက်ဂါး၊ မြန်မာ၊ အေဘီစီစတော့၊ မြန်မာဒွာဗာလ်စတောင်း၊ ဘာရွန်စတောင်းနဲ့ အာဒမန်ဂိုလ်း ဘီယာတွေကို ထုတ်လုပ်တယ်လို့ ဆိုပါတယ်။
ပက်စီ၊ ကိုကာကိုလာ အချိုရည်ကုမ္ပဏီတွေ၊ ကားလ်ဘတ် ဘီယာနဲ့ ဖိုဒ် ကားကုမ္ပဏီတွေကလည်း မြန်မာကို ၀င်ရောက်ဖို့ ကြေညာထားပါတယ်။
Wed, 05/15/2013 - 04:55
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ် ထွက်ပြေးနေတဲ့ ဒုက္ခသည်တွေ နေရင်းရွာမှာ ပြန်နေကြဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီဝင်တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေ ဒေသထဲ ကွင်းဆင်းပြီး စည်းရုံးဆောင်ရွက်နေပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်နဲ့ တန့်ယန်းမြို့နယ်ထဲက ဒေသခံရွာသားတွေ နေရင်းရွာပြန်လာဖို့ အတွက် ဆောင်ရွက်နေကြတာပါ။
နမ့်ခမ်းမြို့နယ်မှာ တရုတ်နယ်စပ်ဘက် ထွက်ပြေးသွားတဲ့ ဒေသခံပေါင်း ၂ ထောင်ကျော် ပြန်လာဖို့နဲ့ ရွာထဲက လက်နက်ကြီး ထိမှန်မှုကြောင့် ဆုံးရှုံးမှုစာရင်းတွေ ကောက်ယူဖို့ မေ ၁၄ ရက်နေ့ကစပြီး ကွင်းဆင်း ဆောင်ရွက်နေတယ်လို့ ကျားဖြူပါတီက နမ့်ခမ်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာစိုင်းကျော်အုန်းက ပြောပါတယ်။
“မကြောက်ဘဲနဲ့ ပြန်လာကြပါ။ ပျက်စီးသွားတဲ့ အိမ်တွေနဲ့ ဆုံးရှူံးသွားတဲ့ ပစ္စည်းတွေကို စာရင်းကောက်ပြီး အထက်ကိုတင်ပြီး လျော်ကြေးပေးမယ်။ စားစရာ ဆန်တွေဘာတွေလာယူပါ၊ ဆေးအဖွဲ့လည်းလာမယ်၊ နာမကျန်းဖြစ်တာတွေ လာကုပေးမယ်။ အိမ်ဆိုင်ဖွင့်ထားသူတွေကလည်း သူတို့ပျောက်ဆုံးတာတွေ တင်ပြကြတယ်၊ ပိုက်ဆံပျောက်တာလည်း ရှိကြတယ်။ အားလုံးက သေနတ်သံကြားတာနဲ့ ကိုယ်လွတ်ရုန်းထွက်ပြေးရတာလေ၊ ဘာမှမယူနိုင်ဘူး။”
ရွာသားတွေ ပြန်လာဖို့ ရွာထဲမှာ အသံချဲ့စက်နဲ့ ခေါ်ယူနေသလို သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ကလည်း ရွှေလီမြစ်တဘက်ကမ်းကို ဖုန်းနဲ့ ဆက်တိုက်လှမ်းပြီး အကြောင်း ကြားနေကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် မနေ့ကအထိ နမ့်ခမ်းမြို့နယ် နောင်မတာ ရွာနဲ့ နောင်ခမ်းရွာမှာ ပြန်လာသူ ၄၀ ကျော်ပဲ ရှိသေးကြောင်း၊ အများစုက ရွာထဲမှာ အစိုးရတပ်တွေ နေရာယူထားတဲ့အတွက် ပြန်မလာရဲဘူးလို့ ပြောကြောင်း၊ သူတို့အဖွဲ့ကတော့ အစိုးရတပ်တွေ ရွာထဲ အမြဲနေမှာ မဟုတ်ဘဲ ခေတ္တအခြေအနေ လာထိန်းတဲ့အကြောင်း ပြောဆိုထားတယ်လို့ ဒေါက်တာစိုင်းကျော်အုန်းက ဆက်ပြောပါတယ်။
ဗျူဟာမှူးကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့တိုက်ပွဲမှာ မလွန်ဆန်နိုင်လို့ ရှမ်းတပ်ဘက်ကနေ ၀င်ကူတိုက်ပေးသူ ပါရင်တောင် အရေးယူမှာ မဟုတ်ကြောင်း၊ လက်နက် လာအပ်စေလိုကြောင်း ပြောထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၉ ရက်နေ့က အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း အဖွဲ့တို့ကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် တရုတ်ပြည်ဘက်ခြမ်းကို ထွက်ပြေးတဲ့ ဒုက္ခသည်တွေဟာ နမ့်ခမ်းမြို့နယ် ဆစ်ကောဝ့်ဝမ့်ကျေးရွာအုပ်စုထဲမှာရှိတဲ့ ရွာပေါင်း ၁၉ ရွာက ဖြစ်ပါတယ်။
နောက်နေ့တွေလည်း ဌာနဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ဆက်ပြီး ကွင်းဆင်းသွားမယ်လို့ ဒေါက်တာစိုင်းကျော်အုန်းက ပြောပါတယ်။
အလားတူ တန့်ယန်းမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေကိုလည်း နေရင်းရွာ ပြန်ကြဖို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေ မေ ၁၃ ရက်နေ့က လာရောက် ပြောကြားခဲ့တယ်လို့ တန့်ယန်း စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီရေးအဖွဲ့က စိုင်းအောင်ပက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့က တန့်ယန်းမြို့မှာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ အဖွဲ့ဝင်တွေ၊ ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ စတဲ့ ၃ ပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး မလိုလားအပ်တဲ့တိုက်ပွဲတွေ မဖြစ်ပွားရေး၊ အပစ်အခတ်ရပ်စဲရေး သဘောတူချက် ရထားပြီး ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။
ဒါကြောင့် ရှေ့လျှောက်တိုက်ပွဲတွေ ရှိတော့မှာမဟုတ်တဲ့အတွက် ဒုက္ခသည်တွေ အေးချမ်းစွာ ရွာပြန်နိုင်ပြီလို့ လာပြောသွားကြောင်း၊ အောင်မင်္ဂလာ ဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံနေတဲ့ ဒုက္ခသည်ပေါင်း ၃၀၀ ကျော် မနေ့ကစပြီး တဖွဲဖွဲ အိမ်ပြန်ကုန်ပြီလို့ စိုင်းအောင်ပက ဒီဗွီဘီကို ပြောပါတယ်။
Wed, 05/15/2013 - 03:25
မိုးဇလဦးစီးဌာနမှ ၂၀၁၃ခုနှစ် မေ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် (၁၃း၀၀) နာရီ အချိန် ထုတ်ပြန်ချက်
နောက်ဆုံးတိုင်းထွာရရှိတဲ့ ခန့်မှန်းချက်အရ မေ ၁၆ ရက်နေ့ ညပိုင်းခန့်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့နဲ့ မြန်မာနိုင်ငံ မောင်တောမြို့အကြား ကမ်းခြေဒေသတွေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးဇလက ကြေညာထားပါတယ်။
မုန်တိုင်း ကမ်းခြေကို ဖြတ်ကျော်စဉ် မောင်တောခရိုင်ကမ်းခြေတွင် မုန်တိုင်းဒီရေ အမြင့်ဆုံး ၈ ပေမှ ၁၀ ပေအထိနဲ့ စစ်တွေခရိုင် ကမ်းခြေတွင် မုန်တိုင်းဒီရေအမြင့်ဆုံး ၆ ပေမှ ၈ အထိ မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးနဲ့ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် မုန်တိုင်းအန္တရာယ်ရှောင်ရှားရန် လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။
မေ ၁၆ တွင် မဟာစင်မုန်တိုင်း ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကို ၀င်နိုင်
မဟာစင် ဆိုင်ကလုန်းမုန်တိုင်းဟာ လိမ္မော်ရောင်အဆင့်ကို ရောက်ရှိနေပြီး မေ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသတွေကို ဖြတ်ကျော် ၀င်ရောက်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ မြန်မာစံတော်ချိန် မနက် ၅ နာရီ ၃၀ မိနစ် အချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မဟာစင် (MAHASEN) ဟာ မြန်မာနိုင်ငံ မောင်တောမြို့ရဲ့ အနောက်တောင်ဘက်မိုင် ၄၂၀ ခန့်၊ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက်မိုင် ၄၂၀ ခန့်၊ ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက်မိုင် ၄၃၀ ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ ရဲ့ အနောက်တောင်ဘက်မိုင် ၄၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။
မဟာစင် ဆိုင်ကလုန်းမုန်တိုင်းဟာ အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းရကြောင်းနဲ့ မုန်တိုင်းဗဟိုချက်အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင် ၆၀ အထိ ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းရဲ့ လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့်ကို ရောက်ရှိပြီး မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေဒေသတွေကို ဦးတည်ရွေ့လျားနေတယ်လို့ သတင်းက ဆိုပါတယ်။
မဟာစင် ဆိုင်ကလုန်းမုန်တိုင်းဟာ အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းရကြောင်းနဲ့ မုန်တိုင်းဗဟိုချက်အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင် ၆၀ အထိ ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလေ်ွာက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊သင်္ဘောတွေအနေနဲ့ မုန်တိုင်းအန္တရာယ်ရှောင်ရှားဖို့ လိုအပ်ကြောင်း အကြံပြုထားပါတယ်။
သမ္မတ ဦးသိန်းစိန်ကတော့ မဟာစင် မုန်တိုင်းအန္တရာယ်ကို ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ရင်ဆိုင်ကျော်လွှားသွားမယ်လို့ မနေ့က သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမမှာ ပြောကြားလိုက်ပါတယ်။
Wed, 05/15/2013 - 03:12
မန္တလေးမြို့မှာ နေ့လည် ၁၂နာရီခွဲက ရွာသွန်းခဲ့တဲ့မိုးကြောင့် လမ်းရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။ မန္တလေးမြိ့ရဲ့ အဓိက လမ်းမတွေဖြစ်တဲ့ ၇၈ လမ်း၊ ၃၅ လမ်း၊ ၈၄ လမ်း၊ ၂၂ လမ်း၊ ၂၆ လမ်းနဲ့ ၇၃ လမ်း အစရှိတဲ့ လူစည်ကားရာအရပ်တွေမှာ ရေလျှံခဲ့တာ ဖြစ်ပါတယ်။
နေ့လည် ၃ နာရီခွဲကျော်မှာ မိုးတိတ်သွားခဲ့ပေမယ့် ရေကြီး ရေလျှံမှုတွေ ဆက်လက်ဖြစ်ပေါ်နေဆဲပါ။
(သတင်းဓာတ်ပုံ – စူပါ)
View Photo Album
Wed, 05/15/2013 - 02:29
ရခိုင်ပြည်နယ် မြေပုံမြို့နယ်က မွတ်စလင်ဒုက္ခသည် ၄၀၀၀ လောက်ကို မုန်တိုင်းမဖြစ်မီ ကာလမှာ ကုန်းအမြင့်ပိုင်းက အဆောက်အဦတွေမှာ မနေ့မွန်းလွဲပိုင်းက နေရာချထားဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက စီစဉ်ပေမယ့် ရခိုင်နယ်မြေခံတွေရဲ့ ကန့်ကွက်ချက်ကြောင့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။
မြေပုံမြို့နယ်က လယ်ကွင်းမှာ နေရာချထားတဲ့ မွတ်စလင်ဒုက္ခသည်တွေကို မနေ့ ၁၂ နာရီမှာ ကုန်းအမြင့်ပိုင်းပေါ်က စီမံကိန်းရုံး၊ စည်ပင်ရုံး၊ စည်ပင်လိုင်းခန်းတွဲ၊ သမ၀ါယမရုံးနဲ့ မူလတန်းကျောင်းကျောင်းကို ပြောင်းဖို့ သတ်မှတ်ထားပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးက မနေ့က စတင်စီစဉ်တုန်းမှာ မကျေနပ်သူတချို့ရဲ့ တားမြစ် ပိတ်ပင်မှုတွေ ကြုံခဲ့ရပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ရခိုင်အမျိုးသမီးကွန်ရက်က ဦးဆောင်ပြီး အုပ်စု ၂ စု နီးကပ်ရင် ပြဿနာဖြစ်နိုင်တယ်လို့ ကန့်ကွက်တာကြောင့် ဒီအစီအစဉ်ကို ဆိုင်းငံ့ခဲ့တာလို့ မြို့မိမြို့ဖတဦးက ပြောပါတယ်။
ဆိုင်းငံ့ခံရတဲ့ မြေပုံမွတ်စလင်ဒုက္ခသည်စခန်းတွင်းက ဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းတဲ့အခါ သူတို့အနေနဲ့ ရေဒီယိုသတင်းကိုသာ နားစွင့်နေရပြီး မုန်တိုင်းအတွက် စိုးရိမ်ပူပန်နေတယ်လို့ ပြောပြကြပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းကို ဆက်သွယ်မေးမြန်းရာမှာ အခက်အခဲကြုံလာရင် ဘာသာ၊ လူမျိုးမခွဲဘဲ အမိုးအကာရောက်ရေးနဲ့ အသက်ရှင်သန်နိုင်ရေး ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။
ဒါအပြင် လွှတ်တော်အမတ်တဦး ဆိုပေမယ့် သဘာဝဘေးဒဏ် ကြိုတင်ကာကွယ် စီမံတဲ့နေရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက တိုင်ပင်ညှိနှိုင်းခြင်းမရှိတာကြောင့် အခုကိစ္စမှာ ကြားဝင်ဆောင်ရွက်ရေးခက်ခဲနေတယ်လို့ ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးဖေသန်းနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
Wed, 05/15/2013 - 02:08
အစ္စလာမ် ဘာသာဝင်တွေရဲ့ နှစ်စဉ်သွားနေကြ ဟာ့ခ်ျဘုရားဖူးခရီးစဉ်နဲ့ ပတ်သက်ပြီး အရင်တုန်းကလို သာသနာရေးဝန်ကြီးဌာနက ထိန်းချုပ်တော့မှာ မဟုတ်ဘဲ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးတွေရဲ့ ဦးဆောင်မှုတွေနဲ့ပဲ စီမံဆောင်ရွက်သွားဖို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောပါတယ်။
မတ် ၁၄ ရက်နေ့က ရန်ကုန်တိုင်း သာသနာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမှာ ကျင်းပတဲ့ ၂၀၁၃ ခုနှစ် ဟာ့ခ်ျ ဘုရားဖူး စေလွှတ်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပွဲမှာ ခုလို ပြောလိုက်တာပါ။
အစ္စလာမ်ဘာသာဝင်တွေရဲ့ မက္ကာမြို့မှာ ပြုလုပ်တဲ့ ၀တ်ပြုမှု ဟာ့ခ်ျဘုရားဖူး ခရီးစဉ်အတွက် မြန်မာနိုင်ငံက လာရောက်နိုင်တဲ့ ဘုရားဖူး အရေအတွက်ကို ဆော်ဒီအစိုးရကနေ သတ်မှတ်ပေးတာဖြစ်ပြီး ဘယ်သူတွေကို သွားရောက်ခွင့် ပေးမလဲဆိုတာကို သာသနာရေးဝန်ကြီးဌာနက ဦးစီး စီမံခန့်ခွဲ ခွဲတမ်းချပေးရပါတယ်။
ခွဲတမ်းချပေးတဲ့ အရေအတွက်ကနည်းပြီး သွားလိုသူများတဲ့အတွက် အစ္စလာမ် ဟာ့ခ်ျခရီးစဉ် ၀န်ဆောင်မှုအဖွဲ့တွေ အချင်းချင်း မကြာခဏ ပြဿနာ ဖြစ်ပွားလေ့ရှိကြောင်းလည်း သိရပါတယ်။
Wed, 05/15/2013 - 02:07
နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဒုတိယသမ္မတ ၂ ဦးဆောင်တဲ့ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီတရပ်ကို မနေ့က အမိန့်ကြေညာစာ ထုတ်ပြန်ပြီး တာဝန်ပေးလိုက်ပါတယ်။
ဒီတာဝန်အပ်နှင်းမှုဟာ ဘင်္ဂလားပင်လယ်အော်အတွင်း မဟာစင်ဆိုင်ကလုန်းမုန်တိုင်းက လာမယ့် မေ ၁၆ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ကမ်းခြေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို တိုက်ခတ်မယ်လို့ မိုးလေ၀သပညာရှင်တွေရဲ့ တိုင်းထွာထုတ်ပြန်ချက်တွေ နောက်ပိုင်း အမျိုးသားအဆင့် ကိုင်တွယ်ဆောင်ရွက်မယ့် အစိုးရရဲ့ ခြေလှမ်း ဖြစ်ပါတယ်။
ဒီကော်မတီရဲ့တာဝန်ကတော့ သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်တွက်ဆပြီး ကာကွယ်စောင့်ရှောက်ရေးအစီအမံတွေ စနစ်တကျ ပြုလုပ်ထားနိုင်ရေးနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်လာတဲ့ အခြေအနေမှာ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ကူညီရေးလုပ်ငန်းတွေကို လျင်မြန်သွက်လက် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်း တာဝန်ပေးအပ်တာလို့ သမ္မတဦးသိန်းစိန်က ကြေညာချက်မှာဖော်ပြပါတယ်။
ကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌတွေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က တာဝန်ယူမှာဖြစ်ပြီး အဖွဲ့ဝင်တွေအဖြစ် ၀န်ကြီးဌာနအသီးသီးက ပြည်ထောင်စုဝန်ကြီးတွေ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ ဖွဲ့ထားပါတယ်။
ကော်မတီဟာ လုပ်ငန်းစဉ်အကောင်အထည်ဖော်မယ့်အဖွဲ့တွေ ဖွဲ့စည်းတာတွေ၊ အရေးကြီးတဲ့မူဝါဒ ချမှတ်တာတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
နိုင်ငံပိုင်ဘဏ္ဍာနဲ့ အရင်းအမြစ်တွေကို စီမံခန့်ခွဲပြီး လိုတဲ့နေရာမှာ သုံးဖို့၊ ပြည်ပအကူအညီ လိုတယ်လို့ ဆုံးဖြတ်တဲ့ကိစ္စမှာ ပေါင်းစပ်လုပ်ကိုင်ရေးမူဝါဒ ချဖို့နဲ့ လိုအပ်တဲ့နေရာမှာသုံးဖို့အပြင် သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုတွေ ထိရောက်ရေးနဲ့ အခက်အခဲမရှိရေး၊ ကယ်ဆယ်ရေးပစ္စည်းတွေ အလွဲသုံးစားမရှိစေရေးအပြင် သဘာဝဘေး ကြုံတွေ့ချိန်နဲ့ ကြုံတွေ့ပြီးချိန်မှာ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်ရင် အမိန့်နဲ့ ညွန်ကြားချက်တွေ ထုတ်ပြန်ဆောင်ရွက်ဖို့ သမ္မတက ကော်မတီကို တာဝန်အပ်နှင်းထားပါတယ်။
မေ ၁၄ ရက်မှာပဲ သမ္မတက အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီတရပ်ကို ဖွဲ့စည်းထာဝန်ပေးလိုက်ပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ ပြည်ထဲရေးဌာန ပြည်ထောင်စုဒုဝန်ကြီးနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာန ပြည်ထောင်စုဒု-၀န်ကြီးတို့က ဒုဥက္ကဋ္ဌတွေ အဖြစ် ပါဝင်ပါတယ်။
ဒီစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီက ဖွဲ့စည်းမည့် ဆပ်ကော်မတီ ၁၀ ခုက သတင်းနဲ့ ပြန်ကြားရေး၊ အရေးပေါ်ဆက်သွယ်ရေး၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး၊ ပျက်စီးမှုပမာဏ သတင်းရရှိရေးနဲ့ အရေးပေါ်ထောက်ပံ့ရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေး၊ ပို့ဆောင်ရေးနဲ့ လမ်းကြောင်းရှင်းလင်းရေး၊ ဘေးအန္တရာယ်လျော့ပေါ့ရေးနဲ့ အရေးပေါ်အခိုအကာ ထူထောင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးနဲ့ လုံခြုံရေး စတဲ့ ကဏ္ဍအသီးသီးကို ဆပ်ကော်မတီတွေ ဖွဲ့ထားပါတယ်။
မေ ၁၀ ရက်နေ့ကတည်းက အမေရိကန်လေတပ်နဲ့ ရေတပ် ဆိုင်ကလုန်းမုန်တိုင်း ပူးတွဲစောင့်ကြည့်ရေးအဖွဲ့က ဘင်္ဂလားပင်လယ်အော်တွင်းက ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားနေတယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်နဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ မုန်တိုင်းကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။
လက်ရှိသမ္မတဦးသိန်းစိန်ဟာ ၂၀၀၈ ခုနှစ်မှာ နာဂစ်မုန်တိုင်းကာလ လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ရတဲ့ ဧရာဝတီတိုင်းနဲ့ ၂၀၁၀ အောက်တိုဘာမှာတိုက်တဲ့ ဂီရိမုန်တိုင်းကာလ ရခိုင်ပြည်နယ်တွေမှာလည်း နိုင်ငံအကြီးအကဲအဖြစ် ကိုင်တွယ်ခဲ့ဖူးပါတယ်။
Wed, 05/15/2013 - 02:06
နော်ဝေး ဒုနိုင်ငံခြားရေးဝန်ကြီးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီအဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီ ဦးဆောင်တဲ့အဖွဲ့တို့ ပူးပေါင်းပြီး ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ် နောင်ဘိုကြီးကျေးရွာက ဒေသခံ ၃၀၀ ကို ဒီနေ့ မှတ်ပုံတင်ထုတ်ပေးနေပါတယ်။
ဒီအစီအစဉ်ဟာ နော်ဝေနိုင်ငံက ထောက်ပံ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲက တခုဖြစ်တဲ့အတွက် နော်ဝေ ဒု-နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် နောင်ဘိုရွာအထိ လိုက်ပြီး မှတ်ပုံတင်ထုတ်ပေးရေး လုပ်ငန်းစဉ်မှာ ပါဝင်တာလို့ ဒီခရီးစဉ်မှာလိုက်ပါ သတင်းယူတဲ့ ဒီဗွီဘီဝိုင်းတော်သား ဦးတိုးဇော်လတ်က ပြောပါတယ်။
“နော်ဝေ ဒု-နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် လိုက်တာက နော်ဝေကထောက်ပံ့ထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲက တခုဖြစ်လို့ပါ။ ၀န်ကြီး ဦးခင်ရီတို့ကတော့ မိုးပွင့်စီမံကိန်းလို့ ခေါ်တယ်။ မိုးပွင့်စီမံကိန်းဆိုတာက အထူးသဖြင့် ငြိမ်းချမ်းရေးမရှိလို့ အကြောင်းအမျိုးမျိုးကြောင့် အပြင်ရောက်သွားတဲ့ လူမျိုးစုတွေ၊ ဒီနေ့မှာတော့ ကရင်လူမျိုးစုတွေ၊ မှတ်ပုံတင်မရှိသေးသူတွေကို ၁ ရက်တည်းနဲ့ ကော်မတီဖွဲ့ပြီး ပြန်လည်စိစစ်ထုတ်ပေးတာပါ။ နောက် ဒီစီမံကိန်းက ၂၀၁၂ ဇူလိုင်က စတယ်ပြောတယ်။ အခုထိ အားလုံးပေါင်း မှတ်ပုံတင် ၈ သောင်းကျော် ထုတ်ပေးခဲ့ပြီးပြီ။ ၂၀၁၃ ထဲမှာ နောက်ထပ် ၂ သောင်းလောက် ထုတ်ပေးဦးမယ်လို့ နော်ဝေဒုက္ခသည်ကောင်စီ (NRC) ရဲ့ ဒါရိုက်တာ ခရစ်က ပြောထားတယ်။”
မှတ်ပုံတင်မရှိသေးတဲ့သူတွေကို မှတ်ပုံတင်ထုတ်ပေးရေး အစီအစဉ်ကို လာမယ့် ၂၀၁၅ အထိ လုပ်ဆောင်ဖို့ ရှိပြီး ၂၀၁၅ မှာ မြန်မာပြည်သူတွေ မဲပေးနိုင်ခွင့်ရှိအောင် ရည်ရွယ်ပြီး ထုတ်ပေးတာလို့လည်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသွားတယ်လို့ ဆိုပါတယ်။
နိုင်ငံသားစိစစ်ရေးကတ်ပြား ရှိခြင်းအားဖြင့် နိုင်ငံသားတယောက်ရဲ့ ရပိုင်ခွင့် အရေးတွေ ဖြစ်တဲ့ မြေယာပိုင်ဆိုင်ခွင့်နဲ့ သွားလာခွင့်ကို အပြည့်အ၀ ရရှိမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်းဒုက္ခသည်အနေနဲ့ ထွက်ပြေးတိမ်းရှောင်နေရသူတွေကို ပြန်လည် စိစစ်လက်ခံဖို့ လ၀က၊ ဆေးစစ်အဖွဲ့နဲ့ ရပ်မိရပ်ဖတွေ ပါဝင်တဲ့ ကော်မတီဖွဲ့ထားပြီး မှတ်ပုံတင်မရှိသေးတဲ့သူတွေကို ထုတ်ပေးဖို့ လုပ်ဆောင်နေကြောင်း ၀န်ကြီး ဦးခင်ရီက ပြောသွားတယ်လို့ ဆိုပါတယ်။
“၀န်ကြီး ဦးခင်ရီက ဒါကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လုပ်သွားမယ်၊ လောလောဆယ် နေရာ ၃ ခု ကရင်၊ ကယားနဲ့ ရှမ်းပြည် တောင်ပိုင်း မှာလုပ်နေတယ်။ ဆက်ချဲ့လုပ်သွားမယ်ပြောတယ်။ အထူးသဖြင့် အကြောင်းအမျိုးမျိုးနဲ့ ပြည်ပရောက်နေတယ်၊ ဒုက္ခသည်စခန်းမှာရှိသူတွေကို ပြန်ခေါ်မယ်ပြောတယ်။ ဒီနေ့လည်း ဦးခင်ရီနဲ့ နော်ဝေဒုက္ခသည်ကောင်စီ လက်မှတ်ထပ်ထိုးလိုက်တယ်၊ ဆက်တိုးချဲ့လုပ်သွားမှာက မွန်၊ တနသာင်္ရီ၊ ပဲခူးအရှေ့ခြမ်း ရွှေကျင်နဲ့ ကျောက်ကြီးဘက် တိုးလုပ်သွားမယ်လို့ သိရပါတယ်။”
View Photo Album
Wed, 05/15/2013 - 00:54
လက်ရှိအချိန် ရခိုင်ပြည်နယ်မှာ မုန်တိုင်းဘေးက အန္တရာယ်ကင်းစေဖို့အတွက် သက်ဆိုင်ရာက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေတာမှာ မလိုက်နာသူတွေ၊ တားဆီးသူတွေကို ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ ဥပဒေနဲ့ အရေးယူမယ်လို့ သမ္မတရဲ့ ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
ရန်ကုန် ငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ပြုလုပ်တဲ့ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ ဆောင်ရွက်ချက်တွေကို ရှင်းလင်းတဲ့ပွဲမှာ သူက ခုလို ပြောခဲ့တာပါ။
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ရှင်းလင်းပွဲ
သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ တချို့လူတွေအနေနဲ့ သက်ဆိုင်ရာက ဘေးလွတ်ရာ ရွှေ့ပြောင်းတာကို မလိုက်တာဟာ လုံခြုံရေးအရ စိတ်ချမှု မရှိတာရယ်၊ ပြောင်းရွှေ့ပြီးနောက် လက်ရှိနေရာမှာ ပြန်လည် နေထိုင်ခွင့် မရမှာကို စိုးရိမ်တာကြောင့် ဖြစ်ကြောင်း ပြောပါတယ်။
လက်ရှိ အစိုးရဟာ ရခိုင်ပြည်နယ်မှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် လူပေါင်း ၁၉၀၀၀ ကျော်လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီး ဆက်ပြီး ရွှေ့ပြောင်းပေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ လူမှုဝန်ထမ်းဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်နဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်တို့ တက်ရောက် ရှင်းလင်းခဲ့ကြပါတယ်။
Tue, 05/14/2013 - 07:09
ပေါက်တောမြို့နယ် နတ်ချောင်းကျေးရွာ မွတ်ဆလင် ဒုက္ခသည်စခန်းကနေ ဆင်တက်မှော်ကျေးရွာက မွတ်ဆလင်ဒုက္ခသည်စခန်းကို ညသန်းခေါင်ယံ စက်လှေနဲ့ ကူးအလာ မြစ်ထဲမှာ မတ်လ ၁၃ ရက်နေ့ညက လှေမှောက်ပြီး လူ ၁၀၀ ခန့်နစ်မြုပ်ခဲ့တယ်လို့ အဲဒီစက်လှေအုပ်စုမှာပါသူ တဦးက ပြောပါတယ်။ သူတို့ဟာ မုန်တိုင်းအန္တရာယ်ကို ကြောက်လို့ ကုန်းမြင့်ရှိရာနေရာကို စွန့်စားလာရောက်ကြတာဖြစ်ပါတယ်။ လှေပေါ်ပါသူ ၁၂၀ ကျော်ခန့်ထဲက ၁၈ ဦးကို ရေထဲကနေ ဆယ်ယူနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
လှေမှောက်တယ်ဆိုတဲ့ သတင်းကို ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံးရဲ့ ဒေသဆိုင်ရာ အရာရှိတဦးက အတည်ပြုပြောဆိုထားပါတယ်။
တိမ်းမှောက်တဲ့စက်လှေဟာ တခြာစက်လှေတွေနဲ့ စုစုပေါင်း လှေ ၁၀ စီးနဲ့ စွန့်စားထွက်ခွာလာတယ်လို့ သိရပါတယ်။ ဒါကြောင့် အသေးစိတ်သိရအောင် ညကလွတ်မြောက်လာပြီး ဆင်တက်မှော်ရွာရောက်နေသူ တဦးကို ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
Tue, 05/14/2013 - 05:41
မုန်တိုင်းဂယက်ကြောင့် ဆန်ဈေးအဆမတန် မြင့်မတက်အောင် နိုင်ငံတော်အရန်ဆန်ကို ထုတ်ရောင်းပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်း အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။
အစိုးရက ပြည်တွင်းရေယာဉ်တွေရဲ့သွားလာခွင့်ကို ဒီနေ့ကစပြီး ၁၆ ရက်အထိ ယာယီရပ်နားထားတာကြောင့် ရန်ကုန်ဈေးကွက်မှာ ဆန်အ၀င်နည်းခဲ့ပြီး ဆန်ဈေးနှုန်းတွေလည်း အနည်းငယ်မြင့်တက်မှု ရှိလာခဲ့ပါတယ်။
ဦးရဲမင်းအောင်က ဆန်အ၀င်နည်းတာဟာ ရက်ပိုင်းသာဖြစ်တဲ့အကြောင်းနဲ့ ရန်ကုန်မှာ နိုင်ငံတော်အရံဆန်သိုလှောင်တာရှိတဲ့အပြင် ကုန်သည်တွေဆီမှာလည်း ဆန်စပါးက ရှိပြီးသား ဖြစ်တဲ့အတွက် စိုးရိမ်ပူပန်စရာမရှိဘူးလို့ ပြောပါတယ်။
ရန်ကုန်ဈေးကွက်ကို ကားလမ်းနှင့်ရေလမ်းကြောင်းတို့ကနေ နေ့စဉ် ဆန်အိတ်ရေ ၃ သောင်းကနေ ၅ သောင်းအထိ စီးဆင်းဝင်ရောက်နေရာမှာ ဧရာဝတီတိုင်းဒေသကြီးက အများဆုံး ဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဆန်ကြမ်း ဧည့်မထတစ်အိတ်ကို ကျပ် ၁၄၀၀၀-၁၅၀၀၀ ဖြစ်နေပြီး ဆန်ချော ပေါ်ဆန်းတအိတ်ကို ကျပ် ၂၅၀၀၀-၃၀၀၀၀ ဖြစ်နေတာကြောင့် အဆမတန်ဈေးမြင့်တာမဟုတ်ဘဲ ပုံမှန်ဖြစ်လေ့ရှိတဲ့ ဈေးနှုန်းသာဖြစ်ပါတယ်။
ဈေးကွက်ရဲ့သဘောသဘာဝအရ ခွင့်ပြုထားတယ်ဆိုပေမယ့်လည်း အတိုင်းအတာတခုသတ်မှတ်ထားပြီး ခန့်မှန်းဈေးနှုန်းထက် ကြီးသွားမယ်ဆိုရင် အရံဆန်ကိုထုတ်ရောင်းဖို့လဲ အဆင်သင့်ရှိနေတယ်လို့ဆိုပါတယ်၊
ဈေးကွက်မှာ ကုန်စီးဆင်းမှုနည်းလာရင် ၀ယ်လိုအားများလာပြီး ဈေးမြင့်လာမှာဖြစ်ပေမယ့် ဈေးကစားချင်တဲ့သူတွေက မတော်မတရား ဈေးတက်လာရင် အရန်ဆန်ကို ထုတ်ရောင်းမှာဖြစ်လို့ ဘာမျှစိုးရိမ်စရာမလိုပါဘူးလို့ ဦးရဲမင်းအောင်က ပြောပါတယ်။
မုန်တိုင်းရဲ့နောက်ဆက်တွဲအကျိုးဆက်ကြောင့် ဖြစ်ပေါ်လာမယ့် လယ်မြေတွေရဲ့ ရေနစ်မြုပ်မှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုကို လျှော့နည်းစေဖို့အတွက်လည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ အဓိကအားဖြင့် မုန်တိုင်းကျတဲ့မြို့တွေမှာ ထောက်ပံ့ကြေး၊ မျိုးစပါး၊ စတာတွေ ပေးဝေဖြန့်ဖြူးဖို့ အကြမ်းဖျင်း စီစဉ်ထားတယ်လို့ ပြောပါတယ်။
လက်ရှိစိုက်ပျိုးထားတာက နွေစပါးမျိုးဖြစ်တဲ့အပြင် ၅၀ ရာခိုင်နှုန်းကျော်လောက်က ရိတ်သိမ်းပြီးသားဖြစ်လို့ မိုးရေကြောင့် အစိုဓာတ်ပြန်ပြီး အလေအလွင့်ပျက်စီးမှုမများရလေအောင် သတိထား ဆောင်ရွက်ကြဖို့ လိုနေပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ ယခုနှစ်အတွက် နွေစပါးစိုက်ဧက ၁ သန်း နီးပါး စိုက်ပျိုးထားရှိတယ်လို့ သိရပါတယ်။
Tue, 05/14/2013 - 05:20
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲမှာ မေ ၁၃ ရက်နေ့ ည ၉ နာရီခွဲလောက်က အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ကျားဖြူပါတီ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ စိုင်းကျော်အုန်းက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ညပစ်တာက ပစ်တာ ၁၅-၂၀ မိနစ်လောက်။ အောင်မေတ္တာရပ်ကွက် ဆင်ခြေဖုံး မြို့အထွက်နား၊ ရဲ ၂ ယောက် ဒဏ်ရာရတယ်။ နမ့်မတူဘက်က ကားသမား ၂ ယောက်ဆုံးသွားတယ်။ ဆေးရုံမှာ ၄ ယောက်တက်တယ်။ ဘယ်သူတွေလဲဆိုတာ မသိရဘူး၊ မှောင်နေလို့ မမြင်ရဘူးပြောတယ်။”
ဒီကိစ္စနဲ့ ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် ရဲစခန်းက ကင်းလှည့်နေတဲ့ တပ်ကြပ်ကြီး တယောက်နဲ့ ရဲဘော်တယောက် ဒဏ်ရရာသွားတယ်လို့ ပြောပါတယ်။
“ခန့်မှန်းခြေ ၉ နာရီလောက်ကဖြစ်တယ်။ တယောက်က ခြေထောက်၊ ပေါင်နား အရိုးထိသွားပြီး နောက်တယောက်က ဗိုက်ရှပ်ထိသွားပြီး တယောက်က နမ့်ခမ်းဆေးရုံမှာ၊ တယောက်က မူဆယ်ဆေးရုံမှာပါ။ လူကြီးတွေက အပေါ်တော့တင်ထားတယ်၊ ဘယ်သူတွေမှန်းမသိပါဘူး။ လိုက်စုံစမ်းနေဆဲပါ။”
Tue, 05/14/2013 - 05:14
မဟာစင် မုန်တိုင်းအန္တရာယ်ကို ထိခိုက်ဆုံးရှုံးမှုအနည်းဆုံး ဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ရင်ဆိုင်ကျော်လွှားသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
ဒီနေ့ မနက်ပိုင်း သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ ဆိုင်ကလုန်းမုန်တိုင်း မဟာစင်နဲ့ ပတ်သက်တဲ့ ကြိုတင်ညှိနှိုင်း အစည်းအဝေးမှာ သမ္မတက ပြောကြားလိုက်တာပါ။
သမ္မတဦးသိန်းစိန် (သမ္မတရုံးဝက်ဘ်ဆိုဒ်)
သမ္မတ ဦးသိန်းစိန်က မုန်တိုင်းရဲ့ ဦးတည်ရာ လမ်းကြောင်းဟာ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းဒေသကို ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပေမယ့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတွေကိုလည်း မုန်တိုင်းလမ်းကြောင်း ပြောင်းလဲသွားနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ကြဖို့၊ ဒါ့အပြင် ကုန်းတွင်းပိုင်းဖြစ်တဲ့ မကွေးတိုင်းဒေသကြီးကိုလည်း ကြိုတင်ပြင်ဆင်ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
မုန်တိုင်းဝင်ရောက်ပါက အန္တရာယ်အများဆုံးနေရာမှာ ရခိုင်ပြည်နယ် မောင်တောနဲ့ စစ်တွေ ဖြစ်တယ်လို့ ပြောပါတယ်။
စစ်တွေ၊ မြေပုံ၊ ပေါက်တောနဲ့ ကျောက်ဖြူမှာ ဒုက္ခသည် ၁ သိန်းကျော်ရှိပြီး စစ်တွေမှာ ဒုက္ခသည် ၄-၅ သောင်းရှိတယ်လို့ ဆိုပါတယ်။ ဒုက္ခသည်အချို့ကိုသာ အခိုင်အမာ အဆောက်အအုံတွေမှာ ပြောင်းရွှေ့နေရာချထားပြီးပေမယ့် အချို့ဟာ ယာယီတဲတွေမှာ နေထိုင်ဆဲ ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။
မုန်တိုင်းဝင်ရောက်ချိန် လေတိုက်နှုန်းမှာ မိုင် ၁၂၀ လောက် ရှိမှာဖြစ်ပြီး ဒီရေလည်း ဝင်ရောက်နိုင်တဲ့အတွက် ယာယီတဲတွေမှာ နေထိုင်သူတွေ၊ အနိမ့်ပိုင်းဒေသနေ ပြည်သူတွေ အန္တရာယ် ရှိတဲ့အတွက် ဦးစားပေးရွှေ့ပြောင်းပေးနေတယ်လို့ ဆိုပါတယ်။
မေ ၁၆ ရက်မှာ မုန်တိုင်းဝင်ရောက်မယ်လို့ ခန့်မှန်းတွက်ချက်ထားတဲ့အတွက် မေ ၁၃ ရက်ကစတင်ပြီး ကလေးတွေ၊ အမျိုးသမီးတွေ၊ မိအိုဖအိုတွေ၊ နေထိုင်မကောင်းသူတွေကို အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေနဲ့ မုန်တိုင်းဒဏ်ခံနိုင်တဲ့ တောင်ကုန်းနေရာတွေဆီ ရွှေ့ပြောင်းပေးနေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
လုံခြုံရေး၊ စားသောက်ရေး၊ ကျန်းမာရေး အရေးကြီးကြောင်းနဲ့ မုန်တိုင်းဖြတ်သန်းပြီးနောက် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးချိန်မှာလည်း လူမျိုး/ ဘာသာမခွဲခြားဘဲ လူသားချင်း စာနာထောက်ထားပြီး လုပ်ဆောင်ရမှဖြစ်ကြောင်း၊ ဒုက္ခရောက်နေသူအားလုံး အသက်အန္တရာယ် ကင်းရှင်းအောင် ဆောင်ရွက်ဖို့ လိုတဲ့အကြောင်း သမ္မတက ပြောပါတယ်။
အရေးပေါ်ကူညီဖို့ တပ်မတော်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကို အသင့်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
နေရာချထားရာမှာလည်း သူ့နေရာနဲ့သူအံဝင်ခွင်ကျ ဖြစ်အောင် တာဝန်ရှိသူတွေက စနစ်တကျ စီမံဆောင်ရွက်သွားဖို့၊ စားသောက်နေထိုင်ရေးအပြင် သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေးနဲ့ ကျန်းမာရေးကိုလည်း အလေးထားဆောင်ရွက်ကြဖို့၊ လုပ်ဆောင်သင့်တာတွေကို အချိန်နဲ့တပြေးညီ အဖွဲ့တွေ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားကြဖို့ ညွှန်ကြားထားတယ်လို့ မ္မတက ပြောပါတယ်။
အစည်းအဝေးကို သမ္မတအပါအ၀င် ဒုတိယသမ္မတတွေဖြစ်တဲ့ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ ဌာနဆိုင်ရာ အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။
Tue, 05/14/2013 - 04:13
၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တချို့နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့ဟာ ၂ နိုင်ငံ ပြည်သူအကျိုး ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါတယ်။
၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေဖြစ်တဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးနဲ့ ဦးဂျင်မီတို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ယန်ဟွေလန် (H.E. Mr.Yang Houlan) တို့ အဖွဲ့ဟာ မနေ့က သူတို့ရုံးခန်းမှာ ပထမဆုံး လာရောက် တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြတာပါ။
Photo_ Chinese Embassy in Myanmar
နှစ်နိုင်ငံ ပြည်သူအကျိုးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း ဆွေးနွေးခဲ့တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီက ပြောပါတယ်။
“ကျနော်တို့လည်း အကြံပေးလိုက်တာ အစိုးရ-အစိုးရချင်း ဆက်ဆံရေးက ရေရှည် မခိုင်မြဲဘူး။ ပြည်သူ ပြည်သူချင်းဆက်ဆံရေးကသာ ခိုင်မြဲမယ်။ အစိုးရက ခဏပဲ၊ ပြည်သူက ထာဝရပဲ။ ထာဝရ-ထာဝရသမားချင်း ဆက်ဆံမှ ဆက်ဆံရေးခိုင်မာပြီး စစ်မှန်မယ်ဆိုတာ ပြောတယ်။ တရုတ်အစိုးရဘက်ကလည်း သဘောတူပါတယ်။ အပစ်အခတ်ကိစ္စတွေ ဆွေးနွေးရာမှာလည်း သင်ခန်းစာတခုအနေနဲ့ ဆွေးနွေးပြီး အနာဂတ်မှာ နှစ်ဖက်ပြည်သူတွေအတွက် ရှေ့လျှောက်ဘယ်လို အကောင်းဆုံးဖြစ်အောင် လုပ်ကြမလဲဆိုတာ၊ နှစ်ဖက်ပြည်သူကောင်းကျိုးတွေအတွက် ရှေ့လျှောက် ပူးပေါင်းဆောင်ရွက်မှုတွေလုပ်သွားဖို့ ဆွေးနွေးကြတယ်။”
ဒါ့အပြင် အမေရိကန်ပြည်ထောင်စုသံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်နဲ့ အဖွဲ့ကိုလည်း မနက်ပိုင်းမှာ တွေ့ဆုံပြီး ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ အရ ထောင်ကျကြွေးကျန်ကိစ္စနဲ့ လက်ရှိအပြောင်းအလဲကာလမှာ လူမှုအခြေပြုအဖွဲ့အစည်းတွေ ပိုမိုအားကောင်းလာရေးအတွက် ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ကိစ္စကို ဆွေးနွေးပြောဆိုခဲ့တယ်လို့ ပြောပါတယ်။
“ပုဒ်မ ၄၀၁နဲ့ ပတ်သက်လို့ နှစ်မပြည့်သေးတဲ့ နိုင်ငံရေးသမားတွေနဲ့ ပတ်သက်လို့ ကျင့်ထုံးဥပဒေတခုထားရတယ်ဆိုတာ သဘောတူတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ ခြွင်းချက်မရှိ လွှတ်ပေးမယ့်ကိစ္စတွေ လုပ်ဖို့လိုတယ်။ အမေရိကန်သံအမတ်ကြီး သဘောထားမှာတော့ နိုင်ငံရေးအကျဉ်းသားကိစ္စက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားလုပ်ဖို့လိုတယ်၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိ လွှတ်ပေးပြီးပြီ။ အကြွင်းအကျန်ကိစ္စတွေ အားလုံးလုပ်ပေးပြီးမှပဲ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း သူတို့ဆောင်ရွက်စရာရှိတာတွေကို ဆောင်ရွက်နိုင်မယ့် အနေအထားလို့ ပြောတယ်။ နောက် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အားကောင်းလာအောင် ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ ဆွေးနွေးတယ်။”
ဒါအပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နဲ့ ဦးကိုကိုကြီးတို့ အမေရိကန်ပြည်ထောင်စုကို သွားရောက်ဖို့ရှိတဲ့အတွက် သူတို့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အကူအညီပေးရမယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ဦးဂျင်မီက ဒီဗွီဘီကို ပြောပါတယ်။
ဦးမင်းကိုနိုင်နဲ့ ဦးကိုကိုကြီးတို့ကတော့ လာမယ့် ၁၉ ရက်နေ့မှာ တောင်ကိုးရီးယားကနေ အမေရိကန်ပြည်ထောင်စုကို သွားရောက်ဖို့ ရှိပါတယ်။ ဒီနေ့ညမှာတော့ ဦးမင်းကိုနိုင်နဲ့ ဦးဂျင်မီတို့ တောင်ကိုးရီးယားကို ထွက်ခွာမှာဖြစ်ပြီး ဒီခရီးစဉ်အတွင်း ဦးမင်းကိုနိုင်ဟာ တောင်ကိုးရီးယား နိုင်ငံက ၂၀၀၉ ခုနှစ်မှာ ချီးမြှင့်ခဲ့တဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို ကိုယ်တိုင်လက်ခံယူမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အစိုးရပိုင်းက တာဝန်ရှိသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မြန်မာ မိသားစုတွေကို တွေ့ဆုံသွားဖို့ ရှိပါတယ်။
Tue, 05/14/2013 - 01:43
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲက မြန်မာနိုင်ငံနယ်စပ် မယ်ဆိုင်ချောင်းအနီးမှာ ဘတ်သန်းပေါင်း ထောင်နဲ့ချီ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ ထိုင်းနိုင်ငံမြောက်ပိုင်း မူးယစ်ရဲတပ်ဖွဲ့ရဲ့ အပြောကို ကိုးကားပြီး မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
မြန်မာနယ်စပ်ဘက်ကနေ မူးယစ်ဆေးဝါး အချီကြီး ၀င်ရောက်ဖို့ ရှိတယ်လို့ သတင်းရထားချက်အရ ထိုင်းတပ်မတော် အမှတ် ၃ စစ်ဒေသရဲ့ တပ်မမှူး ဗိုလ်မှူးကြီး ထနဖွန်း ကိုးဆိုင်ဆေ၀ီးနဲ့ အဖွဲ့ဝင်တွေဟာ ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့နယ် မယ်ဆိုင်ချောင်း တလျှောက် နယ်လှည့်စစ်ဆေးရာမှာ ဖမ်းဆီးမိခဲ့တာပါ။
(ဓာတ်ပုံ- မန်နေဂျာအွန်လိုင်း)
ဝိန်းဟွမ်ရွာနဲ့ ပါဆန်းငမ်းရွာကြား မြက်တောထဲကနေ ဆာလာအိတ် ၁ လုံးစီ ထမ်းပြီးသွားနေတဲ့ လူရွယ် ၆၊ ၇ ဦးကို စစ်ဆးဖို့အတွက် ရပ်မိန့်ပေးခဲ့ရာမှာ အထုပ်တွေ ပစ်ချပြီး မြန်မာဘက်ခြမ်းကို ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
စစ်တပ်က အဲဒီဧရိယာတ၀ိုက်ကို ၀ိုင်းထားပြီး အထုပ်တွေ စစ်ဆေးကြည့်ရှုရာမှာ ရာဘနဲ့ အိုက်စ် ခေါ် ရေခဲမူးယစ်ဆေးတွေ ထည့်ထားတာ တွေ့ရတယ်လို့ တာဝန်ရှိသူတဦးက ထိုင်းသတင်းဌာနကို ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ဆာလာအိတ် စုစုပေါင်း ၇ အိတ်ရှိပြီး စကော့တိပ် အညိုရောင်နဲ့ ပတ်ထားတဲ့ အထုပ်ပေါင်း ၁၄၄ ထုပ်၊ ၁ ထုပ်စီမှာ ရာဘအလုံးရေ ၂ ထောင်စီနဲ့ စုစုပေါင်း ရာဘ အလုံးပေါင်း ၁ သန်း ၆ သိန်း၊ ၁ ကီလိုမီတာလောက်လေးတဲ့ အိုက်စ် ခေါ် ရေခဲမူးယစ်ဆေးဝါး အထုပ်ပေါင်း ၄၃ ထုပ် တန်ဖိုးစုစုပေါင်း ဘတ်သန်းပေါင်း ၃၀၀ ဖိုး ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ဒီပစ္စည်းတွေဟာ ထိုင်းနိုင်ငံ အတွင်းပိုင်းရောက်သွားရင် ဘတ် သန်းပေါင်း ၁၀၀၀ ကျော် တန်ဖိုးရှိမယ်လို့လည်း ထိုင်းမူးယစ်ရဲတွေက ခန့်မှန်းပြောဆိုပါတယ်။
ဗိုလ်မှူးကြီး ထနဖွန်း ကိုးဆိုင်ဆေ၀ီးက ထိုင်းသတင်းဌာနကို ပြောကြားရာမှာ ဒီမူးယစ်ဆေးဝါးတွေဟာ မယ်ဆိုင်းချောင်းဒေသတ၀ိုက်မှာ လှုပ်ရှားနေတဲ့ လားဟူပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူးယီ့ဆေးရဲ့ အဖွဲ့ကလာတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
မူးယစ်ဆေးတွေကို အစည်းလိုက်ခွဲပြီး ထုပ်ပိုးထားတဲ့အတွက် နေရာအသီးသီးကို ဖြန့်ဖြူးဖို့ ပြင်ဆင်ထားပုံ ရကြောင်းနဲ့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေကို ထိုင်းအမျိုးသား မူးယစ်ဆေးဝါး နှိမ်နင်းရေးဥက္ကဋ္ဌ ချလိုမ်ယူဘန်းရုန်းဆီ ပို့ဆောင်ပေးဖို့ စီစဉ်နေကြောင်း ပြောပါတယ်။
Tue, 05/14/2013 - 01:15
ဂျပန်အဆိုတော် ‘အီရီကို အီမိုင်’ကို ဒီနှစ်မှာ သူ့မိခင်နိုင်ငံကနေ “Mother of the Year” လို့ အမည်ပေးလိုက်ပါတယ်။ သူဟာ အသက် ၈ နှစ် ရှိပြီဖြစ်တဲ့ သူ့သားမှာ အကြားအာရုံနဲ့ ပတ်သက်ပြီး မသန်စွမ်းမှုရှိနေတာကို သိပြီးတဲ့ အချိန်ကစပြီး လက်သင်္ကေတ ဘာသာစကားကို သင်ယူခဲ့ပါတယ်။ အခုတော့သူက ဂျပန်နိုင်ငံရဲ့လက်သင်္ကေတ ဘာသာစကား တီဗွီအစီအစဉ်ရဲ့ အစီအစဉ်တင်ဆက်သူ တယောက်ဖြစ်နေပါပြီ။
မကြာခင်ကပဲ အိန္ဒိယနိုင်ငံက အကြားအာရုံ မသန်စွမ်းတဲ့ ကလေးတွေဆီ သူ့ရဲ့တေးဂီတကို မျှဝေ ပေးအပ်ဖို့ သွားရောက်ခဲ့ပါသေးတယ်။
သတင်းထောက် ဂျစ်ဗင်းဒါး ဆက်ဂဲလ် က ဂျိုင်ပူအာမြို့က သတင်းပေးပို့ထားပါတယ်။ ယုယမိုး တင်ဆက်ထားပါတယ်။
Tue, 05/14/2013 - 01:05
သမ္မတ ဦးသိန်းစိန် မကြာခင် ရက်ပိုင်းတွေအတွင်း အမေရိကန်ပြည်ထောင်စုကို သွားရောက်ဖို့ ရှိတယ်လို့ အစိုးရရဲ့ ရုပ်မြင်သံကြားသတင်းကနေ မေလ ၁၃ ရက်နေ့မှာ ကြေညာ သွားပါတယ်။
အမေရိကန်သမ္မတ ဘာရတ် အိုဘားမားရဲ့ဖိတ်ကြားချက်အရ သွားရောက်မှာဖြစ်ပြီး ဦးသိန်းစိန်အနေနဲ့ ဘယ်ရက်မှာ သွားမလဲဆိုတာကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။
အေဂျင်စီ သတင်းတွေမှာတော့ ဦးသိန်းစိန်အနေနဲ့ မေလ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ အမေရိကန်နိုင်ငံကို သွားရောက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ အခု ခရီးစဉ်ဟာ မြန်မာ သမ္မတ တဦးရဲ့ နှစ်ပေါင်း ၅၀ အတွင်းမှာ ပထမဆုံးအကြိမ် အဖြစ် အမေရိကန်ပြည်ထောင်စုကို သွားရောက်မှာ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာအတွင်းမှာ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ဖို့ အမေရိကန်ကို သွားရောက်ခဲ့ဖူးပါတယ်။
၁၉၆၆ ခုနှစ်တုန်းကတော့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ အာဏာရှင်ဟောင်း ဦးနေ၀င်း နိုင်ငံခေါင်းဆောင် အဖြစ်နဲ့ ပထမဆုံးအကြိမ် သွားရောက်ပြီး နောက်ပိုင်းမှာ မြန်မာအစိုးရ ခေါင်းဆောင်တဦး ဒုတိယအကြိမ်မြောက် အမေရိကန်နိုင်ငံကို သွားရောက်လည်ပတ်တာ ဖြစ်ပါတယ်။
Pages