You are here

DVB

Subscribe to DVB feed
Democratic Voice of Burma
Updated: 5 hours 4 min ago

ကြက်ငှက်တုပ်ကွေး မြန်မာကို မကူးစက်ရေး ပူးပေါင်းကြရန် နှိုးဆော်

Wed, 04/24/2013 - 00:15
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနက တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ H7N9 ကြက်ငှက်တုပ်ကွေး အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို ကူးစက် မလာစေရေးနဲ့ ကြိုတင်ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ မနေ့က အသိပေးနှိုးဆော်လိုက်ပါတယ်။ (၁) ဆောင်းခိုငှက်တွေနဲ့ အိမ်မွေး ကြက်၊ ဘဲ၊ ငုံးတွေ ထိတွေ့မှု မရှိရေး ဂရုပြုရန်။ (၂) ကြက်ငှက်မွေးမြူရေး ခြံတွေရဲ့ ဇီဝလုံခြုံရေးကို အထူးဂရုပြုရန်။ (၃) မွေးမြူရေးခြံတွေ ပိုးသတ်သန့်စင်ခြင်း လုပ်ငန်းကို စနစ်တကျ ဆောင်ရွက်ဖို့နဲ့ ခြံပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ပိုးသတ်ဆေး ပုံမှန်ဖျန်းရန်။ (၄) ကြက်ခြံအတွင်း ဝင်ပါက နှာခေါင်းစည်း၊ လက်အိတ် စတဲ့ အကာအကွယ်ပစ္စည်းတွေ စနစ်တကျဝတ်ဆင်ရန်၊ ကြက်ငှက်တွေကို ကိုင်တွယ်ပြီးတိုင်း ဆပ်ပြာဖြင့် လက်ဆေးရန်၊ တကိုယ်ရေ သန့်ရှင်းရေး ပြုလုပ်ခြင်းရန်။ (၅) ကြက်ငှက် အသား၊ ဥ တို့ကို သေချာစွာ ချက်ပြုတ်ပြီးမှ စားသုံးရန်။ (၆) ကြက်ငှက်တွေ ရုတ်တရက် သေဆုံးပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်ကို ချက်ချင်း သတင်းပို့ရန်။ (၇) ရောဂါ ကြိုတင်ကာကွယ်ရေးနဲ့ ရောဂါစူးစမ်း ရှာဖွေခြင်း လုပ်ငန်းတွေမှာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ရန် အစရှိတဲ့ အချက် ၇ ချက်ကို မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ် H7N9 ကြောင့် သေဆုံးသူ ၂၂ ဦး၊ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၀၈ ဦး ထိ ရှိလာပြီလို့ အမျိုးသားကျန်းမာရေးနဲ့ မိသားစုစီမံကိန်း ကော်မရှင်က ဧပြီ ၂၃ ရက်မှာ ပြောပါတယ်။ ရောဂါကူးစက်ခံရသူတွေထဲက လူနာ ၁၄ ဦးကတော့ ဆေးရုံမှာ စောင့်ရှောက် ကုသခံပြီးနောက် ဆင်းသွားကြပြီဖြစ်ပြီး တခြား ၇၂ ဦးကတော့ သက်ဆိုင်ရာဆေးရုံတွေမှာ ကုသခံယူနေဆဲဖြစ်တယ်လို့ ကော်မရှင်က ဆိုပါတယ်။ ရှန်ဟိုင်းမြို့က ရောဂါကူးစက်မှု ၃၃ ခုမှာ ၁၂ ဦး သေဆုံးသွားခဲ့ပြီး ကျန်စုပြည်နယ်က ရောဂါကူးစက်မှု ၂၄ ခုမှာတော့ ၃ ဦးသေဆုံးသွားတာပါ။ ကျယ်ကျန်းပြည်နယ်က ၄၂ ဦး H7N9 ဗိုင်းရပ် ကူးစက်ခံရတာမှာ လူ ၆ ဦး သေဆုံးသွားပြီး အန်းဟွီပြည်နယ်က ၄ ဦး ကူးစက်ခံရတာမှာ ၁ ဦး သေဆုံးခဲ့ပါတယ်။ ပေကျင်းမှာ ၁ ဦး၊ ဟယ်နန်ပြည်နယ်မှာ ၃ ဦးနဲ့ ရှန်တုန်မှာ တဦး တို့လည်း ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။
Categories: Myanmar News

တန်ဖိုးနည်း ၁၅၀၀ တန် ဖုန်းကတ်များ ထုတ်ပေး (ဓာတ်ပုံ)

Wed, 04/24/2013 - 00:11
တန်ဖိုးနည်း ၁၅၀၀ တန် ဖုန်းကတ်တွေကို ဧပြီ ၂၄ ရက်နေ့ မနက် ၉ နာရီမှာ သာကေတမြို့နယ် ၃ ရန်ပြေအုပ်ချုပ်ရေးမှူးရုံးမှာ ထုတ်ပေးနေပါတယ်။View Photo Album
Categories: Myanmar News

ထားဝယ်မြို့တွင် တန်ဖိုးနည်းဆင်းကတ်များ စတင်ရောင်းချ

Tue, 04/23/2013 - 18:46
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ တန်ဖိုးနည်း တယ်လီဖုန်း ဆင်းကတ်တွေကို ဒီနေ့ စတင်ရောင်းချပေးနေပေမယ့် CDMA တာဝါတိုင်တခုပဲ ရှိတဲ့အတွက် လတ်တလော ဖုန်းလိုင်းတွေ ကောင်းမှာ မဟုတ်ဘူးလို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။ “ဖုန်းလိုင်းက လောလောဆယ် သိပ်အဆင်ပြေမယ့် အနေအထားမရှိဘူး။ လောလောဆယ် ထားဝယ်မှာက တာဝါတိုင် တခုပဲရှိတယ်။ ပြောရရင်  နောက်ထပ် တိုင်တွေ ထောင်ဖို့တော့ အစီအစဉ်ရှိတယ်။ နောက်လတွေမှာ အဆင်ပြေမယ်လို့ ထင်ပါတယ်။” ထားဝယ်မြို့မှာ တန်ဖိုးနည်း ဆင်းကတ်တွေကို တရပ်ကွက် ၄၄ ကတ်နှုန်းနဲ့ ၁၅ ရပ်ကွက် စုစုပေါင်း ဆင်းကတ် ၆၆၀ ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။ “လျှောက်လွှာလျှောက်တဲ့လူတွေက တရပ်ကွက်မှာ ဆင်းကတ် ၄၄ ခုပဲရတယ်။ လစဉ်ပေးမှာလားတော့ မသိဘူး။ ကျနော်တို့ ရပ်ကွက်အနေနဲ့ ၁ လကို ၄၄ ခု ရတယ်။ လျှောက်မယ့်သူ ဦးရေကို ကျနော်တို့ မနက် ၇ နာရီထိုးကစပြီး လက်ခံပေးမယ်။ ၈ နာရီထိုးလောက် ကျနော်တို့ မဲနှိုက်ပေးပြီး မယက ရုံးမှာ ဆင်းကတ်ကို ထုတ်ခိုင်းမယ်။ ကျနော်တို့အနေနဲ့တော့ ဘာတခုမှ မကိုင်တွယ်ဘူး။ ငွေလည်း မကိုင်ဘူး။ မယက က သူတို့ဟာသူတို့ စီစဉ်ပါလိမ့်မယ်။ ကျနော်တို့က မဲနှိုက်ပေးတဲ့ အစီအစဉ်လောက်ပဲ ရှိပါတယ်။” တန်ဖိုးနည်း ဆင်းကတ်တွေကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေကနေ လျှောက်လွှာခေါ်ယူ မဲဖောက်ပေးပြီးနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှာ သွားရောက်ဝယ်ယူရမှာဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် တယ်လီဖုန်းဆင်းကတ်လျှောက်ထားသူတွေဟာ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် မိတ္ထိအတွက် လျှောက်လွှာတစုံကို ၂၀၀ ကျပ်ပေးဆောင်ပြီး ၀ယ်ယူရတယ်လို့ သိရပါတယ်။ ထားဝယ်မြို့မှာ တန်ဖိုးနည်း ဆင်းကတ်တွေ ရောင်းချပေးမှုမှာ ဌာနဆိုင်ရာ ၀န်ထမ်းတွေ မပါဝင်ကြောင်း ကြားသိရပြီး သူတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလည်း မရကြဘူးလို့ ပြောပါတယ်။ ထားဝယ် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါ်ဆောင်တဦးဖြစ်သူ ဦးကျော်သောင်းက ထားဝယ်မြို့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။ “ဖုန်းလိုင်းက အရင်ကတော့ နည်းနည်းကောင်းတယ်။ အခု ဆင်းကတ်တွေ ချပေးမယ်ပြောပြီး လိုင်းက ပြတ်တောက်ပြတ်တောက်ဖြစ်နေတယ်။ ဖုန်းလိုင်း စီဒီအမ်အေက သိပ်အဆိုးကြီးတော့ မဟုတ်ဘူး။ ဂျီအက်စ်အမ်ဖုန်းလိုင်းတွေကတော့ ပြတ်တောက်ပြတ်တောက်တွေ ရှိတယ်။ တခါတလေ နှစ်ခုလုံး ပြတ်သွားတာ ရှိတယ်။ အခုလက်ရှိ ဂျီအက်စ်အမ် တာဝါတိုင်တွေတော့ ထောင်ထားတယ်၊ စီဒီအမ်အေကတော့ အရင်ကတည်းက တတိုင်ပဲရှိတယ်။ နောက်ပိုင်း သပြေချောင်းဘက်မှာ တတိုင်၊ မောင်းမကန်ဘက်မှာ တတိုင် အဲလိုလိုက်ထူနေတော့ ရှိတယ်။ တိုင်တွေ အဆင်မပြေသေးဘဲနဲ့ ဖုန်းလိုင်းတွေ ထပ်ချပေးနေတာ ပြဿနာတော့ ရှိမယ်။ လက်ရှိအနေအထားအရ တိုင်တွေလည်း မလုံလောက်ဘူး။” တန်ဖိုးနည်း ငွေကျပ် ၁၅၀၀ တန် ဆင်းကတ်တွေ ဧပြီ ၂၄ ရက်စပြီး စတင်ရောင်းချပေးမယ်လို့ ဆက်သွယ်ရေးက ကြေညာထားပြီး ရန်ကုန်အပါအ၀င် ပြည်နယ် အတော်များများမှာ စတင်ရောင်းချပေးနေတာ ဖြစ်ပါတယ်။ ငွေကျပ် ၁၅၀၀ တန် ဆင်းကတ်တွေဟာ MECTel အမှတ်တံဆိပ်ပါ ငွေဖြည့်ကတ်တွေနဲ့ တယ်လီဖုန်းဆက်သွယ် ပြောဆိုခ ငွေဖြည့်မှ ဆက်သွယ်ပြောဆိုနိုင်မှာ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးက ဧပြီ ၂၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ MEC ဆိုတာ မြ၀တီထရေးဒင်းလက်အောက်ခံ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဖြစ်ပါတယ်။
Categories: Myanmar News

နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် လွတ်လာသူများ တောင်းဆို

Tue, 04/23/2013 - 09:14
သမ္မတ ဦးသိန်းစိန်အစိုးရအနေနဲ့ တကယ်စေတနာထားရင် ကျန်ရှိနိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လွတ်မြောက်လာသူတွေက တောင်းဆိုလိုက်ပါတယ်။ ကိုကျော်ဇင်မင်း (ယာ) နှင့် လွတ်မြောက်လာသူတဦး အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်တွေ ချမှတ်ခံထားရတဲ့ နိုင်ငံသား အကျဉ်းသား ၉၀ ဦးနဲ့ နိုင်ငံခြားသား ၃ ဦး စုစုပေါင်း ၉၃ ဦးကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ နဲ့အညီ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) အရ အကျဉ်းထောင်အသီးသီးကနေ ဒီနေ့ ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ပြန်ကြားရေးဝန်ကြီး ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသား ဘယ်လောက် ပြန်လွှတ်ပေးလိုက်တယ်ဆိုပြီး ဖော်ပြထားခြင်းတော့ မရှိပေ။ ၁၇ (၁) ၊ ၁၃ (၁) ပုဒ်မတွေနဲ့ ထောင်ထဲမှာ ၄ နှစ်ခွဲကျော် နေခဲ့ရပြီး အင်းစိန်ထောင်ကနေ ပြန်လွတ်မြောက်လာတဲ့ ကိုကျော်ဇောလင်းက ဦးသိန်းစိန်အစိုးရအနေနဲ့ တကယ်စေတနာထားရင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးသင့်တယ်လို့ ပြောပါတယ်။ “သမ္မတဦးသိန်းစိန်အနေနဲ့ တကယ်စေတနာထားတယ်ဆိုရင် သင်ပုန်းချေပါ။ ကျနော်တို့ကိုချည်းပဲ ပြောတယ် သင်ပုန်းချေကြပါလို့။ သူတို့ကရော သင်ပုန်းမချေဘူးလား။ တချို့တ၀က်ကို ချန်ထားခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒါက သင်ပုန်းမချေနိုင်လို့။ ခွင့်လွှတ်မယ်ဆိုရင် အားလုံးကို ခွင့်လွှတ်လိုက်ပါ။ ထောင်ထဲမှာ ကျနော့်သူငယ်ချင်းတွေ မထားပါနဲ့တော့။ ပြန်လွှတ်ပေးပါ။ နိုင်ငံရေးအသုံးချပုံနည်းမျိုးနဲ့လည်း မကစားပါနဲ့။ တကယ်စေတနာထားရင် တကယ်ပွင့်ပွင့်လင်းလင်းနဲ့ ရိုးသားပါ။” အင်းစိန်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ကျန်ရှိနေသေးပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ၁၇ (၁) ပုဒ်မနဲ့ ထောင်ဒဏ်ကျခံခဲ့ရပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတဦးက ပြောပါတယ်။ “ကျနော်တို့ အခုလွတ်လာသလို အားလုံးကို ပြန်လွှတ်ပေးစေချင်တယ်။ ကျနော်တို့ ပျော်ရွှင်ရသလို ပြောရွှင်စေချင်တယ်။ သူတို့လည်း သူတို့မိသားစုနဲ့ ပြန်ဆုံတွေ့ချင်မှာပဲ။” အခုလို အကျဉ်းသားတွေ ပြန်လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဘိုကြည်က အခုလို ပြောပါတယ်။ “ကျနော်တို့က မူးယစ်ဆေးဝါးသမားတွေကို တောင်းဆိုနေတာ မဟုတ်ဘူး။ နိုင်ငံရေးသမားတွေကို သီးသန့် နိုင်ငံရေးသမားခေါင်းစဉ်နဲ့ ဥပမာ အောက်ပါနိုင်ငံရေးအကျဉ်းသမားများကို အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လွှတ်လိုက်သည်ဆိုရင် ကျနော်တို့အတွက် အရမ်းကောင်းပါတယ်။ နောက်တခုက ၄၀၁ (၁) အရဆိုတော့ ဒါဟာ ပြစ်မှုကြွင်းကျန်လား၊ ခြွင်းချက်မရှိဘူးဆိုတဲ့ဟာက နည်းနည်း အငြင်းပွားဖွယ် ဖြစ်နေတယ်။ တကယ်တမ်း အစိုးရက ရှင်းရှင်းလင်းလင်းနဲ့ ထုတ်ပြန်ကြေညာသင့်တယ်။” နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံအဖြစ်အသုံးချနေတာတွေ မလုပ်သင့်ကြောင်းလည်း ဦးဘိုကြည်က ပြောပါတယ်။ “နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံလိုမျိုး တွေ့ရတယ်။ ဥပမာ မနေ့ကဆိုရင် ဥရောပသမဂ္ဂကနေပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်ပေးလိုက်တယ်။ အဲဒီဟာကို တုံ့ပြန်တဲ့အနေနဲ့ လွှတ်ပေးလိုက်တာ၊ ဒီလိုမျိုးအတွက်ကို အပေးအယူလုပ်ဖို့ နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံအဖြစ် အသုံးပြုနေတယ်လို့ ကျနော်တို့ မြင်တယ်။ ဒါဟာ မလုပ်သင့်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်သင့်တယ်။ ဒါက  မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဖြစ်တယ်။” ကျန်ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ ဦးဘိုကြည်က ပြောပါတယ်။ ဒီနေ့ ပြန်လည်လွှတ်မပေးခင်အထိ မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ကျန်သေးတယ်လို့ ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။
Categories: Myanmar News

ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ်အစီရင်ခံစာ သမ္မတထံပေးပို့

Tue, 04/23/2013 - 06:33
ပြီးခဲ့တဲ့နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နောက်ဆုံး အပြီးသတ် အစီရင်ခံစာကို ရေးသားပြုစုပြီး သမ္မတဆီ ပေးပို့လိုက်ကြောင်း   ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဧပြီ ၂၃ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ သမ္မတက ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့  ကော်မရှင်အနေနဲ့ ပဋိပက္ခဖြစ်ပွားရာ နေရာတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ယခုနှစ် မတ်လအထိ အကြိမ်ကြိမ် သွားရောက် ကွင်းဆင်း စစ်တမ်းကောက်ယူ တွေ့ဆုံမေးမြန်းမှုတွေလုပ်ပြီး ပြုစုခဲ့တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ကော်မရှင်အနေနဲ့ ဆောင်ရွက်ချက်တွေ၊ တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး ဧပြီလနောက်ဆုံးပတ်မှာ မြန်မာငြိမ်းချမ်းရေးစင်တာမှာ သတင်းစာရှင်းလင်းပွဲ  ကျင်းပသွားမယ်လို့လည်း ဆိုပါတယ်။ အစိုးရရဲ့တရားဝင်ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် ဇွန်လနဲ့ အောက်တိုဘာလတွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၁၄၀ လောက် လောက် သေဆုံးပြီး လူပေါင်း ၁ သိန်း လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
Categories: Myanmar News

လက်ပန်းတောင်းတောင်တွင် ထွန်တုံး တိုက်ပွဲဆင်နွှဲ

Tue, 04/23/2013 - 06:23
လက်ပန်းတောင်းတောင်အနီးက ၀မ်ပေါင်ကုမ္ပဏီနဲ့ လုံခြုံရေး ကင်းစောင့်ဖို့အတွက် ဆောက်လုပ်ထားတဲ့ အဆောက်အအုံကြားထဲက လယ်ယာမြေတွေပေါ်မှာ မိုးကြိုးပြင်နဲ့ ဆည်တည်းရွာသားတွေက ၀င်ရောက်ထွန်ယက်ခဲ့ပြီး ထွန်တုံးတိုက်ပွဲကို ဆင်နွှဲခဲ့ပါတယ်။ ဒေသခံ ၂၀၀ ကျော်ဝန်းကျင် ပါဝင်တဲ့ လူအုပ်က လက်ပန်းတောင်းတောင်အနီးက ၀မ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီတို့ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကြားထဲက လယ်မြေတွေမှာ ထွန်ယက်ခဲ့တာလို့ ဒေသခံ တွေက ပြောပါတယ်။ ထွန်တုံးတိုက်ပွဲ လုပ်ဆောင်ရတာနဲ့ ပတ်သက်ပြီး မိုးကြိုးပြင် အလယ်ရွာသား မောင်နိုင်က “၁၉ ရက်နေ့က ကိုဝင်းကျော်ဆိုတဲ့သူက သူ့အကွက်မှာ လယ်သွားထွန်တယ်။ ဒါကို ကုမ္ပဏီက သိမ်းထားတဲ့မြေတွေ၊ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ စီမံကိန်းမြေဖြစ်လို့ ထွန်ခွင့်မပေးဘူး။ နောက် ဆက်ထွန်တော့ အာဏာပိုင်တွေက အင်အား ၅၀ လောက်နဲ့ ဖိအားပေးလို့ ပြန်လာခဲ့ရတယ်။ ဒီနေ့တော့ နွားအရှဉ်း ၃၀ ကျော်နဲ့ လူ ၁၀၀ လောက် ကိုဝင်းကျော် အကွက်ထဲမှာပဲ လယ်သွားထွန်ပေးကြတယ်။ ဘာလို့လဲဆိုတော့ ဒီလယ်ယာမြေဟာ ရောင်းချထားတဲ့ လယ်ယာမြေလည်း မဟုတ်ဘူး။ ပထမ ၃ နှစ်စာ သီးနှံလျော်ကြေးယူထားတာ မှန်ပေမယ့် ဒီအချိန်မှာ သီးနှံလျော်ကြေး ၃ နှစ်စာ အချိန်အကန့်အသတ် ကုန်သွားပြီ။ သူတို့က လယ်ယာမြေတွေကို အပြီးအပိုင်လျော်ကြေးတွေနဲ့ ၀ယ်တဲ့အချိန်မှာ ကိုဝင်းကျော်ကမရောင်းဘူး။ သူ့လယ်ယာမြေကို ဆက်လက်လုပ်ကိုင်စားသောက်လိုတဲ့အတွက် သူသွားထွန်တာကို တားတဲ့အတွက် ဒီနေ့တော့ သူ့ရွာမှာရှိတဲ့ တောင်သူတွေက ကိုယ်ချင်းစာတဲ့အတွက် သူတို့မှာလည်း လယ်ယာမြေတွေရှိတယ်။ ကိုဝင်းကျော်လို အဖြစ်မခံနိုင်တဲ့အတွက် ယာမြေ ၁၃ ဧကပေါ်မှာ မိုးကြိုးပြင်ရွာ ၃ ရွာကနေ ပူးပေါင်းပြီး စတင်ထွန်ယက်ခြင်းပြုလုပ်တယ်။” ထွန်တုံးတိုက်ပွဲဆင်နွှဲတာကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေက တားမြစ်ခဲ့ပေမယ့် အတင်းဝင်ရောက် ထွန်ယက်ခဲ့တဲ့အတွက် နောက်ဆုတ်သွားတယ်လို့ ပြောပါတယ်။ တွန်တုံးတိုက်ပွဲကို မနက် ၇ နာရီကျော်လောက်မှာ စတင်ခဲ့ပြီး ၁၁ နာရီမှာ ပြီးဆုံးသွားပါတယ်။ အလားတူ ဆည်တည်ရွာကလည်း လက်ပန်းတောင်းတောင်အနီးက လယ်ယာမြေတွေမှာ ထွန်ယက်ခဲ့တယ်လို့ မောင်နိုင်က ပြောပါတယ်။ ၀င်ရောက်ထွန်ယက်တဲ့ လယ်ယာမြေတွေဟာ လျော်ကြေးမရယူထားတဲ့သူတွေရဲ့ လယ်ယာမြေတွေ ဖြစ်သလို ၃ နှစ်စာ သီးနှံလျော်ကြေး ပေးထားပြီး နှစ်ပြည့်သွားတဲ့ လယ်ယာမြေ တွေပေါ်မှာ ထွန်ယက်ခဲ့တာလို့ ဆိုပါတယ်။ နောက်ရက်တွေမှာလည်း တခြားရွာက လယ်သမားတွေကလည်း  လက်ပံတောင်းတောင်အနီးက လယ်ယာမြေတွေမှာ ထွန်ယက်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
Categories: Myanmar News

မန္တလေးတွင် လေပြင်းတိုက်ခတ်

Tue, 04/23/2013 - 05:44
မန္တလေးတိုင်းဒေသကြီးအတွင်း ဧပြီ ၂၂ ရက်ညက လေပြင်းတိုက်ခတ်မှုကြောင့် အပင်ကြီးတွေ လဲပြိုခဲ့ပြီး အိမ်တချို့ ပျက်စီးခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ငယ်တိုးတိုက်နယ် ဈေးကုန်းရပ်မှာ  ည ၁၀ နာရီဝန်းကျင်လောက်က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် လူ ၂ ယောက် ဒဏ်ရာရခဲ့ပြီး အသေအပျောက်တော့ မရှိဘူးလို့ မျက်မြင်တွေက ပြောပါတယ်။ သစ်ပင်ကြီး ပိနေတဲ့သားအမိ ၂ ယောက်ကို ၃ နာရီကြာ ကယ်ထုတ်ခဲ့ရတယ်လို့ လေပြင်းတိုက်တဲ့နေရာကို သွားကြည့်ခဲ့တဲ့ အမရပူရမြို့နေ ကိုဆွေက ဒီဗွီဘီကို ပြောပါတယ်။ “ညက ၁၀ နာရီလောက် အဲကိုရောက်သွားတယ်၊ ၂ နာရီလောက်မှပြန်ရောက်တယ်။ အိမ် ၃ လုံးပျက်စီးတယ်။ ၁ အိမ်ကတော့ ပြားပြားဝပ်သွားတယ်၊ ကံကောင်းတာက အဲအိမ်က လူတွေက ခရီးထွက်သွားတော့ အသေအပျောက်မရှိလိုက်ဘူး။ အပင်က လက်ပံပင်ကြီး၊ ယောက်ျားကြီး ၇ ယောက်ဖက်စာလောက်ရှိတယ်၊ အတော်ကြီးတယ်။ နောက် ပိတ်မိနေတဲ့ သားအမိ၂ ယောက်မှာ တယောက်ကို ၁ နာရီလောက်မှာ ပြန်ထုတ်လိုက်နိုင်တယ်။ နောက်တယောက်ကို ၁ နာရီ ၁၅ မိနစ်လောက်မှာ ပြန်ကယ်လိုက်နိုင်တယ်။” ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ တိုင်းမီးသတ်ဦးစီးမှူး ဦးကြည်တိုးက “မြေစိုက်တဲ့ အိမ် ၃ လုံးပါ။ သွပ်မိုးထရံကာ မြေစိုက်ပါ။ ကယ်ထုတ်ထားသူတွေကို မန္တလေးဆေးရုံကြီးမှာ အတွင်းလူနာအဖြစ်ကုနေတယ်။ မစိုးရိမ်ရဘူး ပြောပါတယ်။ သစ်ပင်က အိမ်ပေါ်ပြိုကျတော့ အိမ်နဲ့သစ်ပင်ကြားထဲညပ်နေတော့ ကျနော်တို့ရော၊ ကြက်ခြေနီရော၊ လူမှုရေးအသင်းရော၊ လူထုရော၊ ကရိန်းကားကလည်း လာကူတယ်။ ” ကယ်ဆယ်ရေးမှာ မီးသတ်အပြင် ချမ်းမြသုခ လူမှုကူညီရေးအသင်းနဲ့ အမရရွှေကူ လူမှုကူညီရေးအသင်းကလည်း ကူညီခဲ့ပါတယ်။ ဒီလေပြင်းတိုက်ခတ်မှုဟာ ပဲခူးတိုင်းဒေသကြီး ပြည်မြို့အတွင်း လေပြင်းတိုက်ခတ်မှု ဖြစ်ပွားပြီး ၁ ပတ်အကြာမှာ ဖြစ်ပွားခဲ့တာပါ။ ဒီလေပြင်းတွေ တိုက်ခတ်မှုနဲ့ ပတ်သက်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က လေပြင်းတိုက်ခတ်နိုင်တဲ့ အခြေအနေနဲ့ ကြိုတင်သိရှိနိုင်မယ့် လက္ခဏာတွေကို ပြောပြပါတယ်။ “ရာသီချိန်အလိုက်ဖြစ်တာပေါ့။ ဒီအချိန်က မြန်မာနိုင်ငံမှာ ဧပြီ ၁၅ ကနေ မေလအလည်လောက်ထိ ရက် ၃၀ မိုးကြိုကာလလို့ခေါ်တယ်လေ။ မိုးတိမ်တောင်ဖြစ်ဖို့ potential က များတယ် လောလောလဆယ်မှာ။ မိုးတိမ်တောင်တွေက မွန်းလွဲညနေပိုင်းတွေမှာ အားကောင်းတတ်တယ်။ မိုးတိမ်တောင်ဆိုတာက အောက်ခြေ ပေ ၁၅၀၀ လောက်ထိနိမ့်တယ်။ အပေါ်က ၅ သောင်းလောက်ထိမြင့်တယ်။ ကိုယ်နဲ့နီးတယ်၊ အန္တရာယ်ရှိနိုင်တယ်ဆိုရင် အသိသာထင်ရှားဆုံးကတော့ လျှပ်စီးလက်တာတွေ့မယ်၊ မိုးခြိန်းသံကြားရမယ်။ ပထမ လျှပ်စီးလက်တာတွေ့မယ်၊ မိုးခြိမ်းသံမကြားရင်တော့ နည်းနည်း အန္တရာယ်ကင်းပါတယ်။ မိုးခြိမ်းသံကြားရင်တော့ မိမိနေထိုင်ရာအရပ်နဲ့ ကြားတဲ့သူနဲ့က တော်တော်လေး နီးသွားပြီ။ သိပ္ပံလိုဆိုရင်တော့ ၄ မိုင်ထက် မဝေးတော့ဘူး။ ဒါမျိုးက အန္တရာယ်ပိုရှိပါတယ်။”
Categories: Myanmar News

လယ်သမားများ လုပ်ခခေါင်းပုံဖြတ်ခံရမှု အရေးမယူသေး

Tue, 04/23/2013 - 04:04
ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဇရပ်ပြင်ကျေးရွာက နေ့စားလယ်သမားတွေ လုပ်ခ အပြည့်အ၀မရဘဲ ခေါင်းပုံဖြတ်ခံနေရတာကို သင်္ကြန်မတိုင်ခင်ကတည်းက ကျေးရွာအဆင့်မှ မြို့နယ်အဆင့်ထိ တရားဝင် တိုင်ကြားထားပေမယ့် အခုထိ အရေးမယူသေးဘူးလို့ ဇရပ်ပြင်ကျေးရွာ လယ်သမားတဦးက ပြောပါတယ်။ “လယ်လုပ်သားတွေကို ခေါ်တုန်းက အများပေါက်ဈေး ၂ ထောင်နဲ့ ခေါ်ပြီးမှ အလုပ်တွေလည်းပြီးရော ၁၈၀၀ ပဲတဲ့။ အများပေါက်ဈေးဆိုတာ အုပ်စုထဲမှာ ပေါက်တဲ့ဈေး၊ တခြားရွာတွေရော မြို့နယ်ကလည်း ၂ ထောင်လို့ သတ်မှတ်ထားပြီးသားပေါ့။ အလုပ်ချိန်တွေပြီးတော့ ၁၈၀၀ နဲ့ပဲ ရှင်းပေးတာလေ။ မကျေနပ်လို့ အုပ်ချုပ်ရေးမှူးနဲ့ တိုင်တော့ ပြီးတော့ မြို့နယ်ကိုလည်း တင်ထားတာရှိတယ်။ ဒါပေမယ့် အခုအချိန်ထိ မြို့နယ်အုပ်ချုပ်ရေးမှူးကနေ စာပြန်မရောက်လာသေးဘူး။” လုပ်သားတွေကို လက်ရှိပေါက်ဈေး တနေ့ ၂ ထောင်နှုန်းနဲ့ ငွေရှင်းပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးမှ ညွှန်ကြားခဲ့ပေမယ့်လည်း လယ်လုပ်တဲ့အဖွဲ့တွေမှာ ငွေကိုင်ပြီး လုပ်ခရှင်းပေးရတဲ့ တုတ်သူကြီး ခေါ် လယ်လုပ်သား အဖွဲ့ခေါင်းဆောင်တွေက မလိုက်နာပဲ ၁၈၀၀ ကျပ် မယူရင် သူတို့ကို လုပ်အားခ မပေးနိုင်ဘူးလို့ ငြင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ တခြားကျေးရွာတွေမှာ လုပ်ခအပြည့် ရကြပေမယ့် ဇရပ်ပြင်ကျေးရွာတခုတည်း လုပ်ခ ခေါင်းပုံဖြတ်ခံနေရတာလို့ လယ်သမားက ပြောပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် မြို့နယ်အုပ်ချုပ်ရေးဌာနကို ဆက်လက် တိုင်ကြားထားပေမယ့် တုတ်သူကြီးတွေရဲ့ လယ်သမားအချင်းချင်း ခေါင်းပုံဖြတ်မှုကို ပြေလည်အောင် မဖြေရှင်းပေးနိုင်သေးတာကြောင့် ရက်ပေါင်း ၃၀ ကျော် ၄၀ လောက် လုပ်ခဲ့ကြရတဲ့ လယ်လုပ်သားတွေရဲ့ လုပ်အားခတွေ ခုချိန်ထိ မရသေးပဲ ဖြစ်နေတာပါ။
Categories: Myanmar News

ရှမ်းပြည်နယ်အစိုးရက ဒုက္ခသည်များအတွက် ထောက်ပံ့

Tue, 04/23/2013 - 03:40
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်ကြား ဖြစ်ပွားတဲ့ ပစ်ခတ်မှုတွေကြောင့် မြို့ပေါ်ကို တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေအတွက် ရှမ်းပြည်နယ်အစိုးရက ငွေနဲ့စားနပ်ရိက္ခာ အသုံးအဆောင်တွေ သွားရောက်ထောက်ပံ့ခဲ့ပါတယ်။ ပြည်နယ်အစိုးရကိုယ်စား တန့်ယန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်နဲ့ တာဝန်ရှိသူတွေ တန့်ယန်းမြို့ပေါ် အောင်မင်္ဂလာ ဘုန်းကြီးကျောင်းမှာ စစ်ပြေးဒုက္ခသည်တွေအတွက် လာလှူသွားတယ်လို့ ဒုက္ခသည်ကူညီရေး ကော်မတီအဖွဲ့ဝင် လူငယ်တဦးက ပြောပါတယ်။ “ရှမ်းပြည်နယ်အစိုးရ ထောက်ပံ့တာက ဆန်၊ ဆီ၊ ဆား၊ ရိက္ခာတွေပေါ့။ ငွေကြေးကတော့ သိန်း ၆၀ ကျော်တယ်။ တန့်ယန်းက စေတနာရှင်တွေလည်း လာလှူသွားကြတယ်။ ခရိုင်၊ မြို့နယ်နဲ့ တခြား ဌာနဆိုင်ရာအဖွဲ့အစည်းတွေလည်းပါတယ်။ ဆန်တို့၊ ပစ္စည်းတွေလာတယ်။ ဒုက္ခသည်စခန်းကူညီနေတဲ့ အဖွဲ့နဲ့ ဌာနပေါင်းစုံနဲ့ အစည်းအဝေးထိုင်ဖြစ်တယ်။ ရေရှည် ဒုက္ခသည်တွေကိုကူညီဖို့ ကော်မတီကို တရားဝင်ပြန်ဖွဲ့လိုက်တာပါ။” ဒီကနေ့ ဖွဲ့စည်းလိုက်တဲ့  ဒုက္ခသည်များကူညီကယ်ဆယ်ရေးကြီးကြပ်ရေးကော်မတီ ထဲမှာ မြို့နယ်အုပ်ချုပ်ရေးကော်မတီဝင်၊ စာပေနဲ့ယဉ်ကျေးမှုအဖွဲ့ဝင်၊ ရပ်မိရပ်ဖတွေနဲ့ လူမှုရေးအဖွဲ့တွေ ပါဝင်ပြီး  ဒုက္ခသည်တွေကို ဒီထက်ပိုပြီး စနစ်တကျ ကူညီနိုင်မယ်လို့ ဆိုပါတယ်။ တန့်ယန်းမြို့နယ် လွိုင်စေး၊ လွိုင်လန်းဘက်မှာ ရှမ်းပြည်တပ်မတော်ဘက်ကလည်း အခုချိန်ထိ မဆုတ်ခွာသလို အစိုးရတပ်ကလည်း တပ်မဆုတ်သေးတဲ့အတွက် တိုက်ပွဲတွေ အချိန်မရွေး ပြန်ဖြစ်နိုင်ကြောင်း၊ နောက်ဆက်တွဲ စစ်ဘေးရှောင် ဒုက္ခသည်တွေလည်း ထပ်များလာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကော်မတီ ဖွဲ့စည်းရတာလို့ ပြောပါတယ်။ မနေ့ကအထိ ဒုက္ခသည် ၄၀ နီးပါး ထပ်ရောက်လာတဲ့အတွက် ဒုက္ခသည်ဦးရေ စုစုပေါင်း ၅၀၀ နီးပါး ရှိသွားပြီဖြစ်ပါတယ်။ အဲဒီထဲမှာ ၁၂ နှစ်အောက် ကလေးငယ် တ၀က်လောက် ပါကြောင်း၊ လောလောဆယ် စားသောက်ဖို့ လုံလောက်ပေမယ့် နေထိုင်ရေးအတွက် ဘုန်းကြီးကျောင်းနားမှာ တဲတွေ ထပ်ထိုးပေးဖို့ အမိုးအကာနဲ့ အခင်းတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်အကူညီပေးရေးအဖွဲ့ဝင် လူငယ်က ပြောပါတယ်။ မတ်လက စပြီးဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေမှာ ရွာထဲကို လက်နက်ကြီးကျတာ၊ လူတွေ ထိမှန်တာ၊  စစ်တပ်က ခြိမ်းခြောက်မေးမြန်းတာနဲ့ အကာအကွယ်အဖြစ်  ရှေ့ကနေ လိုက်ပို့ခိုင်းတာတွေကြောင့် အိုးပစ်အိမ်ပစ် ထွက်ပြေးနေတဲ့ ရွာသားပေါင်း ၂ ထောင် လောက်ရှိတယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ပြောပါတယ်။ အဲဒီလူတွေဟာ တန့်ယန်းမြို့နယ် လွယ်စေးကျေးရွာအုပ်စုထဲမှာပါတဲ့ ရွာပေါင်း ၁၆ ရွာက ဖြစ်ပြီး ရှမ်း၊ လားဟူး၊ လီရှော့၊ လွယ်လနဲ့ တအာင်း တိုင်းရင်းသားတွေ ပါဝင်ကြပါတယ်။
Categories: Myanmar News

စော်ဘွားကြီးကုန်းဝင်းတွင် ပေါက်ကွဲမှုဖြစ်၊ ၃ ဦး သေဆုံး

Tue, 04/23/2013 - 03:28
ရန်ကုန်မြို့ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းမှာ အိမ်ဆောက်ပစ္စည်းတွေ ရောင်းချတဲ့ ၀င်းအတွင်းက ငွေလမင်းသံပစ္စည်း ရောင်းဝယ်ရေးဆိုင်မှာ ဒီနေ့ နေ့လယ် ၂ နာရီခွဲလောက်မှာ ပေါက်ကွဲမှု တခုဖြစ်ခဲ့ပြီး လူကြီး ၂ ဦးနဲ့ ကလေး ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိ သွားပါတယ်။ အခင်းဖြစ်ပွားရာနေရာရောက်နေတဲ့ ဒီဗွီဘီသတင်းထောက် အောင်စိုးထိုက်က “စော်ဘွားကြီးကုန်း ၀င်းထဲမှာ ပေါက်ကွဲမှုဖြစ်တယ်။ အိမ်ဆောက်ပစ္စည်းရောင်းနေတဲ့ ငွေလမင်းဆိုင်။ ပေါက်တာက သံတွေဘာတွေ ဖြတ်တဲ့အခါမှာ သုံးတဲ့ လေအိုးရှိတယ်။ အဲဒီလေအိုးကနေ ပေါက်ကွဲတာ။ အလုပ်သမား ၂ ယောက်ရယ်၊ ကလေး ၁ ယောက် သေသွားတယ်။ ဒဏ်ရာရသူ ၄ ယောက်ကိုတော့ အင်းစိန်ဆေးရုံကို ခေါ်သွားတယ်။ အဲထဲမှာ အမျိုးသမီးတယောက်လည်းပါတယ်” လို့ ပြောပါတယ်။ သေဆုံး ဒဏ်ရာမှုအခြေအနေကို အခင်းဖြစ်ပွားရာ ရောက်ရှိနေတဲ့ ရဲတပ်ဖွဲ့ကလည်း အတည်ပြုပြီးပြီလို့ ဆိုပါတယ်။ “အခုလာပြီးတော့ သေတဲ့သူတွေကို လာဖော်ထုတ်နေတယ်။ လောလောဆယ် ဒေသခံ ရဲတွေ ရောက်လာတယ်။ ပေါက်ကွဲမှုဖြစ်ပွားပေမယ့် မီးလောင်ကျွမ်းမှုမရှိဘဲ အနီးအနားက ဆိုင် အတော်များများလည်း ပျက်စီးကုန်တယ်လို့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။ “လေအိုးပေါက်တာဆိုတော့ မီးမလောင်ဘူး။ အနီးအနားက ဆိုင်တန်းကြီးဆိုတော့ ကျန်တဲ့ဆိုင်တွေ အကုန်လုံးလည်း ပျက်စီးကုန်တယ်။ အနီးနားဆိုင်တွေက တော်တော်လေးကို ပျက်စီးသွားတယ်။ ဘေးပတ်ဝန်းကျင်မှာတော့ လူတွေ အထိအခိုက်မရှိဘူး။
Categories: Myanmar News

ဒီမိုကရေစီကိုသွားရန် မီဒီယာ လွတ်လပ်ခွင့်ပေးရမည်

Tue, 04/23/2013 - 02:13
မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနဲ့ မယဉ်ပါးသေးကြောင်း၊ ဒီမိုကရေစီကို သွားဖို့ မီဒီယာလွတ်လပ်ခွင့်ပေးရမယ် ဖြစ်ကြောင်း တရားရုံး ၃ ရုံးမှာ တရားစွဲခံထားရတဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ကိုရဲမင်းဦးက ပြောပါတယ်။ ဧပြီ ၂၂ ရက် ဗဟန်းတရားရုံးကို ရုံးထုတ်စစ်ဆေးစဉ် တရားရုံးအတွင်းကို မီဒီယာတွေ အပါအ၀င် သာမန်ပြည်သူလူထုကို ၀င်ရောက်ကြားနာခွင့်မပေးတဲ့အပေါ် သူက ခုလို မှတ်ချက်ပေး ပြောဆိုတာ ဖြစ်ပါတယ်။ မီဒီယာတွေနဲ့ ပြည်သူတွေကို ၀င်ခွင့်မပေးတဲ့အတွက် တရားရုံးပြင်ပမှာ လုံခြုံရေးရဲ တချို့နဲ့ သံဃာတော်တချို့ အခြေအတင် အငြင်းပွားခဲ့ကြပါတယ်။ ကိုရဲမင်းဦးဟာ ကျောက်တံတား တရားရုံး၊ ဗဟန်းတရားရုံး နဲ့ သာကေတမြို့နယ် တရားရုံးတွေမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် လုပ်မှု ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၅၄ တို့နဲ့ တရားစွဲခံထားရသူ ဖြစ်ပါတယ်။
Categories: Myanmar News

မြန်မာအပေါ် အီးယူပိတ်ဆို့ဒဏ်ခတ်မှု တရားဝင်ရုပ်သိမ်း

Tue, 04/23/2013 - 02:02
ဥရောပသမဂ္ဂ(အီးယူ) အဖွဲ့ဝင်အစိုးရတွေက မြန်မာနိုင်ငံအပေါ်  လက်နက်ပိတ်ဆို့မှုကလွဲပြီး ကျန်တဲ့ပိတ်ဆို့ဒဏ်ခတ်မှုတွေ အားလုံးရုပ်သိမ်းလိုက်ပြီလို့ ဆုံးဖြတ်လိုက်ပါတယ်။ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေ လူဇင်ဘတ်နိုင်ငံမှာ ဧပြီ ၂၂ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ အသိအမှတ်ပြုတဲ့အနေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ အားလုံး သဘောတူ ဆုံးဖြတ်လိုက်တာပါ။ အီးယူ နိုင်ငံခြားရေးဝန်ကြီးမူဝါဒဆိုင်ရာ အကြီးအကဲ ကတ်သရင်းအက်ရှ်တန်က  “ဒီကနေ့  မြန်မာနိုင်ငံနဲ့ ကျမတို့ရဲ့အကြား အလွန်ရှည်ကြာတဲ့ ဆက်ဆံရေးကဏ္ဍတခုကို နိုင်ငံရေးနဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းလိုက်ခြင်းအားဖြင့် ပိတ်သိမ်းလိုက်ပါပြီ။ လက်နက်တွေ တင်ပို့မှု တားဆီးတာပဲ ဆက်ကျန်ပါမယ်။ လူ့အခွင့်အရေးကိစ္စ၊ ဒီမိုကရေစီရေး၊ ဆင်းရဲမှုတိုက်ဖျက်ရေးနဲ့ ရေရှည်ငြိမ်ချမ်းရေး အောင်မြင်မှုရဖို့ လုပ်စရာတွေအများကြီး ကျန်နေသေးတယ်ဆိုတာ ကျမတို့ သိပါတယ်။ ဒီစိန်ခေါ်မှုတွေကို ကျမတို့ လျော့မတွက်ပါဘူး။ ဒါပေမယ့် အခုချိန်ဟာ စေ့စပ်ညှိနှိုင်းမှုတေ ပိုလုပ်ပြီး အသွင်ကူးပြောင်းရေး ရှေ့ဆက်သွားအောင် ကူညီရမယ့်အချိန်လို့ ယုံကြည်ပါတယ်။ ဒီစိန်ခေါ်မှုတွေအားလုံးဟာ ပွင့်လင်းတဲ့ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းမှာမှ ပြောလို့ဆိုလို့ကောင်းပါတယ်။ ပြီးတော့ ကျမတို့အနေနဲ့ အစိုးရနဲ့ တခြားသက်ဆိုင်တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် ဆက်ပြီးတော့ အလုပ်လုပ်ဖို့ မျှော်လင့် ထားပါတယ်။ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာမှုကို အလိုရှိနေပါတယ်။ ဒါတွေကိုသူတို့ ခံစားရသင့်ပါတယ်။” လို့ ပြောပါတယ်။ အီးယူဟာ စစ်အစိုးရလက်ထက်က နှစ်ပေါင်းများစွာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်လာရာက သမ္မတဦးသိန်းစိန် အစိုးရတက်ပြီးနောက် ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက်ဖော်ဆောင် လာပြီးနောက်  ပြီးခဲ့တဲ့နှစ်က  ပိတ်ဆို့ဒဏ်ခတ်မှုအတော်များများကို ဆိုင်းငံ့ထားခဲ့တာပါ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တိုက်ပွဲတွေ၊ မွတ်စလင်တွေနဲ့ ပဋိပက္ခတွေ လတ်တလောဖြစ်ပွားခဲ့ပေမယ့်  မြန်မာနိုင်ငံမှာ အီးယူ စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှုတွေလုပ်နိုင်အောင် အခုလို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးလိုက်တာလည်း ဖြစ်ပါတယ်။ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ကတော့ “ကျနော်တို့ ဒီပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ မြန်မာပြည်အပြောင်းအလဲကို အထောက်အကူပြုခဲ့ပါတယ်။  တကယ်တော့ လွန်ခဲ့တဲ့ တနှစ်လောက်က ကျနော်တို့ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဆိုင်းငံ့ထားခဲ့တယ်။ အခုဆုံးဖြတ်ချက်က  ပိတ်ဆို့ဒဏ်ခတ်မှုကို  တရားဝင် ရုပ်သိမ်းလိုက်ပြီး၊ ဒီပိတ်ဆို့မှုတွေ ဘယ်လိုနည်းနဲ့မှ သက်ရောက်မှု မရှိတော့ပါဘူး။ ကျနော်တို့ လက်နက်ပိတ်ဆို့မှုကို ဆက်ပြီးထိန်းထားမယ်။ တစုံတခုအပေါ်  ပိတ်ဆို့မှုတွေ၊ တားဆီးမှုတွေဟာ နိုင်ငံတွင်းဖိနှိပ်မှုတွေအတွက် အသုံးပြုနိုင်ပါတယ်။  ဒါပေမယ့် မြန်မာပြည်မှာ မီဒီယာလွတ်လပ်ခွင့်တွေရလာတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်ဖ်ာကိုင်ဖက်တွေ ရွေးချယ်ခံရတဲ့ လွှတ်တော်ရွေးကောက်ပွဲတွေလုပ်ခဲ့တာမျိုး သိသာထင်ရှားတဲ့ အပြောင်းအလဲတွေဖြစ်ချိန်ရောက်ပါပြီ။  ဒီပြောင်းလဲမှု အတိုင်းအတာကို အသိအမှတ်ပြုရပါမယ်။” လို့ ပြောကြားခဲ့ပါတယ်။ မြန်မာအစိုးရ နိုင်ငံခြားရေးဌာနကတော့ အီးယူရဲ့ ဆုံးဖြတ်ချက်ကို ၀မ်းမြောက်စွာကြိုဆိုတဲ့အကြောင်း ဒီလိုရုပ်သိမ်းလိုက်တာဟာ မြန်မာ-အီးယူဆက်ဆံရေးကို အားပေးရာ ရောက်တဲ့အပြင် ပိုမိုနက်ရှိုင်းကျယ်ပြန်တဲ့ နှစ်ဘက်ပူးပေါင်း ဆောင်ရွက်မှုကို အကျိုးပြုစေမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုလို အီးယူရဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းတဲ့အပေါ် ကြိုဆိုတယ်လို့ ဘီဘီစီ ကမ္ဘာ့တလွှားသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)ကတော့  ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတာကို ထောက်ပြပြီး  အစိုးရနဲ့ ပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရသေးတဲ့အကြောင်း၊ မြန်မာအစိုးရနဲ့ စစ်တပ်အနေနဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို အလေးအနက်ထားလုပ်ဆောင်လာတဲ့အထိ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို မရုပ်သိမ်းဘဲ အရင်အတိုင်း ဆက်ဆိုင်းငံ့ထားဖို့ ကြေညာချက် ထုတ်ပြီး ပြင်းထန်စွာ တောင်းဆိုခဲ့ပါတယ်။ ဗြိတိန်အခြေစိုက် ဘားမားကန်ပိန်း(ယူကေ)အဖွဲ့ကလည်း အီးယူဟာ အကျဉ်းထောင်တွေမှာ မလွတ်မြောက်သေးဘဲ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အရေးကို ပစ်ပယ်ပြီး ပိတ်ဆို့ဒဏ်ခတ်မှုရုပ်သိမ်းတဲ့ အီးယူရဲ့လုပ်ရပ်ကို ရှုတ်ချလိုက်ပါတယ်။ အီးယူရဲ့ ဆုံးဖြတ်ချက်ဟာ  အလားတူပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆိုင်းငံထားတဲ့ အမေရိကန်ပြည်ထောင်စုကိုလည်း မြန်မာအပေါ်  ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းလာအောင် ဖိအားတရပ်ဖြစ်လာစေမယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။ အမေရိကန်အစိုးရက ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ဆိုင်းငံ့ပေးခဲ့ပြီး အမေရိကန်ကုမ္ပဏီတွေကိုလည်း ရင်းနှီးမြှုပ်နှံခွင့် ခွင့်ပြုပေးခဲ့တာပါ။ ဒါပေမယ့်  အမေရိကန်စီးပွားရေးသမားတွေကတော့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ အားလုံးရုပ်သိမ်းပေးဖို့ အစိုးရကို တောင်းဆိုနေပါတယ်။
Categories: Myanmar News

ထိုင်းနိုင်ငံ ယာဉ်တိမ်းမှောက်မှု ၂ နေရာတွင် မြန်မာနိုင်ငံသားများ ပါဝင်

Tue, 04/23/2013 - 00:54
ထိုင်းနိုင်ငံ အလယ်ပိုင်း  ဖစ်ချပူရီခရိုင် နဲ့ ချိုင်းယားနတ်ခရိုင်မှာ ဒီရက်ပိုင်းအတွင်း မော်တော်ယာဉ် မတော်တဆထိခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ယာဉ် ၂ စီးလုံးမှာ မြန်မာနိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြသွားပါတယ်။ ပထမဖြစ်စဉ်မှာ မြန်မာနိုင်ငံသားတဦး မောင်းနှင်တဲ့ အဖြူရောင် နစ်ဆန် ဟိုင်းလပ်ကားတစ်စီးဟာ ဒီမနက်စောစော ၂ နာရီလောက်က  ဖစ်ချပူရီ ခရိုင် ခေါ်ယွဲ့မြို့နယ် နောင်ပရုန်း ရပ်ကွက်ထဲမှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး စီးနင်းလိုက်ပါလာတဲ့ မြန်မာအလုပ်သမား စုစုပေါင်း ၂၉ ဦးမှာ ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ခေါ်ယွဲ့မြို့နယ် ရဲစခန်းတာဝန်ရှိသူတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။ မြန်မာနိုင်ငံသားတဦး မောင်းနှင်တဲ့ အဖြူရောင် နစ်ဆန် ဟိုင်းလပ်ကား အဲဒီအလုပ်သမားတွေအားလုံးဟာ ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့နယ်က ရာဘာခြံအလုပ်သမားတွေဖြစ်ပြီး သင်္ကြန်ပိတ်ရက် ကန်ချနာဘူရီခရိုင်က အပြန် ခုလို မတော်တဆထိခိုက်မှု ဖြစ်ပွားရတာလို့ သတင်းမှာ ဖော်ပြပါတယ်။ ကားမောင်းသူဟာ အသက် ၃၈ နှစ်အရွယ် မောင်ကံ ဆိုသူဖြစ်ပြီး  အခင်းဖြစ်ပွားတဲ့နေရာအရောက် အရှေ့က ဖြတ်မောင်းတဲ့ ၁၀ ဘီးကားကို ရှောင်တိမ်းရာမှာ အရှိန်မထိန်းနိုင်ဘဲ အိမ်တအိမ်ရှေ့က အုတ်တိုင်ကို ၀င်တိုက်ပြီး တိမ်းမှောက်ခဲ့တာပါ။ ကားတိမ်းမှောက်မှုကြောင့် ဒဏ်ရာရသူ အားလုံးကို ခေါ်ယွဲ့ပြည်သူ့ဆေးရုံနဲ့ ဖရကျွမ်းကောက် ဆေးရုံမှာ တင်ထားရပြီး ကားမောင်းသူကို ရဲစခန်းက စစ်ဆေးမေးမြန်းဖို့ ခေါ်ယူ ထိန်းသိမ်းထားကြောင်း၊ စီးနင်းလိုက်ပါလာသူ မြန်မာအလုပ်သမားတွေရဲ့ သက်သေအထောက်အထားတွေလည်း စစ်ဆေးမှာဖြစ်ပြီး တရားမ၀င် ၀င်လာသူတွေကို လိုအပ်သလို အရေးယူမယ်လို့ ခေါ်ယွဲ့ရဲစခန်း အထူးစုံစမ်းစစ်ဆေးရေးဌာနက ဗိုလ်မှူး အင်းထဆွန် ဖလုမ်းဟွမ်က ထိုင်းသတင်းဌာနကို ပြောသွားပါတယ်။ ဧပြီ ၂၂ ရက် မနက် ၅ နာရီခွဲကလည်း ထိုင်းနိုင်ငံ အလယ်ပိုင်း ချိုင်းယားနတ်ခရိုင် ဆန်ဖယားမြို့နယ်က အာရှလမ်းမကြီးပေါ်မှာ  ချင်းမိုင်-ဘန်ကောက်သွား ခရီးသည်တင် ၂ ထပ် ဘတ်စ်ကားကြီး တိမ်းမှောက်ခဲ့တာဖြစ်ပြီး အနည်းဆုံးလူ ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ချန်နယ် ၃ ထိုင်းတီဗွီသတင်းက ထုတ်လွှင့်သွားပါတယ်။ အင်းထရားထိုး ကုမ္ပဏီပိုင် ဘတ်စ်ကားဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ကနေ ဧပြီ ၂၁ ရက်နေ့ညက ထွက်ခွာလာတာဖြစ်ပြီး ဘန်ကောက်မရောက်ခင် မိုင်တိုင်အမှတ် ၁၁၂ နဲ့ ၁၂၃ ကြားမှာ တိမ်းမှောက်ခဲ့ကြောင်း၊  ခရီးသည်တို့ ထွက်ဆိုချက်အရ  အသက် ၅၀ နှစ်အရွယ် ကားသမားဟာ အခင်းဖြစ်တဲ့နေရာမှာ အရှေ့က ကုန်တင်ကားတစီးကို ကျော်တက်ရာက အရှိန်မထိန်းနိုင်ဘဲ ကားဘီးလည်ပြီး ဘေးက ချောင်းထဲထိုးကျသွားတယ်လို့ ထိုင်းသတင်းက ဖော်ပြပါတယ်။ ကားပေါ်မှာ လူပေါင်း ၄၈ ဦး စီးနင်း လိုက်ပါလာပြီး  အနည်းအကျဉ်းဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးလုပ်သားတွေက ရှေးဦး သူနာပြုစုပေးကြောင်း၊  ဒဏ်ရာပြင်းတဲ့ ၁၀ ဦး ဆေးရုံတင်ထားရကြောင်း၊ အဲဒီထဲမှာ နိုင်ငံခြားသား ၃ ဦးပါပြီး မစ္စ ခန်းအောင်  လို့ခေါ်တဲ့  အသက် ၄၅ နှစ်အရွယ် မြန်မာနိုင်ငံက အမျိုးသမီးတဦးနဲ့ တရုတ်နိုင်ငံသား ၂ ဦး တို့ ဖြစ်ကြောင်း  ဆန်ဖယားမြို့နယ်ရဲစခန်းက ထိုင်းသတင်းဌာနကို ပြောသွားပါတယ်။
Categories: Myanmar News

Pages