You are here

DVB

Subscribe to DVB feed
Democratic Voice of Burma
Updated: 19 hours 5 min ago

မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ငွေကြေးအဖွဲ့များ အားပေး

Tue, 05/07/2013 - 01:19
အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) တို့ဟာ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု လျှော့ချခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ကို ရရှိ အောင်မြင်စေဖို့ ရည်ရွယ်တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ မေ ၄ ရက်က အားပေးတိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုယ်ပိုင်စီးပွားရေးနဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းကို ထူထောင်ဖို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ အိန္ဒိယနိုင်ငံ Greater Noida မှာ ကျင်းပတဲ့ ၄၆ ကြိမ်မြောက် အေဒီဘီအုပ်ချုပ်ရေးဘုတ်အဖွဲ့ ပုံမှန်အစည်းအဝေးရဲ့ သီးခြား အစီအစဉ်မှာ အေဒီဘီနဲ့ အိုင်အမ်အက်ဖ်အဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံဟာ ပြည်သူတွေအတွက် မျှော်လင့်ချက်ပေးစွမ်းတဲ့ စီမံအုပ်ချုပ်မှု ရှိရမှာဖြစ်ပြီး ကိစ္စတွေဟာ ညတွင်းချင်း ပြောင်းလဲသွားမှာ မဟုတ်ကြောင်းနဲ့ ရှေ့ဆက်သွားဖို့ အချိန်ယူရမှာဖြစ်တယ်လို့ အာရှဖွံ့ဖြိုးမှုဘဏ် (အေဒီဘီ) ဒုဥက္ကဌ စတီဖင် ဂရော့ဖှ်က သတိပေး ပြောဆိုသွားပါတယ်။ မြန်မာအစိုးရအနေနဲ့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ အနာဂတ်မှာ အကျိုးအမြတ်တွေ ပြန်ရလာလိမ့်မယ်လို့ ပြည်သူတွေကို အသိပေးသင့်တယ်လို့လည်း သူက ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ တည်ဆောက်ရေးလုပ်ငန်းစဉ်မှာ ပုဂ္ဂလိကပိုင်းအနေနဲ့ ပူးပေါင်းလုပ်ကိုင်ရာမှာ တွန်းအားပေးဖို့ သူက တောင်းဆိုသွားပါတယ်။ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ဆင်းရဲမွဲတေမှုနဲ့ ဖွံ့ဖြိုးမှုနိမ့်ကျနေမှုလို အရေးပါတဲ့ ကိစ္စရပ်တွေကို ဖြေရှင်းဖို့အတွက် စီးပွားရေး ဖွံ့ဖြိုးမြင့်တက်လာမှု အပါအ၀င် အရေးကြီးကိစ္စတွေကို အလေးပေး ပြောဆိုသွားပါတယ်။ အိုင်အမ်အဖ်ရဲ့ အာရှပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး အနု(ပ်) ဆင်းန်ကတော့ ငွေကြေးဖောင်းပွမှု ထိန်းချုပ်ထားခြင်းဖြင့် အကြီးစား စီးပွားရေးရာတည်ငြိမ်မှု တိုးပွားလာအောင် လုပ်ဆောင်နိုင်ဖို့  မြန်မာအစိုးရကို အားပေးသင့်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ဗဟိုဘဏ်နဲ့ ပုဂ္ဂလိက ငွေကြေးထောက်ပံ့မှုလိုမျိုး နိုင်ငံတော်နဲ့ ပုဂ္ဂလိက ဆောင်ရွက်သူတွေ ပါဝင်လာခြင်းနဲ့အတူ အကြီးစား စီးပွားရေးတည်ငြိမ်မှုအတွက် ဌာနတွေ စတင်တည်ထောင်နေတာတွေကို မြင်တွေ့ရတာ အားရကျေနပ်တယ်လို့လည်း သူက ဆိုပါတယ်။ ဒီလိုလုပ်ဆောင်မှ နိုင်ငံတော်ဘတ်ဂျက် တခုတည်းထက်စာရင် ပုဂ္ဂလိကကဏ္ဍတွေဘက်မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေးနဲ့ ပညာရေးတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လည်ပတ်နေမှာဖြစ်ပြီး အခွန်အခတွေ ပြန်ရမယ့်အပြင် နိုင်ငံခြားငွေကြေး သိုမှီး ထိန်းသိမ်းထားနိုင်မှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။
Categories: Myanmar News

နယ်မြေကနေ မပြောင်းရွှေ့ပေးနိုင်ကြောင်း ဒီကေဘီအေ ပြော

Fri, 05/03/2013 - 06:30
အစိုးရနယ်မြေခံတပ်က မတ် ၄ ရက် မွန်းတည့် နောက်ဆုံးထားပြီး ဒီကေဘီအေတပ်ရင်း ၉၀၅ ကို နေရာကနေ ပြောင်းရွှေ့ပေးဖို့ အမိန့်ပေးထားပေမယ့် ဖယ်မပေးနိုင်ဘူးလို့ ဒီကေဘီအေ (ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်) တပ်မှူး ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။ ဗိုလ်မှူး ဆန်းအောင် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အရှေ့ပိုင်းတလျှောက်မှာ အခြေချနေတဲ့ ဒီကေဘီအေ ၉၀၅ တပ်ရင်းကို ဟတ်ကြီးရေကာတာတည်ဆောက်ရေးအတွက် နယ်မြေရှင်းလင်းဖို့  အစိုးရတပ်ရင်း ၃၃၈ ဗိုလ်မှူး ထွန်းထွန်းဝင်းက ဒီကေဘီအေ ဗျူဟာမှူးဆီ မနေ့က စာပေးပို့ပြီး ဖယ်ရှားခိုင်းခဲ့တဲ့အပေါ် အခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။ “ကျနော်တို့မှာ ဖယ်စရာ မြေလည်းမရှိတော့ဘူး။ ဒီလိုဖယ်ခိုင်းတယ်ဆိုတာ လာပြီး ကျနော်တို့ကို အနိုင်ကျင့်တယ်လို့ ကျနော်တို့ ခံစားရတယ်။ ကျနော်တို့ကို ခြိမ်းခြောက်တယ်လို့လည်း ခံစားရတယ်။ အဲလို ခြိမ်းခြောက်တယ်ဆိုရင် လက်ရှိ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကို ကြီးမားတဲ့ ဂယက်ရိုက်မယ်လို့ ကျနော်တို့ နားလည်တယ်။ ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာလုပ်မယ်ဆိုရင် ကျနော်တို့ကို ခြိမ်းခြောက်စရာမလိုဘူး။” ငြိမ်းချမ်းရေးဖော်ဆောင်နေမှုကို အစိုးရနဲ့လုပ်နေတာဖြစ်ပြီး တပ်က အခုလို လာပြီး ခြိမ်းခြောက်တာမျိုးတော့ လက်မခံနိုင်ဘူးလို့ ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။ “ကျနော်တို့ ငြိမ်းချမ်းရေးလုပ်တာ လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး လုပ်တယ်။ တပ်က ကျနော်တို့ကို ဒီလို အမိန့်လာပေးတယ်။ လက်ရှိ နိုင်ငံတော်အစိုးရကလည်း တမျိုး၊ သူ့တပ်ကလည်း တမျိုး ကျနော်တို့အနေနဲ့ ဘယ်သူ့စကား နားထောင်ရမှန်းမသိဘူး။ ကျနော်တို့ တရားဝင်လက်မှတ်ထိုးထားတာက နိုင်ငံတော်အစိုးရအဖွဲ့နဲ့ လက်မှတ်ထိုးတာ။ လက်ရှိ သူ့တပ်မတော်က ကျနော်တို့ကို ဒီလို အမိန့်ပေးစရာလည်း အကြောင်းမရှိဘူး။ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ အစိုးရကနေ တရားဝင် စာနဲ့ပေနဲ့ လာရမယ်။ တပ်က မင်းတို့ မဖယ်ရင် ပစ်မယ်ဆိုရင် ကျနော်တို့က ပြန်တုံ့ပြန်မယ်ဆိုတာ ရဲရဲတင်းတင်း ကျနော်ပြောတယ်။” ဒီကေဘီအေအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်စောလားဘွယ်က ငြိမ်းချမ်းရေးနည်းနဲ့ စားပွဲဝိုင်းမှာ ဖြေရှင်းဖို့ ပြောကြားထားတာဖြစ်ပြီး အစိုးရက ပစ်ခတ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့အနေနဲ့ ပြန်လည်တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိပြဿနာ ပြေလည်ရေးအတွက် ဒီကေဘီအေက  အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ကို ဆက်သွယ်နေတတယ်လို့ ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့က ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသ ယောပုထရွာနဲ့ ကမမောင်းရွာကြား  သောင်းရင်းမြစ်ထဲမှာ အမှတ် ၁၀၁၄ နယ်ခြားစောင့်တပ် စက်လှေ ၁ စီး ၀င်ရောက်လာရာမှာ  ဒီကေဘီအေဂိတ်က တပ်သားတဦးက ဟန့်တားခဲ့တာကို ရပ်မပေးတဲ့အတွက် သေနတ်နဲ့ လှမ်းပစ်လို့ နယ်ခြားစောင့်တပ်သားတဦး သေဆုံးခဲ့ပါတယ်။ အဲဒီကစပြီး  ဒီကေဘီအေနဲ့ အစိုးရတပ်အကြား ဧပြီ ၂၈ ရက်နေ့ထိ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီနောက် မနေ့က စာရေးပေးပို့ပြီး နယ်မြေကနေ ဖယ်ရှားခိုင်းခဲ့တာပါ။ ဗိုလ်ချုပ် စောလားဘွယ်ခေါင်းဆောင်တဲ့  ဒီကေဘီအေ (ကလိုထူးဘော) နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့  အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၂ ရက်နေ့ကလည်း ကရင်ပြည်နယ် မြ၀တီမြို့မှာ ဒီကေဘီအေနဲ့ အစိုးရလက်အောက်ခံ  နယ်ခြားစောင့်တပ်တွေအကြား ဇန်န၀ါရီ လဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။
Categories: Myanmar News

ဒီလအတွင်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဆွေးနွေးပွဲများရှိ

Fri, 05/03/2013 - 06:20
ဒီလအတွင်းမှာ ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေဟာ ကေအိုင်အို၊ ယူအင်အက်ဖ်စီ၊ ကေအဲန်ပီပီတို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးက ပြောပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာက ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေကို ဆက်သွယ် မေးမြန်းထားပါတယ်။ ကေအိုင်အိုနဲ့ အစိုးရအကြားဆွေးနွေးပွဲနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေ ပြောပြပေးပါ။ ဦးလှမောင်ရွှေ “၀န်ကြီးဦးအောင်မင်းကတော့ ပြီးခဲ့တဲ့ လ ၂၅ ရက်က အဆိုပြုလွှာပေးထားတယ်။ ကေအိုင်အိုအဖွဲ့အစည်းဘက်ကလည်း သူတို့ဘက်က တက်ရောက်စေချင်တဲ့ (observer) လေ့လာသူတွေ တက်ရောက်နိုင်ဖို့ကိစ္စကို ကျနော်တို့ ပြင်ဆင်ညှိနှိုင်းနေဆဲ ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ဘက်က ပြောနိုင်တာတော့ နောင်လာမယ့်အပတ်ပေါ့။ အဲလောက်တွေမှာဖြစ်နိုင်ဖို့ ဒီဟာကိုမျှော်လင့်ပြီးတော့ ပြင်ဆင်တာ၊ ဒီလောက်ပဲရှိပါတယ်။” ကေအိုင်အိုဘက်ကရော ဘယ်လိုသဘောထားရှိလဲ။ ဘယ်မှာဆွေးနွေးမယ်ဆိုတာနဲ့ ပတ်သက်လို့။ “ကေအိုင်အိုဘက်ကလည်း သူတို့ဘက်က သူတို့ရဲ့ လိုလားချက်နဲ့ သူတို့ရဲ့ လေ့လာသူကိစ္စကိုတော့ ဦးအောင်မင်းနဲ့ ညှိနှိုင်းနေဆဲပေါ့။” မြစ်ကြီးနားလား။ ရွှေလီ (တရုတ်နိုင်ငံ) လား။ “ဦးအောင်မင်းကတော့ မြစ်ကြီးနားမှာ ကျင်းပဖို့ အဆိုပြုထားတာပေါ့။ ဒါကတော့ တဖက်အဖွဲ့အစည်းသဘော၊ ညှိနှိုင်းလို့ သဘောတူရင်တော့ မြစ်ကြီးနားမှာ ဖြစ်မှာပေါ့။ ကျနော်ကတော့ မြစ်ကြီးနားဖြစ်နိုင်တယ်လို့ မျှော်လင့်ထားတာပေါ့။ အခုကတော့ ၀န်ကြီး ဦးအောင်မင်း ညှိနှိုင်းနေပါတယ်။  ဟိုဘက်ဒီဘက်အချက်အလက်တွေကြောင့်။” ကချင်နဲ့မတိုင်ခင် ကရင်နဲ့တွေ့ပြီး နှစ်ဘက်လိုက်နာရမယ့်ကျင့်ဝတ်စည်းမျဉ်း (code of conduct) ညှိမယ်လို့ ကြားသိရပါတယ်၊ အဲဒီကိစ္စပြောပြပါ။ “ကရင်နဲ့က ဟိုးတလောတုန်းက ကျနော်တို့ ဘားအံမှာလုပ်နေတဲ့ ကရင်ရေးရာအစည်းအဝေးမှာ မတိုင်ခင်မှာ ကေအဲန်ယူကိုယ်စားလှယ်အဖွဲ့ ၃ ဦးနဲ့ ဦးအောင်မင်းနဲ့ ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အချိန်မှာ ကေအန်ယူနဲ့ ကျနော်တို့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကြီး မလုပ်ခင်မှာ (code of conduct) အပါအ၀င် အခြားကြိုတင်ပြင်ဆင်ညှိနှိုင်းတဲ့ ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေးတွေလုပ်ဖို့ လိုပါတယ်။ အဲဒါတွေလုပ်ဖို့ အခု ဘယ်နေ့ ဘယ်ရက်လာမယ်၊ ဘယ်ဟာတွေ ပြောမယ်ဆိုတာတော့ လုပ်နေပါတယ်။ ကေအိုင်အိုနဲ့က အရင်ဖြစ်ပါလိမ့်မယ်။” ဦးလှမောင်ရွှေတို့ တက်ရောက်တဲ့ ချင်းမိုင်ပွဲ (တိုင်းရင်းသားမဟာမိတ် ယူအန်အက်ဖ်စီနဲ့ ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အကြား နိုင်ငံရေးဆွေးနွေးပွဲ အကြိုညှိပွဲ) က ဖေဖော်ဝါရီ ၂၀ မှာ ကျင်းပတယ်။ နောက် ၂ လအတွင်း ထပ်တွေ့မယ်လို့ ကြေညာပြီး ၂ လပြည့်တဲ့ ဧပြီ ၂၀ မှာ ဘာလို့ မကျင်းပဖြစ်တာလဲ။ အဲဒီအစည်းအဝေး ဘယ်တော့ဖြစ်မလဲခင်ဗျာ။ “ဟုတ်ကဲ့။ ယူအင်အက်ဖ်စီနဲ့က ၀န်ကြီးဦးအောင်မင်းက မေလထဲမှာ သူ ဆောင်ရွက်နိုင်ဖို့ မြန်မာငြိမ်းချမ်းရေးစင်တာက အလုပ်အဖွဲ့ကို သူ့အနေနဲ့ ပြောထားတာကတော့ ဆွေးနွေးပွဲ ၄ ခုလောက်ဖြစ်ဖို့ သူပြင်ဆင်နေပါတယ်၊ နံပါတ် ၁ ကတော့ ပထမဦးစားပေးကတော့ ကေအိုင်အိုပါ။ ဒုတိယက ကေအဲန်ယူ။ နောက် တတိယက ယူအန်အက်ဖ်စီနဲ့ ကေအဲန်ပီပီပါ။ အဲဒီ ၄ ခုလုံးကို မေလတွင်းမှာ ဆောင်ရွက်ဖို့တော့ လုပ်နေတယ်။ တဖက်က ဆွေးနွေးမယ့်အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပြီးတော့ ညှိနှိုင်းနေပါတယ်။ ယူအဲန်အက်ဖ်စီဘက်ကတော့ သူတို့ဘက်မှာလည်း နိုင်ငံရေးဆွေးနွေးပွဲမူဘောင် (political dialogue framework) ကို ဆွေးနွေးမှာဖြစ်တဲ့အတွက် သူတို့ဘက်မှာလည်း ပြင်ဆင်နေဆဲလို့ပဲ နားလည်တယ်လေ။ ရက်ကတော့ ကျနော်တို့လည်း ပြန်မညှိရသေးဘူး။ ၀န်ကြီးဦးအောင်မင်းကလည်း မနေ့ကမှ ခရီးသွားတာ၊ ပြန်လာတော့ သူလည်း အခုတော့ အလုပ်လုပ်နေပါတယ်။” နိုင်ငံတော်သမ္မတကြီး ပြောကြားတဲ့ ဇွန်လလောက်ဆို ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေ အလားအလာဖြစ်ကောင်းဖြစ်နိုင်တာက အခုနှုန်းအတိုင်းဆို ဖြစ်နိုင်ခြေရှိပါလား။ “ပထမအဆင့်ကတော့ တဖွဲ့ချင်းနဲ့ ပိုပြီး ရလဒ်တွေရှာဖွေ ဆွေးနွေးဖို့လိုတယ်လို့ မှတ်ယူပါတယ်။ ဒုတိယကတော့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေမလုပ်ခင်မှာ အဲအတွက် မူဘောင်တွေ အထူးသဖြင့် ယူအန်အက်ဖ်စီလိုအဖွဲ့တွေနဲ့ လုပ်ဖို့လိုတယ်။ အဆင့်လိုက်ကတော့ သွားနေရမှာပဲ။ ဒီဘက်ကပြင်ဆင်တာကတော့ မေလထဲ အစည်းအဝေး ၄ ခုလောက်လုပ်ဖို့ ရှိတယ်။ ရက်နီးရင် ရှေ့တိုးနောက်ဆုတ်တွေ ရှိကောင်းရှိနိုင်ပါတယ်။” ရှမ်းပြည်တပ်မတော်နဲ့ အစိုးရအကြားမှာ ထပ်ခါထပ်ခါ ပစ်ခတ်မှုတွေပြန်ဖြစ်နေတဲ့အပေါ်မှာ ဘာကြောင့်လဲဆိုတာ ဒေသခံတွေက နားမလည်နိုင်ဘူးဖြစ်နေတယ်။ ဒါကိုလည်း ရှင်းပြပေးပါ။ “ကျနော်နားလည်သလောက်ပြောရရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျနော်တို့နိုင်ငံလို အဖွဲ့ပေါင်းများစွာနဲ့ တပြိုင်တည်း လုပ်ရတာမျိုး ဖတ်ဖူးမမှတ်ဖူးသေးဘူး ပြောရမယ်။ နောက် စွမ်းရည် ပြဿနာလည်း ရှိမယ်။ နောက် လက်နက်ကိုင်သူအချင်းချင်းကြားမှာ လုပ်ရတဲ့ ငြိမ်းချမ်းရေးဖြစ်လို့ အချိန်တခုလိုမယ်။ ရှမ်းပြည်နဲ့ဖြစ်တဲ့တိုက်ပွဲတွေတချို့က ဘယ်တပ်ဖွဲ့ဘယ်နားမှာနေဆိုတဲ့ တိတိကျကျ ညိနှိုင်းဖို့ကလည်း ကျန်တော့ ဒါကြောင့်လို့ ယူဆပါတယ်။ အပစ်အခတ်ရပ်စဲပြီးပေမယ့် ထိတွေ့မှုရှိကောင်းရှိနိုင်တယ်လေ။ မရှိရင်တော့ အကောင်းဆုံးပေါ့။ ဒါတွေကိုတော့ လျှော့ချဖို့လုပ်နေတယ်။” မြန်မာ့တပ်မတော်က အရင်ကထက်စာရင် သတင်းတွေထုတ်ပြန်မယ့် အစီအစဉ်တွေရှိလာတယ်ဆိုတဲ့ သတင်းစလေးကြားလိုက်ပါတယ်။ ဘယ်တော့လောက် စမယ်လို့ ကြားပါလဲ။ “တပ်မတော်က ဆောင်ရွက်မယ်လို့ ကြားတယ်။ အသေးစိတ်တော့ ကျနော်မသိဘူး။ ကျနော်က မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ဆိုင်တာတွေကိုပဲ မီဒီယာတွေကို ရှင်းပြဖို့ပေါ့။”
Categories: Myanmar News

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် အစိုးရတပ် ပစ်ခတ်မှု ထပ်မံဖြစ်ပွား

Fri, 05/03/2013 - 05:18
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်တို့ကြား ဒီတပတ်အတွင်း တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက ပြောပါတယ်။ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်စေးတောင်ကြော ဘက်မှာ ပြန်ဖြစ်နေတာဖြစ်ပြီး ဒီတခေါက်မှာတော့ အစိုးရတပ်က လားဟူပြည်သူ့စစ်အဖွဲ့ တွေကိုပါ ခေါ်ပြီး တိုက်ခိုက်တယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တပ်မှူးတဦးက ပြောပါတယ်။ မေ ၂ ရက်နေ့ ည ၇ နာရီလောက်က အစိုးရနဲ့ လားဟူ ပူးပေါင်းတပ် အင်အား ၈၀ ကျော်လောက်ဟာ လွယ်စေးတောင်ကြောက ရှမ်းပြည်တပ်မတော်ရဲ့ ဖတ်တမ်လိုင်းစခန်းကို ချဉ်းကပ်လာရာက အနီးကပ် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်။ မေ ၃ ရက်နေ့ မနက် ၉ နာရီ ထိ ပစ်ခတ်နေကြပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပေမယ့် ဦးရေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့ ၀န်းကျင်မှာ အစိုးရတပ်အင်အား ၁၀၀ လောက်လည်း ၀င်ရောက် နေရာယူထားကြောင်း၊ အခုလို  လားဟူးတပ်တွေပါ ခေါ်လာတာဟာ ပြည်နယ်ထဲက တိုင်းရင်းသား အချင်းချင်းကြား ပြဿနာဖြစ်အောင် အစိုးရတပ်က လုပ်နေတာလို့ တပ်မှူးက ပြောပါတယ်။ အစိုးရတပ်ဘက်က နယ်မြေရှင်းလင်းရေးလုပ်ဖို့အတွက်   လွယ်စေးနဲ့ လွယ်လန်းဒေသက ရှမ်းပြည်တပ်မတော်စခန်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက  ဆုတ်ခိုင်းတာမှာ ရှမ်းတပ်က ဆုတ်မပေးနိုင်တဲ့အတွက် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး ရွာသားပေါင်း ၁ ထောင်ကျော် တန့်ယန်းမြို့ပေါ် ဘုန်းကြီးကျောင်းနဲ့  ဘေးလွတ်ရာ အရပ်တွေကို ထွက်ပြေး တိမ်းရှောင်နေကြတာလည်း ဖြစ်ပါတယ်။
Categories: Myanmar News

မန္တလေးတွင် ကြက်သားဈေး သုံးချိုးနှစ်ချိုးကျရေး ကြိုးပမ်းနေ

Fri, 05/03/2013 - 05:13
မန္တလေးတိုင်းဒေသကြီးမှာ အများပိုင်ကုမ္ပဏီတခုက လက်ရှိကြက်သားပေါက်ဈေးကို လျော့ကျအောင် ကြိုးပမ်းနေပါတယ်။ မန္တလေးတိုင်းအတွင်း ကြက်သား ၁ ပိဿာ လက်ရှိပေါက်ဈေး ကျပ် ၆၀၀၀ ကနေ ၄၀၀၀ ထိ သက်သာတဲ့ ဈေးနဲ့ အများသူငါ ၀ယ်သူစားသုံးနိုင်ဖို့ ကြက်သတ်စက်ရုံတရုံ တည်ဆောက်ရေးအတွက် ကုမ္ပဏီအုပ်စုတစုက ကြိုးစားနေပါတယ်။ မန္တလေးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီရဲ့ ဒါရိုက်တာ ဒေါက်တာနေသူရိန်က သူတို့ကုမ္ပဏီက ပုသိမ်ကြီးမြို့နယ်မှာ စက်ရုံတည်ဖို့ ပြည်နယ်အစိုးရထံ ခွင့်ပြုချက်တောင်းခံထားတယ်လို့ ပြောပါတယ်။ လတ်တလောမှာ ကြက်သားထုတ်လုပ်စက်ရုံကိုပဲ ဦးစားပေးဆောင်ရွက်မယ်လို့ ဆိုပါတယ်။ “ကျနော်တို့ ကြက်သားထုတ်စက်ရုံလုပ်မယ်။ နောက် ကြက်ဥဖောက်စက်၊ ကြက်သားပေါက်ဖောက်တဲ့ လုပ်ငန်းလုပ်မယ်။ အစာလည်းလုပ်မယ်။ အစာလည်း ဖြန့်မယ်။ ကြက်သားကို ၁ ပိဿာ ၄၀၀၀ နဲ့ ရောင်းနိုင်အောင်လုပ်မယ်။ အခု ခြံဈေးက ၃၂၀၀ မှာ ဈေးမှာရောင်းတာက ၅၅၀၀ နဲ့ ၆၀၀၀ ရောင်းတယ်လေ။ ၅၅၀၀ ရောင်းရင် ၂၃၀၀ ကွာမယ်၊ ၆၀၀၀ ရောင်းရင် ၂၈၀၀ ကွာမယ်။ ကြက်သားက အဲလိုဈေးနှုန်းဟနေတယ်။ ကြက်ဥမှာ ခြံကကောက်ဈေး ၂၃၀၀ ဈေး၊ လက်လီရောင်းသူတွေက ၂၅၀၀ ဆိုတော့ သိပ်မကွာဘူး။” တဦးကို အစုရှယ်ယာ သိန်း ၅၀၀ နဲ့ စုစုပေါင်း ၃၁ ဦး ထည့်ဝင်မတည်ထားတဲ့  သိန်း ၁၅၀၀၀ ကျော်ရှိနေပြီလို့ ဆိုပါတယ်။ မြေနေရာကိုတော့ ပုသိမ်ကြီးမြို့နယ်ထဲမှာ ၃ ဧက ၀ယ်ထားပြီး ခွင့်ပြုချက်ရတာနဲ့ စက်ရုံဆောက်မယ်လို့ ပြောပါတယ်။ ကြက်သတ်စက်ရုံအတွက် လိုအပ်တဲ့ပစ္စည်းမှာယူဖို့နဲ့ လုပ်ကိုင်မယ့်လုပ်ငန်းတွေတော့ လျာထားသတ်မှတ်ပြီးပြီလို့ သူက ပြောပါတယ်။ “ကြက်သားသတ်စက်ရုံအတွက် စက်ကိုတော့ အိန္ဒိယကမှာယူဖို့ပြင်ထားတယ်။ ကြက်စာကိုတော့ ပြည်တွင်းမှာပဲလုပ်မယ်။ ကြက်စာကိုတော့ အခု မထုတ်ရသေးဘူး။ အဓိက ကြက်သားစက်ရုံအရင်စဖို့ပါ။” လတ်တလောမှာတော့ မန္တလေးဈေးကွက်အတွက်သာ လျာထားပြီး အောင်မြင်ရင် ကျန်တိုင်းနဲ့ပြည်နယ်တွေကို ချဲ့သွားမယ်လို့ ဒေါက်တာနေသူရိန်က ပြောပါတယ်။ လုပ်ကိုင်ခွင့်အခြေအနေနဲ့ပတ်သက်လို့ သိရအောင် မန္တလေးတိုင်း ဒေသကြီး အစိုးရကို မေးဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။
Categories: Myanmar News

စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် အစိုးရက ထိန်းညှိပေးရန်လို

Fri, 05/03/2013 - 04:08
စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် အစိုးရက ထိန်းညှိပေးရမှာ ဖြစ်သလို စာနယ်ဇင်းသမားတွေဘက်ကလည်း စောင့်စည်းရေးတရားကို ကိုင်စွဲသွားရမယ်လို့ ၀ါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စ်ကို) က ဦးစီးပြီး ရန်ကုန်မြို့ ပတ်ခ်ရွိုင်ရယ်ဟိုတယ်လ်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ အခုလို ပြောလိုက်တာပါ။ ဦးဝင်းတင် “အစိုးရအပိုင်းအနေနဲ့ အစိုးရအဖွဲ့အစည်းတွေ အပိုင်းက တကယ်လုပ်ဖို့ ကောင်းတဲ့ဟာက ထိန်းရေး၊ ညှိရေးပေါ့နော် လုပ်ကိုင်ဖို့အတွက်ဖြစ်ပါတယ်။ ကျနော်တို့စာနယ်ဇင်းသမားတွေဘက်ကလည်း စောင့်စည်းရေးတရားကို ကိုင်စွဲရမှာပါ။” ဒီပွဲကို ပြန်ကြားရေးဝန်ကြီးနဲ့ ယူနက်စကိုတာဝန်ရှိသူတွေနဲ့ သတင်းစာဆရာကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနား တက်ရောက်တဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က စည်းကမ်းနဲ့ လွတ်လပ်ခွင့်ဟာ ဆန့်ကျင်ဘက်မဟုတ်ကြောင်း ပြောဆိုသွားပါတယ်။ ဦးအောင်ကြည် “လွတ်လပ်မှုနဲ့ စည်းကမ်းရှိမှုနဲ့က ဆန့်ကျင်ဘက်မဟုတ်ဘူးဆိုတာ ကျနော်ပြောချင်ပါတယ်။ ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိန့်ခွန်းကို ကျနော်တို့ ငယ်ငယ်ကလေးကတည်းက အလွတ်ရနေပါတယ်။ လွတ်လပ်ရေးဆိုတာ စည်းမဲ့ကမ်းမဲ့ သဘောမျိုးမဟုတ်ဘူး စည်းနဲ့ကမ်းနဲ့ သဘောမျိုးသာလျှင်ဖြစ်တယ်ဆိုတဲ့ စကားလေးဟာ အလွန်ကို ကျနော်တို့ရဲ့ အသဲထဲမှာစွဲနေတဲ့စကားပါ။ ဒါဟာ သီအိုရီအရလည်း အရမ်းမှန်ပါတယ်။ တစုံတယောက်ရဲ့ လွတ်လပ်ခွင့်ဆိုတဲ့ဥစ္စာ တခြားလူကို သွားထိခိုက်လို့မရဘူး ဟုတ်လား အမြန်လမ်းကြောင်းတခုမှာ ကျနော်တို့သွားနေတယ်ဆိုရင် ဒါ ယာဉ်စည်းကမ်းတွေ ကျနော်တို့လိုက်နာရမယ်။ မလိုက်နာရင် ကာယကံရှင်အတွက်ရော၊ တခြားလူအတွက်ပါ ဆုံးရှုံးမှုဖြစ်တယ်။ စည်းကမ်းနဲ့ လွတ်လပ်ခွင့်ဟာ ဆန့်ကျင်ဘက် မဟုတ်ဘူးလို့ ပြောချင်တယ်” လို့ ဆိုပါတယ်။ ကိုကို (စက်မှုတက္ကသိုလ်) ကလည်း စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကြိုးစားရာမှာ စတုတ္ထမဏ္ဍိုင်တခုတည်းမရဘဲ ကျန်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေလည်း ပါမှရမယ်လို့ ပြောပါတယ်။ ကိုကို (စက်မှုတက္ကသိုလ်) “ချုပ်ချယ်တဲ့ဥပဒေတွေ ရုပ်သိမ်းပေးရေးကျတော့ ဘာနဲ့သွားဆက်စပ်လဲဆိုတော့ ဥပဒေပြုရေးအဖွဲ့နဲ့သွားဆိုင်တယ်။ ပါလီမန်ပေါ့။ သတင်းသမားတွေ သတင်းယူရင်းနဲ့တွေ့ရတဲ့အခက်အခဲတွေ တရားရုံးတွေမှာ ရင်ဆိုင်ဖြေရှင်းရာမှာလည်း တရားဥပဒေစိုးမိုးမှုကလည်း မျှတတဲ့တရားစီရင်ရေး၊ ဖြောင့်မတ်တဲ့ တရားစီရင်ရေး၊ သတင်းသမားတွေရဲ့ တကယ်ကို စစ်မှန်တဲ့ ကြိုးစားမှု၊ အခွင့်အရေးကို ကာကွယ်ပေးနိုင်တဲ့ တရားစီရင်ရေးဖြစ်ဖို့ လိုတယ်။ သတင်းလွတ်လပ်ခွင့်ရယူဖို့ရာမှာ သတင်းသမားတွေတင်မရဘဲ စတုတ္ထမဏ္ဍိုင်တခုတည်းမရဘူး၊ စတုတ္ထမဏ္ဍိုင်က လွတ်လပ်ခွင့်ကို ကြိုးစားရာမှာ ကျန်တဲ့မဏ္ဍိုင်ကြီးတွေက အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေက ပါမှရမယ်။ စတုတ္ထမဏ္ဍိုင်ကြီးထွားလာဖို့ ကျန်တာတွေက မလုပ်ပေးရင် ဘယ်လိုမှကြီးထွားမလာနိုင်ဘူး။”  
Categories: Myanmar News

မြန်မာ့ပို့ကုန်များ အလားအလာကောင်းတော့မည်ဟု စီးပွားကူးသန်း အကြံပေးပြော

Fri, 05/03/2013 - 03:19
ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးကြောင့် မြန်မာပို့ကုန် အထည်ချုပ်၊ ကျောက်စိမ်း၊ သစ်အချောထည်ပရိဘောဂနဲ့  လယ်ယာထွက်ကုန်တွေဟာ အလားအလာကောင်းတဲ့ ပို့ကုန်တွေ ဖြစ်လာတော့မယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးရဲ့ အကြံပေးအရာရှိ ဒေါက်တာမောင်အောင်က ပြောပါတယ်။ မြန်မာနိုင်ငံကို အမေရိကန်အစိုးရက ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (ဂျီအက်စ်ပီ စနစ်) လာမယ့်ဇွန်လအတွင်း ပြန်လည်ပေးအပ်သွားဖို့ ရှိသလို ဥရောပသမဂ္ဂထံကလည်း ဂျီအက်စ်ပီပြန်ရဖို့ နီးစပ်နေပြီဖြစ်တာကြောင့် မြန်မာ့ပို့ကုန်တွေ အလားအလာ ကောင်းတော့မယ်လို့ ဒေါက်တာမောင်မောင်က ပြောဆိုလိုက်တာပါ။ ”ဒီပို့ကုန်အမယ်တွေဟာ အလားအလာကောင်းတဲ့အတွက်ကြောင့်လည်း နိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်မံဝင်ရောက်လာနိုင်လို့ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးနိုင်မှုတွေလည်း အများကြီး တက်လာနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့ မျှော်လင့်တာက နိုင်ငံအတွင်းက ဆင်းရဲနွမ်းပါးမှုကိုလည်း လျှော့ချနိုင်ပါလိမ့်မယ်။ ပြီးတော့ ဒီပို့ကုန်တင်ပို့မှုကို တိုးချဲ့လာနိုင်ခြင်းဖြင့် တိုင်းပြည်ရဲ့စီးပွားရေးကလည်း ဖွံ့ဖြိုးတိုးတက်လာမယ်လို့ မျှော်မှန်းထားပါတယ်။” အမေရိကန်အပါအ၀င် အီးယူ ဈေးကွက်ကြီး ၂ ခုက မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဘက် နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ရဲ့ ကုန်သွယ်မှု ပမာဏနီးပါးရရှိဖို့က အချိန်စောင့်ရမယ်လို့ ဒေါက်တာမောင်အောင်က ပြောပါတယ်။ ”ဂျီအက်စ်ပီ ပြန်ပေးလိုက်လို့ သူတို့နဲ့ ကုန်သွယ်မှုပမာဏက ချက်ချင်းလက်ငင်းကြီး တဟုန်တိုး တက်သွားဖို့တော့ မဖြစ်နိုင်သေးပါဘူး။ တဖြည်းဖြည်းချင်းတော့ တက်လာဖို့ ရှိပါတယ်။ ပြီးတော့ ဂျီအက်စ်ပီ တခုတည်းရရုံနဲ့တော့ မဖြစ်နိုင်ဘူး။ သူတို့သတ်မှတ်ထားတဲ့ စံနှုန်းဖြစ်အောင် ကိုယ်ကလုပ်ရဦးမယ်။ ဟိုတုန်းကဆိုရင် အမေရိကန် ဈေးကွက်၊ အင်္ဂလန်ဈေးကွက်တွေက ကျနော်တို့နိုင်ငံရဲ့အရေးပါတဲ့ ပို့ကုန်ဈေးကွက်တွေလေ။ ဒီလိုအနေအထားမျိုး ပြန်ရောက်လာမှာပါ။” တရုတ်နဲ့ မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုပမာဏက ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ ၅,၀၅၂သန်းကျော်၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏက ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှာ ကန်ဒေါ်လာ ၄,၅၁၄ သန်းကျော် ရရှိခဲ့တယ်လို့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနရဲ့ စာရင်းဇယားများအရ သိရပါတယ်။
Categories: Myanmar News

နိုင်ငံတကာ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ကျင်းပ (ဓာတ်ပုံ)

Fri, 05/03/2013 - 02:25
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စ်ကို) က ဦးစီးပြီး ရန်ကုန်မြို့ ပတ်ခ်ရွိုင်ရယ် ဟိုတယ်မှာ နိုင်ငံတကာ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကို ဒီနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။View Photo Album
Categories: Myanmar News

ကလောမြို့တွင် လေပြင်းတိုက်မှုကြောင့် လူသေဆုံးမှုများရှိ

Fri, 05/03/2013 - 02:10
မေလ ၁ ရက်နေ့ညက ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်မှာ မိုးသည်းပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ရွှေမင်းဖုန်းဒေသ၊ ရွှေတူးဖော်ရေးလုပ်တဲ့ အာရှကမ္ဘာမြေစက်မှုဇုန်မှာ လူသေဆုံးဒဏ်ရာရမှုတွေရှိတယ်လို့ နယ်မြေခံတွေက ပြောပြကြပါတယ်။ ဒေသခံတဦးက “အာရှကမ္ဘာစက်မှုဇုန်က မနေ့က စာရင်းအရ ၁၇ ယောက်သေတယ်။ ဒဏ်ရာရတာလည်း ဘယ်နယောက်မှန်းမသိဘူး။ အင်းထဲမှာလည်း ကျန်နေသေးတယ်ပြောတယ်။ လုံခြုံရေးတွေပြောတော့ ၇ ယောက်လောက် ကျန်တယ်ပြောတယ်။ ရေထဲမျောသွားတာ၊ သစ်ပင်ပိသေသူတွေ၊ အင်းထဲမှာလည်း သေတဲ့သူတွေရှိတယ်ပြောတယ်။ တခြားနေရာကတော့ ပလောင်ရွာတွေမှာ ညောင်ကုန်းမှာ သွပ်လန်သွားတာတွေ ရှိတယ်၊ ၅၁ အိမ်ပါသွားတယ်။ လူတော့မသေဘူး။” လေပြင်းတိုက်ခတ်မှု အပျက်အစီးမြင်ကွင်း (စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ) ကလောမြို့နယ်ဆေးရုံကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ဆေးရုံကို အလောင်း ၉ လောင်းနဲ့ ဒဏ်ရာပြင်းထန်သူတွေရောက်လာတယ်လို့ တာဝန်ကျ ၀န်ထမ်းတဦးက ပြောပါတယ်။ “ကလောဆေးရုံကိုတော့ လူနာအလောင်း ၉ လောင်းရောက်တယ်။ အတိအကျတော့ မသိဘူး။ တောင်ကြီးဆေးရုံကိုတော့ ၃ ယောက်လွှဲတယ်။ ကလောမှာ ၄ ယောက်ကျန်တယ်။ သစ်ပင်ပိတယ်ပြောတယ်။ ကျိုးပဲ့တာတွေ ဖြစ်တယ်။” လွန်ခဲ့တဲ့ရက်ပိုင်းတုန်းကလည်း အလားတူ မိုးသက်လေပြင်းကျရောက်မှုတွေဟာ ပြည်၊ မအူပင်၊ အမရပူရ၊ ကလေးနဲ့ မုံရွာမြို့တွမှာလည်းဖြစ်ပွားခဲ့ပြီး လူအသေအပျောက်တွေရှိခဲ့သလို အိမ်ခြေပြိုကျပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က နွေကာလပူပြင်းတဲ့ အချိန်မှာ ရေငွေ့ပါပြီး အေးတဲ့လေ ၀င်လာတဲ့အတွက် အားကောင်းတဲ့မိုးတိမ်တောင်တွေဖြစ်ထွန်းပြီး မိုးသက်လေပြင်းကျတာလို့ ရှင်းပြပါတယ်။ မိုးတိမ်တောင်ကြောင့် လျှပ်စီးလက်တာ၊ မိုးခြိမ်းတာနဲ့ မိုးကြိုးပစ်တာတွေ၊ နေရာကွက်မိုးကြီးပြီး မိုးသက်လေပြင်းတိုက်ခတ်တာ၊ လေဆင်းနှာမောင်းနဲ့ စိုက်ဆင်းလေပြင်းတွေဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ဒီလို မိုးတိမ်တောင်တွေဖြစ်ထွန်းမှုဟာ နှစ်စဉ်လိုဖြစ်ပြီး ဒီနှစ်မှာ အရင်နှစ်တွေကထက် ပိုမိုဆိုးတယ်လို့ ဦးထွန်းလွင်က နှိုင်းယှဉ်ပြောဆိုပါတယ်။ “အထူးသဖြင့် မိုးကြိုကာလမှာဖြစ်တတ်တဲ့ သဘာဝ။ မြန်မာပြည်မှာ ၂၀၀၆ ကစပြီး မိုးတိမ်တောင်ကြောင့် ဖြစ်တာတွေ တနှစ်၊ တနှစ်တိုးတဲ့အထဲမှာ ဒီနှစ်က အတော်ကြီး အသေအပျောက်များတဲ့နှစ်ပါ။ တခြားနှစ်တွေလည်း သေပါတယ်။ တချို့နှစ်တွေမှာ မိုးကြိုးပစ်လို့သေတာ ၁၀၀ ကျော်ထိ ရှိပါတယ်။” မိုးတိမ်တောင်ဟာ မြင်နိုင်ကြားနိုင်သလို ရှောင်လွှဲလို့ မရနိုင်တဲ့အတွက် သတိနဲ့ နေကြဖို့ နှိုးဆော်လိုက်ပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်နဲ့ မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်တွေမှာလည်း ဒီရက်ပိုင်းက လေပြင်းတိုက်ခတ်ခဲ့တာကြောင့် လျှပ်စစ်မီးပြတ်တောက်ခြင်းနဲ့ ဆက်သွယ်ရေးတာဝါတိုင် ပြိုလဲမှုတွေ ဖြစ်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Categories: Myanmar News

ဇော်ဇော်ဦးကို ဂျပန်ဘေ့စ်ဘောအသင်း ခေါ်ယူ

Fri, 05/03/2013 - 01:56
မြန်မာနိုင်ငံဘေ့(စ်)ဘော အားကစားသမား ဇော်ဇော်ဦး ၂၃ နှစ်ကို ဂျပန်နိုင်ငံ ကာဂါဝ အိုလိဘိ ဂိုင်းနာ အသင်း (Kagawa olive Guyners  (IL) Independent League) က  ခေါ်ယူလိုက်ပါတယ်။ ကာဂါဝ အိုလိဘိ ဂိုင်းနာ အသင်းဟာ ဂျပန်နိုင်ငံရဲ့ ထင်ရှားတဲ့ Shikoku Island League plus of baseball အဖွဲ့ ၄ ဖွဲ့ထဲက တဖွဲ့အပါအ၀င် ဖြစ်ပါတယ်။ မိခင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဘေ့(စ်)ဘော အားကစားသမား အယောက် ၅၀ ခန့်သာ ရှိပါသေးတယ်။ ဂျပန်နိုင်ငံမှာ လေ့လာကစားရင်း မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်  ဖြစ်အောင် လုပ်ချင်တယ်လို့ ကိုဇော်ဇော်ဦးက ပြောပါတယ်။ ကိုဇော်ဇော်ဦးဟာ ရန်ကုန်မှာမွေးဖွားပြီး အသက် ၅ နှစ်သားအရွယ်မှာ ဖခင်ဆုံးပါးခဲ့လို့ ဆင်းရဲကျပ်တည်းစွာ ကြီးပြင်းခဲ့ရပါတယ်။ အသက် ၁၁ နှစ်မှာ အန်ဂျီအိုအနေနဲ့ မြန်မာကလေးတွေကို အဖွဲ့စုစည်းပြီး လေ့ကျင့်ဆောင်ရွက်နေတဲ့ ဂျပန်လူမျိုး ကုလ အရာရှိဟောင်း အီဝဆခီ တိုရုစံနဲ့ တွေ့ပြီး ဘေ့(စ်)ဘောပညာကို လေ့ကျင့်ကစားခဲ့တာ ဖြစ်ပါတယ်။ ကိုဇော်ဇော်ဦးဟာ လောလောဆယ် အကိုဖြစ်သူတွေနဲ့အတူ ရန်ကုန်မြို့ရှိ ကော်ပီစက်ပြုပြင်ရေးဆိုင်မှာ အလုပ်လုပ်ရင်း ၁ ပတ်ကို ၂ ရက် လေ့ကျင့်ကစားနေပါတယ်။
Categories: Myanmar News

အမျိုးသားစာကြည့်တိုက် နေပြည်တော်တွင် ဖွင့်လှစ်

Fri, 05/03/2013 - 00:58
ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် အမျိုးသားစာကြည့်တိုက်ကို နေပြည်တော်မှာ ဒီနေ့ ဖွင့်လှစ်လိုက်ပါတယ်။ ဒီမနက်ပိုင်းက နေပြည်တော် ရာဇသင်္ဂဟလမ်းပေါ်က ကုမုဒြာကြာပန်းအ၀ိုင်းအနီးမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားစာကြည့်တိုက်ပြီးရင် ဒုတိယမြောက် အမျိုးသားစာကြည့်တိုက် ဖြစ်ပါတယ်။ ဒီစာကြည့်တိုက်ဟာ ပြည်သူလူထုရဲ့ ပညာရှာမှီးရာ၊ ဗဟုသုတပြန့်ပွားရာ နေရာဖြစ်လာဖို့နဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားစာပေစု၊ အမွေအနှစ် ဗဟိုဌာနဖြစ်လာစေဖို့ မျှော်မှန်းဖွင့်လှစ်တာ ဖြစ်တယ်လို့ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နဲ့ စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ဖွင့်ပွဲအခမ်းအနားမှာ ပြောဆိုပါတယ်။ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) မှာ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊  အခြားဘာသာများနဲ့ ရေးသားထားတဲ့ စာအုပ်၊ စာတမ်း၊ စာနယ်ဇင်း ရည်ညွှန်းစာအုပ်၊ ဘွဲ့ယူကျမ်း၊ အာဆီယံစာစု၊ ကုလသမဂ္ဂ စာစု၊ သီးသန့်စာစု၊ ရှေးဟောင်းသုတေသနဆိုင်ရာ စာဆု၊ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေကို အင်္ဂလိပ်သာဘာနဲ့ ရေးသားထားတဲ့ စာအုပ်များနဲ့ ကလေးစာစုများ အပါအ၀င် စုစုပေါင်း (၂ သိန်း ၄ သောင်းကျော်) စုဆောင်းထိန်းသိမ်းထားရှိပြီး စာကြည့်တိုက်ဆိုင်ရာ ၀န်ဆောင်မှုတွေ ပေးသွားမယ်လို့ ဆိုပါတယ်။ ဒါအပြင် စာဖတ်သူ ၄၈ ဦး တပြိုင်နက်တည်းသုံးနိုင်မယ့် e-library ကိုလည်း စီစဉ်ထားပြီး မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ ရှေးဟောင်းသုတေသနဆိုင်ရာ၊ မြန်မာ့ယဉ်ကျေးမှုအနုပညာဆိုင်ရာ e-book များအပါအ၀င် e-book ပေါင်း ၁ သောင်း ၅ ထောင်ကို ဖတ်ရှုနိုင်မယ်လို့ ဆိုပါတယ်။ စုဆောင်းထားတဲ့ စာအုပ်တွေကို e-library မှာ ဖတ်ရှုနိုင်အောင် Digitization လုပ်နေတယ်လို့ ဆိုပါတယ်။ ကလေးတွေအတွက် ကလေးစာကြည့်တိုက်ကဏ္ဍကိုလည်း ဖွင့်လှစ် ၀န်ဆောင်မှုပေးထားပြီး အင်္ဂလိပ်-မြန်မာ ၂ ဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်စာစောင်တွေ၊ ရုပ်ပုံကားချပ်တွေကို ထားရှိ ၀န်ဆောင်ပေးမယ်လို့ ဆိုပါတယ်။ ကျန်ရှိတဲ့ ဆောက်လုပ်ဆဲ အဆောင် ၂ ခုကို ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆက်လက် အကောင်အထည်ဖော်ပြီး ပေ၊ ပုရပိုက် ထိန်းသိမ်းခန်းနဲ့ စာဖတ်ခန်း၊ မိုက်ခရိုဖလင်စာဖတ်ခန်း၊ special collection နဲ့ သီးခြားလှူဒါန်းထားတဲ့ စာအုပ်ခန်း၊ အထောက်အကူပြုစာဖတ်ခန်း၊ online library၊ tranining center၊ conference hall၊ anguage lab၊ စာပေပစ္စည်းထိန်းသိမ်းခန်းနဲ့ digitization အခန်းတွေ ဆက်ဖွင့်လှစ်မယ်လို့ ဆိုပါတယ်။ အမျိုသားစာကြည့်တိုက် (နေပြည်တော်) ကို မြန်မာပြည်သူတွေနဲ့ သုတေသီတွေ အားကိုးအားထားပြုရတဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ထားတဲ့ အဆင့်မီ အပြည့်စုံဆုံး အမျိုးသားအဆင့်စာကြည့်တိုက်အဖြစ် ဆက်လက် အကောင်အထည်ဖော်မယ့်အကြောင်းနဲ့ ပုံနှိပ်လုပ်ငန်းရှင်တွေ၊ စာအုပ်တိုက်တွေ၊ စာပေလုပ်ငန်းဆောင်ရွက်သူတွေအနေနဲ့လည်း မိမိတို့ရဲ့ လစဉ်၊ အပတ်စဉ်၊ နေ့စဉ်သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နဲ့ စာအုပ်တွေကို လှူဒါန်းကြဖို့ တိုက်တွန်း ထားပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း တသက်တာ စုဆောင်းထားတဲ့စာအုပ်တွေကို လှူဒါန်းလိုပါက သီးခြားလှူဒါန်းထားတဲ့ စာအုပ်များအခန်းမှာ  အလှူရှင်အမည်နဲ့ ထားရှိပေးမယ်လို့ ဖိတ်ခေါ်ထားပါတယ်။ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ကို ၂၀၁၀ ခုနှစ် ဇွန် ၃ ရက်နေ့မှာ စတင် တည်ဆောက်ခဲ့တာဖြစ်ပြီး အဆောင် ၃ ဆောင် ပါဝင်ဖွဲ့စည်းထားတဲ့ သံကူကွန်ကရစ် ၁ ထပ် အဆောက်အဦ ဖြစ်ပါတယ်။ အဲဒီ ၃ ဆောင်အနက် ပထမအဆောင်ဟာ လုံးဝ ပြီးစီးသွားပြီဖြစ်တဲ့အတွက် စာအုပ်စာတမ်းတွေနဲ့ စာပေပစ္စည်းတွေကို ခင်းကျင်းပြီး ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသားအဆင့် ပထမဆုံးစာကြည့်တိုက်က ရန်ကုန်မြို့ ရန်ကင်းမြို့မှာ ရှိပါတယ်။ ၁၈၈၃ ခုနှစ် ဗြိတိသျှခေတ်မှာ ဖွင့်လှစ်ခဲ့တဲ့  Bernard Free Library ကို ၁၉၅၂ ခုနှစ်မှာ ယဉ်ကျေးမှုဝန်ကြီးဌာနက နိုင်ငံတော်စာကြည့်တိုက်အဖြစ် အမည်ပြောင်းလဲခဲ့ပြီး ၁၉၆၇ ခုနှစ်မှာ အမျိုးသားစာကြည့်တိုက်အဖြစ် အမည်ပြောင်းခဲ့ပါတယ်။ မူလက ဂျူဗလီဟော အဆောက်အဦမှာ အခြေပြုရာကနေ ပန်းဆိုးတန်းလမ်းမ၊ အဲဒီနောက် တာမွေမြို့နယ်တွေကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ကို ပြောင်းရွှေ့ဖွင့်လှစ်ထားပါတယ်။
Categories: Myanmar News

မုံရွာတွင် လေပြင်းတိုက်ခတ်

Thu, 05/02/2013 - 06:53
ဒီနေ့ ညနေ ၃ နာရီဝန်းကျင်က မုံရွာမြို့မှာ လေပြင်းတိုက်ခတ်ခဲ့ပြီး မိုးရွာသွန်းခဲ့တာကြောင့် သစ်ပင်ကြီးတွေပြိုလဲခဲ့ပြီး အပျက်အဆီး ဆုံးရှူံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့ ဟယ်လိုဖုန်းဆိုင်ကမြို့ခံတဦးက “တမြို့လုံးတိုက်သွားတာ။ ဆိုင်ရှေ့က တမာပင်အကြီးကြီး လဲသွားတယ်။ ဆိုင်ကယ် ၂ စီးနဲ့ ကယ်ရီ ၁ စီး သစ်ပင်ပိတယ်။” လို့ ဆိုပါတယ်။ လေပြင်းနဲ့အတူ မိုးရွာခဲ့ပြီး မုံရွာမြို့ထဲက ဓာတ်တိုင် အတော်တော်များများ လဲကုန်တယ်လို့ မုံရွာမြို့က ကိုဇော်သူရိန်ထွန်းက ပြောပါတယ်။ လူအသေအပျောက်တော့ မကြားသေးဘဲ အပျက်အစီးတွေကို ကိုယ်ထူကိုယ်ထရှင်းလင်းနေကြတယ်လို့ ပြောပါတယ်။ “အိမ်တွေတော့ မြို့ပေါ်အိမ်တွေတော့ လိုက်ကြည့်ရသလောက် ပြိုတာ မတွေ့ဘူး။ အတွင်းပိုင်းကအိမ်တွေတော့ သစ်ပင်ပိတာ ရှိနိုင်တယ်။ ၃ နာရီ ၀န်းကျင်လောက်က စတိုက်တာ။ မိနစ် ၅၀ လောက်ကြာတယ်။ မိုးရွာရင်းနဲ့ လေပြင်းပါပါလာတာ။ လူအသေအပျောက်တော့ လောလောဆယ် မကြားသေးဘူး။ ကျနော်တို့ ရပ်ကွက်ထဲတော့ သစ်သားလွှာစက်ရုံ ၁ ရုံလုံးတော့ ပြိုကျသွားတယ်။ ဂျစ်ကား ၁ စီးသစ်ပင်ပိတယ်။ ကယ်ဆယ်ရေးကတော့ ကိုယ်ထူကိုယ်ထတော့ လုပ်နေတယ်။ လမ်းပေါ် သစ်ပင်တွေလဲကျတာများတယ်၊ လမ်းတွေပိတ်နေတော့ သစ်ပင်တွေ လွှတွေနဲ့ဖြတ်နေတယ်။”
Categories: Myanmar News

ဘန်ကောက်တွင် ရွှေ့ပြောင်းအလုပ်သမားများ ဗဟိုဌာန ဖွင့်လှစ်

Thu, 05/02/2013 - 06:41
မြန်မာ၊ လော နဲ့ ကမ္ဘောဒီးယား  ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ၀န်ဆောင်မှုလုပ်ငန်းတွေ တိုးမြှင့်နိုင်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဗဟိုဌာနတခု မေ ၁ ရက်နေ့က ဖွင့်လှစ်လိုက်တယ်လို့ ထိုင်းသတင်းဌာနမှာ   ဖော်ပြသွားပါတယ်။ အဲဒီဌာနကို ဘန်ကောက်ခရိုင် ရာ့ဆဒွန်းပူရာနရပ်ကွက် ဆွတ်ဆ၀ဒီးလမ်း မဂျစ်ဟောလီးဝုဒ် ဆွတ်ဆ၀ဒီး ကုန်တိုက်မှာ ထားရှိမှာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကိုလည်း အဲဒီကုန်တိုက်မှာ မနေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာကိစ္စတွေကို ဆောင်ရွက်ရာမှာ ပိုမိုစနစ်ကျပြီး လွယ်ကူစေဖို့၊ တရားမ၀င်အလုပ်သမားပြဿနာကို ဖြေရှင်းဖို့နဲ့ လာမယ့် ၂၀၁၅ ခုနှစ် အာဆီယံ လူမှုစီးပွားအသိုင်းအ၀ိုင်းကို ကြိုဆိုတဲ့အနေနဲ့ ဖွင့်လှစ်လိုက်တာလို့ ထိုင်းအလုပ်သမားဝန်ကြီး နိုင်းဖေတိချိုင်း ဆဆုမ်ဆပ်က ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ အလားတူ နောက်ထပ် ဌာနတခုကိုလည်း ဘန်ကောက်မြို့ လတ်ဖလောက် ရပ်ကွက် အဲမ်ပီရီရယ်ကုန်တိုက်မှာ  လာမယ့် မေလ ၂၀ ရက်နေ့ကျရင် ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ ၀န်ကြီးက ပြောကြောင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
Categories: Myanmar News

ဒီကေဘီအေကို နယ်မြေပြောင်းရွှေ့ရန် အစိုးရတပ် အမိန့်ပေး

Thu, 05/02/2013 - 06:40
ဒီကေဘီအေ (ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်)နဲ့ အစိုးရနယ်ခြားစောင့်တပ်အကြား တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် ဒီကေဘီအေတပ်ဖွဲ့ကို ဟတ်ကြီး ရေကာတာစီမံကိန်း နယ်မြေကနေ ဒီလ ၄ ရက် မွန်းတည့် နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးဖို့ အစိုးရနယ်မြေခံတပ်က အမိန့်ပေးခဲ့တယ်လို့ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။ ဒီကေဘီအေဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့ဖြစ်ပြီး ဗိုလ်ချုပ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက ဒီကေဘီအေရဲဘော် ၁ ဦးရဲ့ကျည်သင့်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ရတဲ့အတွက် ဒီကေဘီအေကို ၂၇ ရက်နေ့ကနေ တိုက်ခိုက်ရာက တိုက်ပွဲတွေ ဖြစ်ပါတယ်။ ဒီကေဘီအေက နယ်ခြားစောင့်တပ်က ဗိုလ်ချစ်သူနဲ့ ညှိပြီး မြိုင်ကြီးငူကနေ ခွာပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီကေဘီအေထံက သိမ်းထားတဲ့ သေနတ်တွေကိုတော့ ပြန်တောင်းရာမှာ မပေးဘဲ နယ်ကနေဖယ်ခိုင်းတာလို့ ဆိုပါတယ်။ လက်နက်ပြန်ရဖို့ စောင့်ဆိုင်းနေတုန်း ဒီနေ့ သူတို့ကို နယ်ထဲကနေ ထွက်ခွာပေးရမယ်လို့ ရာဇသံပေးလာတာဟာ သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ပျက်ပြားထိခိုက်နိုင်တယ်လို့ ဗိုလ်မှူးစန်းအောင်က ပြောပါတယ်၊ “တိုက်ပွဲအကြောင်းကိစ္စက ဟတ်ကြီး ရေကာတာကို သူတို့က ရေအားလျှပ်စစ်ထုတ်မယ်။ ဒါကြောင့် အဲဒေသကခွာပေးဖို့၊ ဗိုလ်မှူးထွန်းထွန်းဝင်းပေးတဲ့ ရက်ကတော့ မေလ ၂ ရက်နေ့ ကနေ ၄ ရက်နေ့ ၁၂ နာရီမှာ ဆုတ်ခွာပေးဖို့။ ဆုတ်ခွာခိုင်းတဲ့ဒေသက မယ်ပ၊ မယ်ကစောဘက်ကို။ ဒီလိုရာဇသံပေးတာဟာ အတင်းအဓမ္မခွာခိုင်းရင် အပစ်အခတ်ရပ်စဲထားတာကို ထိခိုက်နိုင်တယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ပြည်ထောင်စုဝန်ကြီးတွေကို အသိပေးချင်တယ်။” သူတို့အနေနဲ့ကတော့ ရာဇသံပေးတဲ့အတိုင်း ဖယ်ပေးနိုင်မှာ မဟုတ်တာကြောင့် အပစ်အခတ်ရပ်စဲရေး ထိခိုက်နိုင်တဲ့အကြောင်း ဒီကေဘီအေက ပြောဆိုခဲ့တာပါ။ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့က ယောပုထရွာနဲ့ ကမမောင်းရွာကြား  သောင်းရင်းမြစ်ထဲမှာ အမှတ် ၁၀၁၄ နယ်ခြားစောင့်တပ် စက်လှေ ၁ စီး ၀င်ရောက်လာရာမှာ  ဒီကေဘီအေဂိတ်က တပ်သားတဦးက ဟန့်တားခဲ့ပါတယ်။ နယ်ခြားစောင့်တပ်က ရပ်မပေးတဲ့အတွက် အဲဒီတပ်သားက သေနတ်နဲ့ လှမ်းပစ်လို့ နယ်ခြားစောင့်တပ်သားတဦး သေဆုံးခဲ့ပါတယ်။ အဲဒီကစပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဧပြီ ၂၇ ရက်နေ့ ညနေပိုင်းမှာ နယ်ခြားစောင့်တပ်ဘက်က တပ်ရင်း ၄ ရင်း  လူအင်အား ၁၀၀  ကျော်က  မြိုင်ကြီးငူဒေသ ကျီးဘုရား ဘုန်းကြီးကျောင်းနားမှာရှိတဲ့ ဒီကေဘီအေ အင်အား ၃၀ ကျော်ကို ၀ိုင်းထားပြီး  အဲဒီည  တညလုံးနဲ့ ၂၈ ရက်နေ့ မနက်ပိုင်းမှာရော၊ ဧပြီ ၂၉ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်အထိ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒေသခံတဦး ပြောကြားချက်အရ နှစ်ဘက်တပ် ပစ်ခတ်မှုမှာ အရပ်သား ၂ ယောက်ကို လက်နက်ကြီးစ ထိမှန်ခဲ့ပြီး အခုဆိုရင် မြိုင်ကြီးငူမှာ ရွာသားတွေ မနေရဲကြတော့ဘဲ ကမမောင်းနဲ့ အုန်းတောရွာဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်။ မြိုင်ကြီးငူတ၀ိုက် ကုန်းကြောင်းရော ရေကြောင်းပါ အသွားအလာတွေလည်း ရပ်ထားတယ်လို့ ဆိုပါတယ်။
Categories: Myanmar News

ဥက္ကံမြို့ ဒုက္ခသည်များ အကူအညီလိုအပ်နေ

Thu, 05/02/2013 - 06:25
ဧပြီ ၃၀ ရက်နေ့က ရန်ကုန်တိုင်း ဥက္ကံမြို့မှာ ဖြစ်ပွားခဲ့တဲ့ ရွာမီးရှို့မှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ဒုက္ခသည်တွေ စားသောက်နေထိုင်ရေးအတွက် အကူအညီ လိုအပ်နေတယ်လို့ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။ မေလ ၁ ရက်နေ့ ဥက္ကံမြို့ အပျက်အစီးမြင်ကွင်း ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဦးနီက “‘ဒုက္ခသည်တွေကို အဖွဲ့အစည်းအသီးသီးက ကူညီပေးနေပါတယ်။ ရွှေဝါရောင်သံဃာ့ကွန်ရက်တွေရော ဆန်၊ စားစရာ အားလုံး လှူဒါန်းတာတွေရော ၀ိုင်းကူညီပေးနေပါတယ်။ အိမ် ၄၈ လုံး၊ တရွာက အိမ် ၁၇ လုံး၊ တရွာက ၆ လုံးလောက်၊ တရွာက ၄၉ လုံး မီးလောင်တယ်။ အစုအစုလိုက်ပေါ့။ ဒုက္ခသည်တွေက မွတ်စလင်တွေများတယ်။ မြန်မာမပါဘူး။ အိမ်ခြေ ၄၈ လုံးဆိုတော့ ၅ ယောက်နှုန်းနဲ့တွက်ကြည့်ရင် ၂၀၀ လောက်။ အန်အယ်လ်ဒီက ဖြစ်ဖြစ်ချင်း နောက်တရက်မှာ လောလောဆယ် စားနိုင်ကြဖို့ ငါးခြောက်နဲ့ ဆန် သွားဝေပေးတယ်။ ကျနော်တို့က လာလှူကြတဲ့ အကူအညီပေးသူတွေ အန်အယ်လ်ဒီက ကမကထလုပ် ပို့ဆောင်ပေးတယ်၊ စနစ်တကျဝေခြမ်းပေးတယ်။” ဥက္ကံမြို့မှာ ဖြစ်ခဲ့တဲ့ပဋိပက္ခကြောင့် လူ ၁ ဦး သေဆုံးခဲ့ပြီး ပဋိပက္ခမှာ လှုံ့ဆော်သူလို့ ယူဆရသူ ၁၈ ဦးကို စစ်ဆေးနေကြောင်း ဥက္ကံရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းက ပြောပါတယ်။ ဘာသာရေးခေါင်းဆောင်တွေနဲ့ လူမှုရေးခေါင်းဆောင်တွေကို ဆက်သွယ် မေးမြန်းကြည့်ရာမှာ ဥက္ကံမြို့ မီးရှို့မှုဖြစ်စဉ်အပြီးမှာ အနီးဝန်းကျင်ဒေသတွေမှာလည်း ဖြစ်နိုင်တယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေတာကြောင့် မဖြစ်ပွားအောင် ထိန်းသိမ်းကြပ်မတ်နိုင်ဖို့ လိုအပ်နေတယ်လို့ ပြောကြပါတယ်။ မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပွားပြီး ဥက္ကံမြို့မှာ ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့သလို တိုက်ကြီးမြို့မှာလည်း ဒီနေ့ညနေက ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့ပါတယ်။ ဥက္ကံမြို့အနီးက သာယာဝတီမြို့မှာတော့ နဂိုက ပုဒ်မ ၁၈၈ ထုတ်ပြန်ထားတာမှာ ည ၁၁ နာရီကနေ မနက် ၄ နာရီထိ အချိန်တိုးပြီး ပြောင်းလဲထုတ်ပြန်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ မနေ့က အကြမ်းဖက်ဖျက်ဆီးမယ်လို့ ယူဆရသူတချို့ကို ဖမ်းဆီးရမိထားပြီး ရပ်မိရပ်ဖတွေကို အစည်းအဝေးခေါ်ယူ ရှင်းပြတယ်လို့ မြို့ခံက ပြောဆိုခဲ့ပြီး သာယာဝတီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကတော့ အခြေအနေ တည်ငြိမ်အေးဆေးပြီး ထူးခြားဖြစ်စဉ်မရှိပါဘူးလို့ ဖြေပါတယ်။ ဥက္ကံမြို့မှာ ဧပြီ ၃၀ ရက် မီးရှို့မှုဖြစ်စဉ်တွေကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ နေအိမ် ၅၃ လုံးနဲ့ ဆိုင်ခန်း ၁၅ ခန်း။ ရတနာကုန်း၊ ပနီပင်၊ ခြောက်သဲ၊ သဲကုန်း အစရှိတဲ့ ကျေးရွာတွေမှာ နေအိမ် ၇၇ လုံး၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ ဆိုင်ခန်း ၉ ခန်း ပျက်စီးခဲ့တယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြထားပါတယ်။ ပဋိပက္ခဖြစ်စဉ်မှာ ၁ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ ၁၀ ဦးအနက် ကိုဇော်ဇော်ထွန်း (၂၉) နှစ်ဟာ ဒီနေ့ သေဆုံးသွားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Categories: Myanmar News

ရမ်းဗြဲကျွန်းရှိ စီမံကိန်းများ ဆိုင်းငံ့ထားရန် တောင်းဆို

Thu, 05/02/2013 - 05:06
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲကျွန်းမှာ လက်ရှိတည်ဆောက်နေတဲ့ ရေနက်ဆိပ်ကမ်း၊ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်း စီမံကိန်းတွေဟာ လူနေမှုဘ၀နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးတဲ့အတွက် သက်ဆိုင်ရာ ကုမ္ပဏီနဲ့ အာဏာပိုင်တွေက တာဝန်ယူဖို့နဲ့ တာဝန်ယူဆောင်ရွက်မှု မရှိမချင်း စီမံကိန်းတွေ ဆိုင်းငံ့ထားဖို့ တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က စေတီတောင်၊ မင်းပြင်၊ ဇင်ချောင်း၊ လိပ်ခမော်နဲ့ သဖန်းချောင်း  စတဲ့ ရွာပေါင်း ၁၇ ရွာနဲ့ ကျောက်ဖြူလူမှုကွန်ရက်အဖွဲ့၊ ကျောက်ဖြူ လူငယ်အဖွဲ့နဲ့ မဒေးကျွန်းဖွံ့ဖြိုးရေးအဖွဲ့တို့က  တောင်းဆိုလိုက်တာပါ။ စီမံကိန်းတွေကြောင့် မြေယာ၊ အလုပ်အကိုင်၊ သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်မှုရှိနေပေမယ့်လည်း သက်ဆိုင်ရာကုမ္ပဏီနဲ့ အာဏာပိုင်တွေက တာဝန်ယူမှု မရှိတာကြောင့် နိုင်ငံတကာကပါ သိရှိအောင် မေ ၂ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာလို့ ကျေးရွာလူထုခေါင်းဆောင် ဦးမောင်အေးက ဒီဗွီဘီကို ပြောပါတယ်။ “နစ်နာနေတဲ့ ဒေသခံပြည်သူတွေ ဘယ်လောက်ဆိုးကျိုးခံစားနေရလဲဆိုတာ မြန်မာပြည်တခုတင်မဟုတ်ဘူး၊ ကမ္ဘာကပါသိစေချင်တဲ့ ဆန္ဒရှိတယ်။ စီမံကိန်းကြောင့် နစ်နာနေတဲ့ ဒေသခံတွေ နစ်နာကြေးမရရှိတာတွေလည်း အပြည့်အ၀ရစေချင်တယ်။ စီမံကိန်းကြောင့် အဖိနှိပ်ခံရတဲ့ပုံစံတွေလည်း နောက်ထပ် မဖြစ်စေချင်တော့ဘူး။ ဒါကြောင့် ဒီလို ထုတ်ပြန်ရတာဖြစ်တယ်။” ရွာသားတွေအနေနဲ့ စီမံကိန်းကြောင့် အသိမ်းခံထားရတဲ့ မြေယာလျော်ကြေးကို နိုင်ငံတကာစံနှုန်းအတိုင်း ရလိုပြီး အလုပ်အကိုင်အခွင့်အလမ်းနဲ့ သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်း ပြုပြင်ပေးစေလိုတယ်လို့ ဆိုပါတယ်။ ကိုရီယားနိုင်ငံက ဒေ၀ူးကုမ္ပဏီ၊ တရုတ်နိုင်ငံက စီအန်ပီစီနဲ့ မြန်မာအစိုးရပိုင် အမ်အိုဂျီအီး ကုမ္ပဏီတွေဟာ ကျောက်ဖြူမြို့နယ် ရမ်းဗြဲကျွန်းနဲ့ ကျောက်ဖြူကျွန်းမှာ ရွှေသဘာဝဓာတ်ငွေ့စက်ရုံ၊ ရေနက်ဆိပ်ကမ်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့စက်ရုံစီမံကိန်းတွေ ၂၀၀၉ ခုနှစ်ကတည်းက စတင် ၀င်ရောက်လုပ်ကိုင်ခဲ့တာပါ။ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘ၀အပေါ် အကျိုးသက်ရောက်မှု ဆန်းစစ်လေ့လာမှုတွေ ရှိ၊ မရှိ မသိရကြောင်း၊ ဆန်းစစ်ချက်လုပ်ရင် ပြည်သူတွေကို ရှင်းလင်းအသိပေးဖို့နဲ့ မလုပ်ရသေးရင် စီမံကိန်းရပ်ဆိုင်းပြီး ဆန်းစစ်ဖို့ သက်ဆိုင်ရာ ကုမ္ပဏီတွေကို  တိုက်တွန်းတယ်လို့ ပြောပါတယ်။ ရေနံတင်သင်္ဘောနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ မတော်တဆ ထိခိုက်မှုရှိရင် ပင်လယ်ပြင်နဲ့တကွ သက်ရှိသတ္တ၀ါတွေ၊  အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပျက်စီးမှာကို ဒေသခံတွေ စိုးရိမ်နေတဲ့အတွက် သက်ဆိုင်ရာ ကုမ္ပဏီက ကြိုတင်ကာကွယ်မှုနဲ့ တာဝန်ယူမှုတွေကို ကြိုတင်ရှင်းလင်း အသိပေးဖို့ တောင်းဆိုတယ်လို့ ဦးမောင်အေးက ပြောပါတယ်။ စီမံကိန်းလုပ်ငန်းနဲ့ ဒေသထဲ ၀င်ရောက်လာတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ဒေသခံတိုင်းရင်းသားတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေ လိုက်နာဖို့နဲ့ ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့ကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ပထမဦးစားပေး အသုံးပြုဖို့လည်း တောင်းဆိုတယ်လို့ အစီရင်ခံစာမှာ   ဖော်ပြပါတယ်။ ဒီနေ့ ကြေညာချက်ထဲမှာ ရွာသားတွေရဲ့ တောင်းဆိုချက်  စုစုပေါင်း ၁၂ ချက်ရှိပြီး တောင်းဆိုချက်တွေ မလိုက်လျောပေးသရွေ့ စီမံကိန်းအားလုံးကို  ဆိုင်းငံ့ထားဖို့လည်း တောင်းဆိုကြောင်း၊ တောင်းဆိုချက်ကို သက်ဆိုင်ရာ ကုမ္ပဏီတွေဆီ စာနဲ့အရင်ပေးပို့ထားပြီး တစုံတရာ လိုက်လျောပေးတာ မရှိရင် တခြားနည်းလမ်းတွေနဲ့ တောင်းဆိုမယ်လို့ ဦးမောင်အေးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ကလည်း မဒေးကျွန်းဒေသခံ ရွာသား ၄၀၀ ကျော်ဟာ စီအန်ပီစီ ကုမ္ပဏီရှိရာကို ချီတက်လာပြီး ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီဆန္ဒပြမှုဟာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရဘဲ လုပ်ခဲ့တာဖြစ်တဲ့အတွက် ဆန္ဒပြခေါင်းဆောင်တချို့ကို ရဲစခန်းက ခေါ်ယူစစ်ဆေးပြီး အာမခံနဲ့ ပြန်လွှတ်ထားပါတယ်။ သူတို့ကို ဧပြီ ၃၀ ရက်နေ့က စစ်ဆေးဖို့ ချိန်းဆိုထားပေမယ့် ၀န်ကြီးခရီးစဉ်တခုကြောင့် ရက်ရွှေ့ဆိုင်းကြောင်းနဲ့ ဘယ်နေ့မှာ ထပ်စစ်မယ်ဆိုတာကို ထပ်မံအကြောင်းကြားမယ်လို့ ရဲစခန်းက ပြောကြောင်းလည်း ဦးမောင်အေးက ပြောပါတယ်။
Categories: Myanmar News

မြန်မာနိုင်ငံသားများ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်တော့မည်ဟု သမ္မတပြော

Thu, 05/02/2013 - 05:04
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်လိုက်ပြီဖြစ်လို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မပြေလည်မှုတွေကို ဖြေရှင်းနိုင်တော့မှာ ဖြစ်ပြီး ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ မြင့်မား တိုးတက်လာတော့မယ်လို့ သမ္မတ ဦးသိန်းစိန်က ရေဒီယိုကနေ ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မေ ၂ ရက်နေ့ မိန့်ခွန်းမှာ သမ္မတက ထည့်သွင်းပြောဆိုလိုက်တာပါ။ သမ္မတ ဦးသိန်းစိန်က “ဧပြီ ၂၂ ရက်နေ့မှာ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းဝယ်မှုက လွဲပြီး အခြားပိတ်ဆို့အရေးယူမှုအားလုံးကို ရုပ်သိမ်းပေးခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပိတ်ဆို့အရေးယူမှုတွေရဲ့ အကျိုးဆက်ကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မပြေလည်မှုများကို ဖြေရှင်းနိုင်တော့မှာ ဖြစ်တဲ့အတွက် ပြည်သူများရဲ့ လူမှုစီးပွားဘဝ မြင့်မား တိုးတက်လာတော့မှာ ဖြစ်ပါတယ်” လို့ ပြောသွားပါတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် လာနိုင်တာနဲ့အမျှ ကမ္ဘာ့ဈေးကွက်နဲ့ ပိုမိုချိတ်ဆက်လာနိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အကျိုးရှိမှာ ဖြစ်သလို တဖက်မှာလည်း ကမ္ဘာ့စီးပွားရေး အကျပ်အတည်းတွေ၊ မထင်မှတ်တဲ့ ရိုက်ခတ်မှုတွေကိုလည်း ကြံ့ကြံ့ခံကျော်လွှားနိုင်ဖို့ ပြင်ဆင်ထားရမယ်လို့ သမ္မတက သတိပေးပြောဆိုပါတယ်။ စီးပွားရေးသုံးသပ်သူ ဒေါ်ခင်အုန်းသန့်ကလည်း ဒဏ်ခတ်မှုတွေ ဖယ်ရှားလိုက်လို့ ပွင့်လင်းလာပေမယ့်လည်း နိုင်ငံတကာက စံချိန်စံညွှန်းကို ဂရုစိုက်တဲ့အတွက် မြန်မာတွေဘက်က စံချိန်စံညွှန်းပြည့်မီရေးကို အလေးထားဆောင်ရွက်ရမယ်လို့ ပြောပါတယ်။ “အများအတွက်တော့ အထူးသဖြင့် အလတ်စားတွေအတွက် ကောင်းတယ်လို့ ယူဆတယ်။ သူတို့ဘက်ကဖွင့်လိုက်တိုင်း ကိုယ်က အလိုလိုတော့ အခွင့်အရေးနဲ့ ရလဒ်တွေရမှာတော့မဟုတ်ဘူးလေ။ အထူးသဖြင့် ကျမစိတ်ပူတာက စံချိန်စံညွှန်း။ သူတို့ ကုန်သွင်းတယ်ဆိုတာ ဒီအတိုင်းသွင်းတာမဟုတ်ဘူးလေ။ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ကြည့်တာလေ။ ဥပမာ ငါး၊ ပုစွန် သူတို့က ဒီမှာ ဘယ်လိုမွေးလဲ၊ ထားလဲဆိုတာ အီးယူက လာကြည့်မှာလေ။ သူတို့ စံချိန်စံညွှန်းနဲ့ညီလားကြည့်မှာလေ၊ ညီမှလုပ်မှာလေ။ အဲအပိုင်းကိုတော့ လုပ်ငန်းရှင်အသစ်တွေအတွက် စိတ်ပူတာလေ၊ ဒီကလူတွေက စံချိန်စံညွှန်း အင်မတန်ပေါ့တယ်လေ။” သမ္မတဦးသိန်းစိန် ဆက်ပြောတာက ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေပြီး စီးပွားရေးအင်အားကြီး နိုင်ငံလည်း ဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ အိမ်နီးချင်း ဖြစ်တယ်ဆိုတဲ့ အခြေအနေကို အားသာချက်အဖြစ် ရှုမြင်ပြီး မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းတွေ ဖန်တီးသွားရမယ်လို့ ပြောပါတယ်။ သမ္မတက သူသွားရောက်ခဲ့တဲ့ နယူးဇီလန်နိုင်ငံ၊ ဩစတြေးလျနိုင်ငံနဲ့ ဥရောပနိုင်ငံ ခရီးစဉ်တွေကနေ အဲဒီနိုင်ငံတွေနဲ့ နည်းပညာဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူဦးဆောင်တဲ့အစိုးရက လျှပ်စစ်မီး ပိုမိုရရှိရေးနဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို စတင်အကောင်အထည်ဖော်သလို အကျဉ်းသား ၉၃ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာတွေကို ထည့်သွင်းပြောဆိုခဲ့ပြီး ၂၀၁၃ ဧပြီဟာ မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍတွေမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့အတွက် သမိုင်းဝင်တဲ့ အချိန်ကာလတခုဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။ နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းပါ ပြောကြားချက်တွေထဲမှာ ရခိုင်ကော်မရှင်အစီရင်ခံစာလို ကမ္ဘာတ၀န်းက စိတ်ဝင်စားတဲ့ ကိစ္စမျိုးကိုတော့ ထည့်သွင်းပြောဆိုခြင်းမရှိပါဘူး။ ဒါ့အပြင် စစ်ရေး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေလည်း ချိန်းဆိုတဲ့အတိုင်း ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုးရအကြား မြစ်ကြီးနားမှာ ဒီလဆန်း ၆ ရက်နေ့ကတည်းက ဆွေးနွေးပွဲလုပ်ဖို့ ကိစ္စ ဆိုင်းငံ့ခဲ့ရတာ၊ ဧပြီ ၂၀ ရက်နေ့မတိုင်ခင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်စီ)နဲ့ အစိုးရအကြား နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် မဆွေးနွေးနိုင်တာတွေ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် စစ်တွေမြို့က မွတ်စလင်ဒုက္ခသည်တွေကို လူဦးရေစာရင်း ကောက်ယူရာမှာ ဘင်္ဂါလီဆိုပြီး ရေးသွင်းလို့ လက်မခံနိုင် ပြဿနာဖြစ်တာတွေနဲ့ ရန်ကုန်တိုင်း ဥက္ကံမြို့နယ်အတွင်း အိမ်ခြေ ၇၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတာတွေကိုလည်း သမ္မတက ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပါဘူး။
Categories: Myanmar News

အဓမ္မခိုင်းစေမှု တကယ်ပပျောက်အောင် ဆောင်ရွက်ဖို့လို- မစုစုနွေး

Thu, 05/02/2013 - 04:37
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မေလ ၁ ရက်နေ့ ကမ္ဘာ့အလုပ်သမားနေ့ သ၀ဏ်လွာထဲမှာ ၂၀၁၅ ခုနှစ်ကျရင် မြန်မာနိုင်ငံ အဓမ္မလုပ်အားပေးခိုင်းစေမှု ပပျောက်ရမယ်လို့ ပါရှိတဲ့အပေါ် ကြိုဆိုပေမယ့် တကယ်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ မစုစုနွေးက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံဟာ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေကြောင့် စီးပွားရေးဒဏ်ခတ်မှုဒဏ်ကို ခံစားခဲ့ရဖူးပါတယ်။ မစုစုနွေးဟာ အခုအခါ ရန်ကုန်ုတိုင်း ကော့မှူးမြို့နယ်မှာ ရုံးခန်းဖွင့်လှစ်ပြီး အလုပ်သမား၊ လယ်သမားတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေသူဖြစ်ပါတယ်။ မစုစုနွေး “သမ္မတကြီး သ၀ဏ်လွှာပေးပို့တဲ့အထဲမှာတော့ ပြောတာက ၂၀၁၅ ကျရင် အဓမ္မလုပ်အားပေးတာတွေ ပပျောက်ရမယ်ပေါ့။ ကျမတို့က ဘာပြောချင်လဲဆိုတော့ သမ္မတကြီးပြောတာတွေကို ကျမတို့က လက်ခံတယ်၊ တိုင်းပြည်ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတာ၊ တကယ် ပျော့ပျော့ပျောင်းပျောင်းနဲ့ သွားနေတယ်။ ဒါပေမယ့် သမ္မတကြီးပြောသလို၊ သမ္မတကြီး နှုတ်ကထွက်သလို အောက်ခြေမှာကတော့ မြို့နယ်တွေနဲ့ ဝေးကွာနေတဲ့၊ ရေတတန်ကုန်းတတန်သွားနေရတဲ့ မော်လမြိုင်ကျွန်းဘက်လိုနေရာတွေမှာ၊ ဧရာဝတီတိုင်းဘက်နေရာတွေမှာ အခုလက်ရှိ အဓမ္မကင်းစောင့်ခိုင်းတာ၊ မစောင့်ရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပိုက်ဆံတောင်းတာ၊ ရဲနဲ့ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်ခိုင်းတာတွေ ရှိနေတယ်။ ကျမက ကော့မှူးမှာ ကြာသာပတေးနဲ့ သောကြာ ၂ ရက် ရုံးခန်းဖွင့်ထားတယ်၊ ထိုင်တယ်လေ။ အဲဒီအခါမှာလည်း အမှုတွေတက်လာတာရှိတယ်၊ အနယ်နယ်အရပ်ရပ်ကနေ ကော့မှူးထိလာပြီး တင်ပြတာတွေရှိတယ်။ လူကုန်ကူးမှုလိုမျိုး ကလေးတွေကို မိန်းကလေးဆို ၈ ထောင်နဲ့ ယောက်ျားလေးဆို ၁ သောင်းပေးမယ်၊ အလုပ်ပေးမယ် ဆိုပြီး ကော့သောင်းဘက်တွေကို လိမ်ခေါ်သွားတယ်။ ရန်ကုန်ဘက်၊ ဧရာဝတီတိုင်းဘက်တွေမှာလည်း ကလေးတွေက အလုပ်တွေရှားတော့ ၈ ထောင်-၁သောင်းရမယ်ဆိုတော့ လိုက်သွားကြတယ်။ ဟိုလည်းရောက်ရော သူတို့ပြောသလိုမဟုတ်ဘဲ အလုပ်သမားတွေကို ၁၈၀၀ လောက်ပဲပေးတယ်၊ ပိုက်ဆံကို လက်ထဲမပေးဘဲ ဆန်၊ ကြက်သွန်၊ ငရုတ်သီး၊ အာလူးနဲ့ ဆီတို့ပဲပေးတယ်။ ပိုက်ဆံတောင်းပြီး ပြန်မှာစိုးလို့တဲ့။ အဲလိုမျိုး လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားရှာသူပွဲစားတွေက ပူးပေါင်းပြီး လိမ်လည်ပြီးအဓမ္မခိုင်းစေတယ်။ ဒါနေရာအနှံ့အပြား။ အဲဒါကို သမ္မတကြီးပြောသလို ၂၀၁၅ အဓမ္မခိုင်းစေမှုပျောက်ရမယ်ဆိုရင် အောက်ခြေ၀န်ထမ်းအဆင့်ဆင့်ထိကို ဘယ်လိုလုပ်ငန်းစဉ်နဲ့ မူဝါဒတွေနဲ့ ကြပ်ကြပ်မတ်မတ် ဖော်ဆောင်လုပ်ကိုင်သွားမလဲဆိုတာ ကျမတို့က သိချင်တယ်။” အောက်ခြေကအနေအထားတွေက ဘာကြောင့်မပြောင်းလဲလဲလို့ မြင်ပါလဲ။ ကုန်ဈေးနှုန်းကြောင့်လား၊ အကျင့်စရိုက်ကြောင့်လား၊ ထိထိရောက်ရောက် မကိုင်တွယ်လို့လား။ “အကုန်လုံးလည်း မှန်ပါတယ်။ လစာကနည်းတယ်။ ကုန်ဈေးနှုန်းတွေကလည်း တက်တော့ အောက်ခြေ၀န်ထမ်းတွေဟာ လစာနဲ့မလောက်တဲ့အတွက် လာဘ်ပေးလာဘ်ယူမှုတွေ ကျူးလွန်ရတယ်။ အောက်ခြေ၀န်ထမ်းတွေ အကျင့်ပျက်ခြစားတာတွေက ဘာကြောင့်မပပျောက်သေးတာလဲ၊ ဘာကြောင့် ဒါတွေကို တွေ့နေရသေးလဲဆိုတော့ နိုင်ငံတော်က ဥပဒေတွေ အဆင့်ဆင့်ထုတ်ပြန်တယ်၊ ဘာလုပ်ပေးမယ်ပြောတယ်။ အဲလိုထုတ်ပြန်တဲ့ဥပဒေတွေ၊ ပြဋ္ဌာန်းချက်တွေနောက်မှာ မူဝါဒတွေနဲ့ လုပ်ငန်းစဉ်တွေ ထည့်သွင်းချမှတ်ထားခြင်းမရှိလို့ အခုလို ပြဿနတွေကို မဖြေရှင်းနိုင်တာလို့ မြင်တယ်။” “လယ်ယာမြေပြဿနာမှာပဲဖြစ်ဖြစ်၊ အလုပ်သမား ပြဿနာမှာပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေးပြဿနာတွေမှာပဲ ကြည့်ကြည့် အဲဒီပြဿနာအရပ်ရပ်တွေကို ကျမတို့ကိုယ်တိုင် ကျေးလက်ဒေသတွေကိုဆင်းပြီး ထိတွေ့နေရတဲ့အချိန်မှာ ဘာအားနည်းချက်တွေ တွေ့ရလဲဆိုတော့ အလုပ်သမားဥပဒေမှာလည်း အလုပ်သမားတွေအတွက် ပြဋ္ဌာန်းထားတဲ့ဟာမှာ ဖွဲ့စည်းခွင့်တွေ ပေးထားတယ်၊ စည်းရုံးခွင့်တွေပေးတယ်၊ ဆန္ဒထုတ်ဖော်ခွင့်တွေပေးတယ်၊ အဲဒီနောက်မှာ မူဝါဒ လမ်းစဉ်တွေ ထည့်သွင်းချမှတ်ထားတာ မရှိတဲ့အတွက် အလုပ်သမားတွေရဲ့ ခံစားခွင့်တွေကို အပြည့်အ၀ ခံစားခွင့်တွေ မရတဲ့အတွက် အလုပ်သမားပြဿနာတွေ၊ လယ်သမားပြဿနာတွေ၊ လယ်ယာမြေပြဿနာတွေကို မဖြေရှင်းနိုင်ခြင်းဖြစ်တယ်။ အခုဆို အောက်ခြေအဆင့် မြေယာဖြေရှင်းရေးကော်မတီကို ၅ ဦးကော်မတီ၊ ၁၀ ဦးကော်မတီ၊ ဒေသဖွံ့ဖြိုးရေးအဖွဲ့တွေဆိုပြီး အစိုးရက အဖွဲ့တွေ ဖွဲ့တယ်။ ဒေသဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းတွေ ဖွဲ့တဲ့အခါမှာ ဒေသဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေကရော ဒေသတွင်းမှာရှိတဲ့၊ လယ်ယာမြေပြဿနာတွေ၊ လူ့အခွင့်အရေးပြဿနာတွေကို ဘာဖြစ်လို့ မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိဘဲနဲ့ နိုင်ငံတာက အမြင်မှာ နိုင်ငံတကာမီဒီယာတွေရော၊ နိုင်ငံတကာ သတင်းထောက်တွေလာတဲ့အခါမှာ ကျနော်တို့ နိုင်ငံကတော့ ဖွဲ့စည်းခွင့်တွေ သူတို့ ပေးထားတယ်၊ ဒေသဖွံ့ဖြိုးရေးအတွက် ဘယ်လိုမျိုး အဖွဲ့အစည်းတွေ ဖွဲ့တယ်ဆိုတာ စာရင်းတွေတက်တယ်၊ ဓာတ်ပုံတွေ ရိုက်တင်တယ်။ ဒါပေမယ့် ကျေးရွာတိုင်း၊ ကျေးရွာတိုင်း၊ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းမှာတော့ ဒေသဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေကိုယ်တိုင်ကပဲ အဲဒီကျေးရွာထဲမှာရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လယ်ယာမြေပြဿနာတွေကို အားကြီးရာဘက်၊ ငွေများရာဘက် လိုက်ပြီးတော့ တုံ့ပြန်နေတာမျိုးတွေ ကျမတို့ ဒီမှာ တွေ့နေရတယ်။”’ အရင်စစ်အစိုးရလက်ထက်ကနေ တောက်လျှောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အဓမ္မ လုပ်အားပေးခိုင်းစေမှုတွေကြောင့် စီးပွားရေးပိတ်ဆို့မှုတွေ နှစ်ရှည်အများကြီး ချမှတ်ခဲ့တယ်။ အခုအစိုးရလက်ထက်မှာ အပြောင်းအလဲတွေ ဖြစ်ခဲ့တယ်၊ အဓမ္မလုပ်အားခိုင်းစေမှုတွေ လျော့နည်းသွားတယ် ဆိုပေမယ့် သမ္မတ အခုပြောသလို ၂၀၁၅ မှာ အဓမ္မခိုင်းစေမှု တကယ်ပဲ ပပျောက်သွားနိုင်မလား။ “အောက်ခြေကျေးရွာအုပ်စု ပြည်သူတွေနဲ့ ထိတွေ့နေသူ တယောက်အနေနဲ့ ကျမပြောချင်တာက ၂၀၁၅ မှာ အပေါ်ကပဲ ပြောပြီး အောက်ခြေထိ ကြပ်ကြပ်မတ်မတ် မဆောင်ရွက်ဘူး၊ မဖြေရှင်းနိုင်ဘူးဆိုရင် အဓမ္မခိုင်းစေမှုတွေ လုံးလုံး ပပျောက်ဦးမှာမဟုတ်ဘဲ သူ့နည်းသူ့ဟန်နဲ့ ရှိနေဦးမှာလို့ ကျမပြောချင်ပါတယ်။”
Categories: Myanmar News

အမေရိကန်အခြေချ ကရင်နီ ၂ ဦး ဓားထိုးခံရပြီး သေဆုံး

Thu, 05/02/2013 - 01:59
အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖိုးနစ်စ်မြို့မှာ ကရင်နီအမျိုးသားတဦးရဲ့ အသုဘအခမ်းအနားမှာ ဝတ်ပြု ဆုတောင်းနေကြတဲ့ လူအုပ်ထဲက ၂ ဦး ဓားထိုးခံရပြီး သေဆုံးသွားပါတယ်။ ဧပြီ ၂၇ ရက် ညနေမှာ ကရင်နီအမျိုးသား အယောက် ၄၀ ခန့်က မိမိတို့ ရိုးရာ ယဉ်ကျေးမှုအရ ကျောက်ကပ်ရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ အသက် ၄၈ နှစ်အရွယ် ခူးစိုင်းလောင်ရဲ့ အသုဘအခမ်းအနားကို သူနေတဲ့ Central Phoenix Apartment မှာ ပြုလုပ်နေတုန်း အပြင်ဘက်မှ အုပ်စုလိုက်ရန်ဖြစ်ပြီး Apartment ထဲအထိ ပြေးပုန်းတာတွေ ဖြစ်ပြီး အခုလို ဖြစ်ခဲ့တာလို့ အခင်းဖြစ်ပွားတဲ့နေရာမှာ ရှိနေခဲ့တဲ့ ခူးဖရေရယ်က အခု လို ပြောပါတယ်။ “ကရင်ကလေး ၃ ယောက် မက်ဆီကန်လား၊ စပိန်တွေလားတော့ မသိဘူး။ လမ်းမှာ သူတို့နဲ့ ရန်ဖြစ်ကြတယ်။ ပြီးတော့ ကရင်လေး ၃ ယောက်က ကျနော်တို့ရှိတဲ့နေရာကို အော်ပြီး ပြေးလာတယ်။ အထဲမှာရှိနေတဲ့ အသုဘအတွက် လူငယ်တွေ သီချင်းဆိုပေးနေကြတုန်း ဘယ်သူဝင်လာလဲဆိုပြီး ထွက်ကြည့်ကြတာ။ ထွက်ကြည့်မိတော့ လူ ၅ ယောက်ရှိတယ်၊ သူတို့လိုက်ရန်ဖြစ်တဲ့သူတွေကို မမှတ်မိတော့ဘူးလို့ ယူဆတာပဲ။ အပြင်ဘက်မှာ မိန်းကလေး ၂ ယောက်နဲ့ ယောက်ျားလေး ၃ သုံးယောက်က ၀ိုင်းပြီး ထွက်ကြည့်တဲ့ ကျနော်တို့လူကို ထိုးကြိတ်ကြပြီး ကျနော်တို့ လူ ၂ ယောက်က သေသွားတယ်” လို့ပြောပါတယ်။ သေဆုံးသွားသူတွေက အသက် ၂၃ နှစ်အရွယ် ခူးကေးဖိုးနဲ့ အသက် ၄၆ နှစ်အရွယ် ခူးခါးရယ်တို့ ဖြစ်ကြပါတယ်။ ဓားထိုးမှု ဖြစ်ပွားပြီးနောက် အသုဘလာသူ ကရင်နီအမျိုးသား ၄၀ ဦးကို ရဲတွေက ခေတ္တထိန်းသိမ်း စုံစမ်းမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့ပါတယ်။
Categories: Myanmar News

အိုင်အယ်လ်အို ညီလာခံတက်ဖို့ ဒေါ်သန်းသန်းဌေးကို ရွေးချယ်

Thu, 05/02/2013 - 01:14
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်(အိုင်အယ်လ်အို) ညီလာခံ တက်ရောက်ဖို့ မြန်မာနိုင်ငံ အလုပ်သမားကိုယ်စားလှယ် အဖြစ် ဒေါ်သန်းသန်းဌေးကို ဧပြီ ၃၀ ရက်နေ့က ကျင်းပတဲ့ အလုပ်သမားအဖွဲ့ခေါင်းဆောင်များ ဖိုရမ်ကနေ မဲပေး ရွေးချယ်လိုက်ကြပါတယ်။ ရွေးချယ်ခံရတဲ့ ဒေါ်သန်းသန်းဌေးဟာ ကံမမြို့နယ် တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအခြေခံ အလုပ်သမားအဖွဲ့က ဖြစ်ပါတယ်။ ဒါ့အပြင် ညီလာခံ တက်ရောက်ဖို့ အကြံပေးသူတွေအဖြစ် ခရမ်းမြို့နယ်က ဦးသန်းဆွေ၊ ရန်ကုန်တက္ကသိုလ် ဆရာနဲ့ ဆရာမများအဖွဲ့က ဒေါက်တာစိုင်းခိုင်မျိုးထွန်းတို့ကိုလည်း မဲပေး ရွေးချယ်လိုက်ပါတယ်။ ညီလာခံကို စေလွှတ်မယ့် အလုပ်သမားကိုယ်စားလှယ်အတွက် ကုန်ကျစရိတ်ကို အစိုးရက တာဝန်ယူရမှာဖြစ်ပြီး အလုပ်သမားအကြံပေး ၂ ယောက်အတွက် Friedrich Ebert ဖောင်ဒေးရှင်း(အက်ဖ်အီးဖက်) က တာဝန်ယူမှာ ဖြစ်ပါတယ်။
Categories: Myanmar News

Pages