Democratic Voice of Burma
Updated: 17 hours 45 min ago
Thu, 05/02/2013 - 00:25
အားလုံးသိကြတဲ့အတိုင်း မန္တလေးတိုင်း မိတ္တီလာမြို့နဲ့ ပဲခူးတိုင်း မြို့နယ်တချို့မှာ ဘာသာရေးနဲ့ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် ဒါမျိုး ရန်ကုန်ကို ကူးစက်မလာအောင် သက်ဆိုင်ရာ အာဏာပိုင်တွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ အပါအ၀င် မတူကွဲပြားတဲ့ ဘာသာဝင်တွေကပါ အတတ်နိုင်ဆုံး ကာကွယ် တားဆီးမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒီအတွက်လည်း အားလုံး စိုးရိမ်ခဲ့သလို ပြီးခဲ့တဲ့ သင်္ကြန်ကာလတုန်းက ဘယ်လို ပြဿနာမျိုးမှ ဖြစ်ပွားတာမျိုး မရှိခဲ့ပါဘူး။
ဒါပေမယ့် ဧပြီ ၃၀ ရက်နေ့မှာတော့ ရန်ကုန်တိုင်း ဥက္ကံမြို့နယ်မှာ သပိတ်ကိုင် ကိုရင်လေး ၁ ပါးနဲ့ ဆိုင်ကယ်စီး အမျိုးသမီး ၁ ယောက် မတော်တဆ ထိခိုက်မိတာကို အကြောင်းပြုပြီး ဘာသာရေးနဲ့ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားသွားခဲ့ပါပြီ။ ကနဦးသတင်းတွေအရ ဘာသာရေး အဆောက်အဦ ၁ လုံး၊ နေအိမ်နဲ့ ဆိုင်ခန်းတချို့ ဖျက်ဆီးခံရသလို ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲရတဲ့အထိ အခြေအနေ ဆိုးရွားခဲ့ပါတယ်။ သက်ဆိုင်သူတွေအားလုံး ဒီလောက် သတိထား နေကြတဲ့ကြားက ဒီလို ပဋိပက္ခမျိုး ဘာကြောင့် ရန်ကုန်မှာ ဖြစ်လာခဲ့တာလဲ။ အကြောင်းရင်းက ဘာလဲ။ ဒါကို ဘယ်လို တားဆီးနိုင်မလဲ ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။
မိတ္ထီလာမြို့ ဒုက္ခသည်များ
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့စဉ်တုန်းကတော့ အာဏာပိုင်တွေက ဒါဟာ ဘာသာရေးနဲ့ လူမျိုးရေးဆန်တဲ့ ပြဿနာတွေ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာပြည်အတွင်းကို ကူးစက်မလာနိုင်ပါဘူး ဆိုပြီး နိုင်ငံတကာကို ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း မိတ္တီလာမြို့နဲ့ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ လူအသေအပျောက် ၄၀ ကျော်သည်အထိ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာတဲ့အခါမှာတော့ ဒါဟာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံတဲ့ ပဋိပက္ခ မဟုတ်ပါဘူးလို့ ငြင်းလို့ မရတော့ပါဘူး။ ဒီအတွက်လည်း ဒီလို အကြမ်းဖက်မှုမျိုး ရန်ကုန်ကို ကူးစက်မလာအောင် အသည်းအသန် တားဆီး ကာကွယ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် ဒီ ပဋိပက္ခ ရန်ကုန်ကို ကူးစက်ခဲ့ပါပြီ။
အခုလို ပဋိပက္ခ အကြမ်းဖက်မှုတွေဟာ သာမန် အသေးအဖွဲ ပြဿနာလေးတွေကနေ စတာချည်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အမုန်းတရား ကိန်းအောင်းနေပြီးသား အခြေအနေအောက်မှာ ဘယ်လို ပြဿနာလေးတွေမဆို အကြမ်းဖက်မှုကြီးအဖြစ် အလျင်အမြန် ကူးပြောင်းသွားနိုင်ပါတယ်။ ပြောရရင် ပြဿနာရဲ့ အရင်းခံဟာ လူတွေစိတ်ထဲ ၀င်ရောက်နေတဲ့ အမုန်းတရား ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်လာတဲ့ ဒီ ဘာသာ ၂ ခု အကြား အခုအချိန်ကာလ ရောက်မှ ဘာကြောင့် အမုန်းတရားတွေ ဖြစ်ပေါ်လာရသလဲ ဆိုတာလည်း ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ ပြဿနာကို ဘယ်မှာမှ အထူးရှာဖွေနေစရာ မလိုပါဘူး။ အခုနောက်ပိုင်း လူတွေစိတ်ထဲ အမုန်းတရား ပေါ်ပေါက်စေတဲ့ ဟောပြောမှု၊ ၀ါဒဖြန့်ချိမှုနဲ့ လှုံ့ဆော်တာတွေ အဆက်မပြတ် လုပ်နေလို့ အမုန်းတရားတွေ တဖြည်းဖြည်းပျံ့နှံ့လာတာ ဖြစ်ပါတယ်။
တကယ်တော့ ဒီ အမုန်းတရားတွေဟာ လောင်စာနဲ့ တူပါတယ်။ အသေးအဖွဲလို့ ဆိုတဲ့ ပြဿနာမီးစလေး တို့လိုက်တာနဲ့ ကြီးမားတဲ့ အကြမ်းဖက်မှုတွေအဖြစ် အလွယ်တကူ လောင်မြိုက်သွားစေတာ ဖြစ်ပါတယ်။ တချို့ နိုင်ငံရေးအင်အားစုတွေကတော့ ဒီ အမုန်းတရား ဖြန့်ဖြူးနေတာကို နှစ်ခြိုက်ကြပါတယ်။ သာမန်ပြည်သူတွေထဲ ဒီ ဘာသာရေးဆန်တဲ့ အမုန်းတရား ပျံ့နှံ့နေခြင်းအားဖြင့် နှစ်ပေါင်းများစွာ တိုင်းပြည် ချွတ်ခြုံကျခဲ့ရတာ၊ ပြည်သူတွေ ဆင်းရဲမွဲတေခဲ့ရတာ၊ လူစဉ်မမှီ ဖြစ်ခဲ့ရတာတွေဟာ စစ်အာဏာရှင်တွေကြောင့် မဟုတ်ဘဲ ဒီဘာသာခြားတွေကြောင့် ဖြစ်သယောင်ယောင် လမ်းလွှဲနိုင်လို့ပဲ ဖြစ်ပါတယ်။ တပြိုင်နက်တည်း ပြည်သူတွေ တခဲနက် ထောက်ခံအားပေးတဲ့ လူ့အခွင့်အရေး လေးစားလိုက်နာပြီး သမာသမတ်ကျတဲ့ အတိုက်အခံ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေကိုလည်း ဒီ ဘာသာရေးဆိုင်ရာ အမုန်းတရားနဲ့ ဆက်စပ်ပြီး လူထုထောက်ခံမှု လျော့ကျအောင် လုပ်နိုင်လို့ပဲ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို မီးလောင်တိုက်ထဲ သွင်းမယ့် ဒီ အမုန်းတရား ဖြန့်ဖြူးရေး လုပ်ကိုင်ဆောင်ရွက်မှုဟာ အတော်ကို ကြောက်စရာ ကောင်းပါတယ်။ မြန်မာပြည်ထဲမှာ ထိတ်လန့်စရာကောင်းတဲ့ ဘာသာရေးနဲ့ လူမျိုးရေးဆန်တဲ့ နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်ပွား မပေါ်ပေါက်ဖို့ဆိုရင် လုံခြုံရေးအင်အား တိုးမြှင့်ချထားရုံ၊ ပုဒ်မ ၁၈၈ နေ၀င်မီးငြိမ်း အမိန့်ထုတ်ရုံ၊ မီးသတ်ကားတွေ အဆင်သင့် ပြင်ထားရုံ၊ ရပ်ကွက်တိုင်း ကင်းစောင့်ရုံ လောက်နဲ့ မလုံလောက်ပါဘူး။ အမုန်းတရားကို ဖြစ်ပေါ်စေတဲ့ ဟောပြောမှု၊ စည်းရုံးမှု၊ လှုံဆော်မှုတွေကို ထိထိရောက်ရောက် တားမြစ်ဖို့ လိုပါတယ်။ ဒါကို အားပေးအားမြှောက်ပြုမှုတွေ၊ ထပ်ဆင့် ဖြန့်ဖြူးမှုတွေနဲ့ ငွေကြေးထောက်ပံ့ပေးမှုတွေကိုလည်း ထိထိရောက်ရောက် အရေးယူဖို့ လိုပါတယ်။ ဒါတွေကို မလုပ်ကိုင်ခဲ့ရင်တော့ မြန်မာပြည်ဆိုတာ ထိတ်လန့်ကြောက်ရွံ့ဖွယ် အခြေအနေအောက်မှာ နေထိုင်ရတဲ့၊ အကြမ်းဖက်မှုတွေ နေရာအနှံ့ ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်တဲ့ တိုင်းပြည်အဖြစ် ကျဆင်းသွားမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
Wed, 05/01/2013 - 06:47
ရခိုင်ပြည်နယ် စစ်တွေမြို့က သက်ကယ်ပြင် မွတ်စလင်ဒုက္ခသည်စခန်းမှာ အစိုးရစီမံချက်အဖြစ် ဘင်္ဂါလီလူဦးရေစာရင်း ကောက်ယူရာမှာ ရိုဟင်ဂျာအဖြစ်ရေးမှ လက်ခံမယ်ဆိုရာကနေ စတင်တဲ့ ပဋိပက္ခအပြီး မွတ်စလင် ၇ ဦးကို ဖမ်းဆီးထားပါတယ်။
အစိုးရက ဧပြီ ၂၄ ရက်နေ့က ပြည်နယ်အစိုးရ၀န်ကြီးချုပ်တွေပါ တက်ရောက်တဲ့အစည်းအဝေးကနေ ဆွဲတင်စစ်လို့ အမည်ပေးထားတဲ့ ဘဂါင်္လီလူဦးရေ သန်းခေါင်စာရင်းကောက်ယူတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဆွဲ ဆိုတာက မြေပြင်အခြေအနေကို မြေပုံဆွဲ၊ တင် ဆိုတာက မှတ်တမ်းတင်၊ စစ် ဆိုတာကတော့ စစ်ဆေး ဆိုတဲ့အပိုင်းဖြစ်တယ်လို့ ဧပြီ ၂၄ ရက် နေ့ ဆွဲတင်စစ် အစည်းအဝေးကို တက်သူတဦးက ရှင်းပြပါတယ်။
ဒီနောက် ဧပြီ ၂၆ ရက်နေ့မှာ စစ်တွေမြို့ သက်ကယ်ပြင် မွတ်စလင်ရွာကို ၀င်ရောက် ကောက်ယူပါတယ်။ ဒါကို ရွာသူမွတ်စလင်အမျိုးသမီးတဦးက ဘင်္ဂါလီလို့ မှတ်တမ်းမထည့်ဘဲ ရိုဟင်ဂျာလို့ စာရင်းရေးသွင်းမှသာ စာရင်းပေးမယ်လို့ ပြောရာက စကားများကြောင်းနဲ့ ကျန်ရွာသားတွေကလည်း ရိုဟင်ဂျာလို့အော်ဟစ်ပြီး စာရင်းကောက်သူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်တဦးလည်း ဦးခေါင်းခဲမှန်ဒဏ်ရာ ရခဲ့ပါတယ်။
အခင်းဖြစ်တဲ့ ဧပြီ ၂၆ ရက်နေ့ ညနေမှာပဲ အုပ်ချုပ်ရေးပိုင်းက ရွာရဲ့ ရပ်မိရပ်ဖတွေအပါအ၀င် ၁၀ ဦးကို ခေါ်ဆောင်ဆွေးနွေးပြီး ၂ ဦးကို ဖမ်းဆီးခဲ့သလို ပြဿနာစဖြစ်တဲ့ မွတ်စလင်အမျိုးသမီး သားအမိကို ဖမ်းဆီးခဲ့တယ်လို့ ရွာသား ကိုသိန်းထိုက်က ပြောပါတယ်။
“သက်ကယ်ပြင်ကျေးရွာက ကြံ့ခိုင်ရေးပါတီဝင်လည်းဖြစ်တယ်။ ရပ်မိရပ်ဖအနေနဲ့လည်း ရခိုင်ဘက်ကရော၊ မွတ်စလင်ဘက်ကရော၊ အစိုးရဘက်ကပါ လက်ခံထားတဲ့ ဦးကျော်မြင့်ရယ်၊ ဦးဘသာဆိုတဲ့ ရပ်မိရပ်ဖ ၂ ယောက်ကို ပြန်မလွှတ်ပေးသေးဘဲ ထိန်းချုပ်ထားတယ်။ ပါးရိုက်ခံရတဲ့ အမျိုးသမီးက လူစုတယ်ဆိုပြီး အဲဒီအမျိုးသမီးနဲ့ သူ့သားရယ်ကို ရဲအင်အား ၃၀၀ လောက်နဲ့ လာဖမ်းသွားတယ်။ အမျိုးသမီးနာမည်က ဒေါ်ဆိုလေမာ အသက် ၄၀-၅၀ ၀န်းကျင်နား၊ သားက အသက် ၂၀ ၀န်းကျင်လောက်ရှိတယ်။”
ဧပြီ ၂၇ ရက်နေ့မှာ တကြိမ် နောက်ထပ် ၂ ဦးကို လာရောက်ဖမ်းဆီးခံရပုံကိုလည်း သူက ခုလို ပြောပါတယ်၊။
“အဲနေ့က ၀င်စစ်တဲ့အခါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရယ်၊ အရန်မီးသတ် ဗိုလ်ကြီး ဦးစံလင်းလည်း ပါတယ်၊ စာရင်းလိုက်ကောက်ယူတာမှာ လိုက်ပါတယ်။ အဲမှာ ပိုလီယိုကာကွယ်ဆေးတိုက်ဖို့လာတော့ စစ်တပ်လုံခြုံရေးနဲ့ မီးသတ်ကိုအပ်ပြီး သူတို့ ၂ ယောက်ပြန်လာတယ်။ လူတွေမရှိတဲ့အချိန် ပြဿနာဖြစ်တယ်ဆိုပြီး ရှောင်ပြေးတယ်ဆိုပြီး ဖမ်းတဲ့ သဘော။ အုပ်ချုပ်ရေးမှူး ဦးစံလင်းရယ် ရဲစခန်းမှာလိုလို သတင်းရတာပဲ။”
ဧပြီ ၂၉ ရက်နေ့မှာတော့ ကနဦးပိုင်းက ဖမ်းဆီးထားတဲ့ ဦးကျော်မြင့်ရဲ့သား ဦးလှမြင့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
သူတို့တတွေ အကုန်လုံး အခုအခါမှာ ဘယ်နေရာမှာ ရောက်ရှိနေတယ်ဆိုတာ မသိရဘဲ စိုးရိမ်ပူပန်ကြတယ်လို့ ဆိုပါတယ်။
ဒီစီမံချက်နဲ့ပတ်သက်လို့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီဒုဥက္ကဋ္ဌ ဦးလှသိန်းက အတင်းအဓမ္မ မဆောင်ရွက်သင့်ဘူးလို့ ဝေဖန်ပါတယ်။
“နိုင်ငံသားဖြစ်တယ်၊ မဖြစ်ဘူးဆိုတာက လွှတ်တော်က ဆုံးဖြတ်ရမယ့်ကိစ္စ။ ဒီနေရာမှာ ဘာလို့ စစ်ဆေးတာလဲဆိုတာ ကျနော် စဉ်းစားလို့မရဘူး။ မင်းတို့ ဘင်္ဂါလီဖြစ်ရမယ်၊ ရိုဟင်ဂျာဖြစ်ရမယ်ဆိုတဲ့ကိစ္စက ဒီလောက်ထိ အရေးတယူလုပ်စရာရှိလို့လား။ သန်းခေါင်စာရင်းကောက်ဖို့အတွက် လူဦးရေ စစ်တဲ့အချိန်မှာ နိုင်ငံခြားသားတယောက်အနေနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ဖြစ်စေ၊ တခြားမည်သည့်အရာနဲ့ဖြစ်စေ မစစ်ဆေးဘဲနဲ့ ဒီလိုအတင်းအဓမ္မလုပ်တာကတော့ ဘယ်ကောင်းမလဲဗျ။”
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးဝင်းမြိုင်နဲ့ ရခိုင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းကို တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
စစ်တွေမြို့ခံ ရပ်မိရပ်ဖတဦးကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ ဖမ်းဆီးထားသူ ၇ ဦးကို အမှုဖွင့်ပြီး စစ်ချက်ရယူနေတယ်လို့ ပြောပြပါတယ်။
ဧပြီ ၂၆ ရက်နေ့ကလည်း ဗောလုဝအမည်ရှိ မွတ်စလင်ဒုက္ခသည်စခန်းမှာ အလားတူ အချေအတင်ဖြစ်ခဲ့ပြီး သေနတ်ပစ်ဖောက် ဖြိုခွင်းလို့ ကလေးငယ်တဦး ခြေထောက်မှာ သေနတ်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။
Wed, 05/01/2013 - 06:10
မြန်မာနိုင်ငံဟာ တရုတ်၊ အီဂျစ်၊ အီရန်၊ အီရတ်၊ ဆော်ဒီအာရေဗျ၊ မြောက်ကိုးရီးယားတို့နဲ့ အတူ ဘာသာရေး လွတ်လပ်မှု အထူးစိုးရိမ်ရတဲ့ ၁၅ နိုင်ငံမှာ ပါဝင်နေတယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် (USCIRF) ရဲ့ ၂၀၁၃ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၁၂ ဇန်န၀ါရီ ၃၁ ရက်ကနေ ၂၀၁၃ ဇန်န၀ါရီ ၃၁ ရက်အထိ စောင့်ကြည့်ခဲ့ပြီးတော့ ထုတ်ပြန်လိုက်တဲ့ စာမျက်နှာ ၃၇၁ မျက်နှာရှိတဲ့ USCIRF ရဲ့အစီရင်ခံစာမှာ ဘာသာရေး လွတ်လပ်မှုအတွက် အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းထားတာဖြစ်ပါတယ်။
မြန်မာက လက်ရှိလုပ်ဆောင်နေတဲ့ အရေးပါတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေက ဘာသာရေးနဲ့ ကိုးကွယ်ယုံကြည်မှုတွေကို သိသိသာသာတိုးတက်လာတာ မရှိဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။
ကချင်ပြည်နယ်က စစ်ဆင်ရေးအတွင်းမှာ အရပ်သား ခရစ်ယာန်တွေနဲ့ ရခိုင်ပြည်နယ်က ဘာသာရေး အဓိကရုဏ်းတွေမှာ မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ ဆိုးဝါးတဲ့ မတော်မတရားမှုတွေ ရှိနေတယ်လို့ ပါရှိပါတယ်။
အစီရင်ခံစာနဲ့ပတ်သက်ပြီးတော့ မြန်မာသာသနာရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်မရ ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် အစိုးရကို ဆန့်ကျင်တယ်လို့ သံသယရှိတဲ့ သံဃာတော်တွေကို ဖမ်းဆီးတာ၊ ဘုရားကျောင်းကန်ကနေ ဖယ်ရှားတာတွေအပြင် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့အတွက် သံဃာတော် ၈ ပါးကိုလည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ရွှေည၀ါဆရာတော် ဦးပညာသီဟကတော့ မြန်မာပြည်မှာ လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားပေမယ့် ဘာသာရေး လွတ်လပ်ခွင့်မရှိတဲ့အကြောင်း အခုလို ပြောပါတယ်။
“လွတ်လပ်စွာကိုးကွယ်ခွင့်တော့ ပေးထားတယ်၊ ဘာသာရေးလွတ်လပ်မှုမရှိဘူးဆိုတာ နှိပ်ကွပ်မှုတွေ၊ အရေးယူမှုတွေကတော့ တောက်လျှောက်ရှိနေဆဲပဲလေ။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်လို့လည်း အစိုးရကထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ထားပြီးတော့ တကယ့် တကယ့်ကျတော့ ဘာသာရေးနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာရဟန်းတွေကို အရေးယူနှိပ်ကွပ်မှုတွေက အမြဲရှိနေတယ်လေ။ တရားပွဲတွေ ဟောကြားခွင့်မပြုတာတွေ ခုထိ ရှိနေသေးတယ်လေ။”
ဒီအစီရင်ခံစာပါ ကချင်ပြည်နယ်က အစိုးရရဲ့ စစ်ဆင်ရေးအတွင်းမှာ အရပ်သား ခရစ်ယာန်တွေကို ပစ်မှတ်ထား မတော်မတရားမှုတွေ ရှိနေတာနဲ့ ပတ်သက်လို့ ကချင်ပြည်နယ်က ခရစ်ယာန် သင်းအုပ်ဆရာတော်က အခုလို ပြောဆိုပါတယ်။
“နိုင်ငံရေး အပြောင်းအလဲဖြစ်လာတယ်လို့တော့ ကြားတော့ကြားနေရတယ်။ ဒါပေမယ့် ဘာသာရေးလွတ်လပ်မှုက စစ်ဖြစ်တဲ့ဒေသတွေမှာ သိပ်လွတ်လပ်ခွင့်မရှိတဲ့ပုံပေါက်နေတယ်။ တိုက်ပွဲဖြစ်ရင် ဘာကိုမှ သူတို့ဂရုမစိုက်တော့ဘူး။ ဘုရားကျောင်းကို အချုပ်ခန်းလိုပဲ လူတွေမောင်းထည့်ပြီး စစ်ဆေးမေးမြန်းတာလုပ်တာတွေ ရှိတယ်။”
အစီရင်ခံစာကို မဖတ်ရသေးတဲ့အတွက် တစုံတရာ မှတ်ချက်ပေးမပြောလိုပေမယ့် အခုချိန်မှာတော့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာကိုးကွယ်ခွင့်ထက် အသက်ရှင်သန်ရေးကို ဦးစားပေးနေရတယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် တွဲဖက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေက ပြောပါတယ်။
“လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုတာကတော့ အမျိုးမျိုးမြင်ကြမှာပေါ့။ အခုက လွတ်လပ်စွာ ကိုးကွယ်ခွင့်အထိ မဟုတ်ဘူး။ ကျနော်တို့ အသက်ရှင်ခွင့်နဲ့ ရပ်တည်ခွင့်ကို ကြိုးစားနေတဲ့ အချိန်ပါ။ ”
ဘာသာရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ တိုင်းရင်းသား လူနည်းစုတွေနဲ့ အပစ်အခတ်ရပ်စဲတာ၊ ရိုဟင်ဂျာ မွတ်ဆလင်တွေအတွက် နိုင်ငံသား ပြဿနာတွေကို ဖြေရှင်းတာ၊ ဘာသာရေးလွတ်လပ်မှုနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကန့်သတ်ထားတဲ့ ဥပဒေပြုပြင်ပြောင်းလဲတာတွေ၊ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်းပပေးတာ အပါအ၀င် သိသာတဲ့ပြောင်းလဲမှုတွေကို မလုပ်ဆောင်ဘူးဆိုရင် အမေရိကန်အစိုးရက လက်ရှိ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆက်လက် ထိန်းသိမ်းပြီးတော့ အရင်က ရုပ်သိမ်းပေးတဲ့ ဒဏ်ခတ်ပိတ်ဆို့တာတွေကို ပြန်လည် ချမှတ်သင့်တယ်လို့လည်း အစီရင်ခံစာက အကြံပေးထားပါတယ်။
နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် (USCIRF)ဟာ လွတ်လပ်တဲ့ နိုင်ငံရေး ပါတီ ၂ ခုလုံးက ပါဝင်တဲ့ အမေရိကန် ဖက်ဒရယ် အစိုးရ ကော်မရှင်ဖြစ်ပြီး ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှု စတဲ့အချက်တွေကို လေ့လာသုံးသပ်ကာ သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကွန်ဂရက်ကို မူဝါဒဆိုင်ရာ ထောက်ခံချက်တွေ ပေးရတာလည်း ဖြစ်ပါတယ်။
Wed, 05/01/2013 - 05:45
လွန်ခဲ့တဲ့ လက အကြမ်းဖက်မီးရှို့လူသတ်မှုတွေဖြစ်ပွားလို့ စာမေးပွဲစစ်ရာကနေ ရပ်နားထားရတဲ့ သိပ္ပံနဲ့နည်းပညာ ၀န်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနလက်အောက်က တက္ကသိုလ်တွေကို ပြန်ဖွင့်ပြီး စာမေးပွဲတွေ ဆက်စစ်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်စာမေးပွဲတွေကို မေလ ၆ ရက်မှာ ပြန်လည်စစ်ဆေးဖို့ လုပ်နေသလို မိတ္ထီလာ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်စာမေးပွဲတွေကိုတော့ လာမယ့် ဇွန်လကုန်ပိုင်းလောက်မှာ ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။
ဆရာဖြစ်သင်ကောလိပ်ကတော့ ဒီလထဲမှာ သင်တန်းတွေ ဖွင့်မှာဖြစ်လို့ ဒုက္ခသည်တွေကို စာသင်ကျောင်းတွေကို ပြောင်းရွှေ့ထားပြီး ဇွန်လ ကျောင်းတွေပြန်ဖွင့်လှစ်ချိန်အမီ ဒုက္ခသည်တွေကို ပြန်ပို့နေရာချထားနိုင်အောင် ကြိုးပမ်းနေတယ်လို့ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းထိန်က ပြောပါတယ်။
“အခြေအနေက ကောင်းတော့ကောင်းပါပြီ။ အိုးအိမ်မပျက်စီးတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို ကိုယ့်အိမ်ကိုယ် ပြန်ခွင့်ပြုနေပြီ။ မီးလောင်သွားတဲ့သူတွေကိုတော့ ဘယ်ကိုပို့ရမလဲမသိသေးဘူး။ သူတို့ကို ပြန်ဆောက်ခွင့်ပေးရမလား၊ ဒါမှမဟုတ် နေပြည်တော်က ဆောက်ပေးတဲ့အိမ်တွေ စောင့်ရမလား၊ ကျနော်တို့လည်း မပြောတတ်သေးဘူး။”
မိတ္ထီလာဖြစ်စဉ်မှာ မီးလောင်ဆုံးရှုံးတဲ့ နေအိမ်တွေကို ၁ အိမ်ကို ကျပ်ငွေ ၃၅ သိန်း ၄ သောင်း ထောက်ပံ့ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သဘောတူထားပြီး လတ်တလောမှာတော့ မိသားစု ၁၆၀၀ လောက်ရဲ့ နေအိမ်တွေ မီးလောင် ပျက်စီးဆုံးရှုံးသွားပေမယ့် ခုအချိန်ထိ နေအိမ် ၅၀ စာလောက်ပဲ အလှူငွေ ရသေးတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ နေအိမ် မီးမလောင်တဲ့ ဒုက္ခသည်တွေကို ကိုယ့်အိမ်၊ ကိုယ့်ယာ ပြန်ခွင့်ပြုနေပြီး ဧပြီ ၂၉ ရက်နေ့တုန်းက မိသားစု ၉၀၊ လူဦးရေ ၃၈၆ ယောက်ကို ဒုက္ခသည် စခန်းတွေကနေ ပြန်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ကျအရာရှိတဦးကို မေးမြန်းရာမှာ လုံခြုံရေး ပုံမှန်ချထားကြောင်းနဲ့ လတ်တလောမှာ အတော်ကို ပြန်လည်အေးချမ်းပြီ ဖြစ်ပေမယ့် ပုဒ်မ ၁၄၄ ရုပ်သိမ်းဖို့တော့ ညွှန်ကြားချက်မလာသေးကြောင်း ပြောပါတယ်။
Wed, 05/01/2013 - 04:43
ရှမ်းပြည်နယ်မြောက်ပိုင်း ကွန်လုံနဲ့ သိန္နီမြို့နယ်က မန်လွန်နဲ့ နားတီးရွာမှာ ခိုလှုံနေတဲ့ စစ်ပြေး ဒုက္ခသည်တွေဟာ အကူအညီလိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၇ နဲ့ အစိုးရတပ်ရဲ့ စစ်ပွဲတွေကြောင့် ဒီဒုက္ခသည်တွေဟာ ဧပြီလကတည်းက မန်လွန်နဲ့ နားတီးရွာမှာ ခိုလှုံနေတာ ဖြစ်ပါတယ်။
မန်လွန်မှာ ၁၀၀ ကျော်နဲ့ နားတီမှာ ၂၀၀ လောက် ခိုလှုံနေပြီးတော့ အကူအညီပေးတာ မရှိတဲ့အတွက် ဒုက္ခသည်တွေဟာ အစားသောက်တွေနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ ဒုက္ခသည် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့သူက အခုလို ပြောပါတယ်။
“အဓိက အစားအသောက်က ဘယ်သူမှ လာမလှူသေးဘူး။ အစားအသောက်လည်း လိုတယ်။ ပြည်သူ့စစ်တွေက ၁ အိမ်ထောင်ကို ၁ လစာ ဆန် ၁ အိတ်ဆီပေးထားတော့ အဲဒါနဲ့ စားနေရတာပေါ့။ ဆန်ပဲဆိုတော့ ကျန်တာလိုအပ်တယ်။ နယ်စွန်နယ်ဖျားဆိုတော့ ဘယ်အဖွဲ့အစည်းကမှ မသွားသေးဘူး။ စီမံချက်ဧရိယာ မဟုတ်ဘူးဆိုတော့ ချက်ချင်းသွားကူညီဖို့ ဘယ်သူမှအဆင်မပြေကြဘူးလေ။ အဲဒါကြောင့် နေရာထိုင်ခင်း၊ အမိုးအကာနဲ့ အစားသောက်တွေ လိုအပ်နေတာ။”
ခိုလှုံနေတာ ၁ လနီးပါး ကြာလာပြီဖြစ်တဲ့အတွက်လည်း အစားအသောက်တွေ လိုအပ်လာတာ ဖြစ်ပြီး ဒီနေရာမှာ ခိုလှုံတဲ့သူတွေဟာ ထောက်ပံ့ကူညီတာတွေ အခုထိမရသေးဘူးလို့ ဆိုပါတယ်။
ဒုက္ခသည်တွေဟာ ရွာတွေ အသိမိတ်ဆွေနေအိမ်တွေမှာ ဒါမှမဟုတ်ရင် တချို့က ယာယီတဲတွေထိုးပြီးတော့ ခိုလှုံနေတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ အစိုးရနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တွေအကြားမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် သောင်းချီတဲ့ ဒုက္ခသည်တွေဟာ နယ်စပ်က ဒုက္ခသည်စခန်းနဲ့ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရပါတယ်။
Wed, 05/01/2013 - 03:20
ရန်ကုန်တိုင်း ဥက္ကံမြို့နယ်မှာ ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်းက ဘုရားကြီးဈေးထဲမှာ ဆွမ်းခံကြွလာတဲ့ အသက် ၁၁ နှစ်အရွယ် ကိုရင်တပါးနဲ့ အမျိုးသမီးတဦး တိုက်မိလို့ သပိတ်ကွဲရာကနေ ဘာသာရေးအဆောက်အဦ ၂ ခုနဲ့ ဆိုင်ခန်းတချို့ ဖျက်ဆီးမှုတွေ ဖြစ်ခဲ့ပြီး ရဲက သေနတ်ပစ်ဖောက်ထိန်းသိမ်းခဲ့ရပါတယ်။
ဒီနောက် ညဘက်ပိုင်းမှာ မီးရှို့ဖျက်ဆီးမှုတွေ ဆက်လက်ဖြစ်ပွားခဲ့တဲ့အတွက် ၁ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရရှိခဲ့ပြီး ၂ ဦးက စိုးရိမ်ရကြောင်း၊ ပဋိပက္ခဖြစ်စဉ်မှာ ဆူပူလှုံ့ဆော်သူလို့ ယူဆရသူ ၁၈ ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
View Photo Album
Wed, 05/01/2013 - 02:56
မြန်မာနိုင်ငံက နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်ကြီး တချို့ဟာ ဧပြီ ၃၀ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံစွမ်းဆောင်ရည် ဆုပေးပွဲမှာ ဆုချီးမြှင့်ခြင်းခံကြရကြောင်း အစိုးရ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ကမ္ဘောဇဘဏ် လီမိတက်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ မက်စ်မြန်မာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အေစီအီး ဆောက်လုပ်ရေး ကုမ္ပဏီ ဒါရိုက်တာ ဦးဇော်မိုးဝင်းတို့က အခွန်အများဆုံး ဆောင်တဲ့ဆု၊ ဧဒင်ဂရုဖ် ကုမ္ပဏီပိုင်ရှင်လည်းဖြစ်၊ ဂိုးလ်ဒင်းဒယ်လ်တာ ကုမ္ပဏီပိုင်ရှင်လည်း ဖြစ်တဲ့ ဦးချစ်ခိုင်က အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင်ဆု၊ ပင်လယ်ကိုးသွယ် ကုမ္ပဏီပိုင်ရှင် ဦးအောင်သန်းဦးက စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းဆု အသီးသီး ရခဲ့ကြပါတယ်။
အခွန်အများဆုံး ပေးဆောင်သူဆု ရွေးချယ်တဲ့နေရာမှာ နာမည်ပျက် မရှိသူ၊ အကျင့်စာရိတ္တ ပျက်ပြားစေတဲ့ ကုန်စည် ထုတ်လုပ်ရောင်းချခြင်း မရှိသူတွေကို ရွေးချယ်ခဲ့တယ်လို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌနာ ပြည်ထောင်စုဒုဝန်ကြီး ဦးလင်းအောင်က ရှင်းပြပါတယ်။
Wed, 05/01/2013 - 02:49
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်က အသိမ်းခံထားရတဲ့ မြေယာတွေမှာ ပြဿနာတွေ မပြေလည်သေးပေမယ့်လည်း စိုက်ပျိုးရာသီရောက်ပြီ ဖြစ်တဲ့အတွက် အဲဒီမြေတွေမှာ တောင်သူလယ်သမားတွေ ၀င်ရောက်ထွန်ယက်နေကြပါတယ်။
ပြင်ဦးလွင်မြို့ မြောက်ဘက် ၇ မိုင်အကွာ ပင်လိန်အရှေ့နဲ့ ပင်လိန်အလယ် ရွာ ၂ ရွာက တောင်သူတွေဟာ အသိမ်းခံထားရတဲ့ မိမိတို့လယ်မြေတွေမှာ ဒီနေ့ မနက် ၉ နာရီကစပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ စတင်ဖို့ ၀င်ရောက်ထွန်ယက်နေပြီလို့ ပြင်ဦးလွင် တောင်သူလယ်သမားများ အသိပညာပေးရေးကွန်ရက်အဖွဲ့ ပြောခွင့်ရ ဦးအောင်ကျော်ဆန်းက ဒီဗွီဘီကို ပြောပါတယ်။
“မကြာခဏဖြစ်နေကျပါ။ မနေ့ကတဖက်နဲ့တဖက် ပေါ်ပေါ်ထင်ထင် ဗြောင် အချေအတင် ဖြစ်ကြတာ။ ရွာသားတွေကလည်း ထွန်တုံးတိုက်ပွဲပုံစံမျိုး ကိုယ့်ခြံကိုယ် အင်အားနဲ့ပြန်ဝင်ကြတယ်။ ဒီနေ့ မနက် ၉ နာရီမှာ စလှုပ်ရှားကြတယ်။ အခုက ပြင်ဦးလွင်မှာ မိုးလည်းကျတော့မယ်။ တောင်သူတွေက မစိုက်မပျိုးနေရတာ ငတ်နေကြပြီ။ စိုက်ပျိုးရာသီအမီ မြေကြိုပြင်မှရမှာလေ။ လာမယ့်ရာသီဆို စပါး၊ ပြောင်းနဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ရတော့မယ်။”
ပင်လိန်ကျေးရွာက တောင်သူ ၅၀ ဦးဟာ မနေ့တုန်းကလည်း ရွှေဖြူကုမ္ပဏီက သိမ်းယူထားတဲ့ မြေတွေပေါ်မှာ ကျွဲ၊ နွားအကောင် ၂၀ ကျော်နဲ့ ၀င်ရောက်လုပ်ကိုင်တာမှာ နယ်မြေခံရဲတွေ ရောက်လာပြီး အခြေအတင် စကားများခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီနေ့မှာ ၀င်ရောက်လုပ်ကိုင်တဲ့ တောင်သူဦးရေ ပိုတိုးလာပြီး အဲဒီမြေတွေပေါ်မှာ “မိရိုးဖလာမြေများ မကျူးကျော်ရ”ဆိုတဲ့ ဆိုင်းဘုတ်တွေလည်း ထောင်ထားကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ပင်လိန်ရွာမှာ အိမ်ခြေစုစုပေါင်း ၁၈၀ ရှိပေမယ့် မြေယာပိုင်ဆိုင်သူတွေက ၆၀ လောက်သာ ရှိပြီး ကျန်တဲ့သူတွေက သီးစားခွန်တွေ ကိုင်ဆောင်ထားတဲ့ မြေယာမဲ့တွေဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။
ရွာ ၂ ရွာက မြေဧက စုစုပေါင်း ၁ ထောင်ကျော်လောက်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကစပြီး အသိမ်းခံခဲ့ရတာဖြစ်ကြောင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက နိုင်ငံတော်ပိုင်လို့ ပြောပြီး သိမ်းယူတာ၊ ကုမ္ပဏီနဲ့ အာဏာပိုင်တွေ ပေါင်းပြီး သိမ်းယူတာတွေအပြင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းတဲ့ ဧရိယာတွေလည်း ပါဝင်ကြောင်း၊ ပိုက်လိုင်းအတွက် လျော်ကြေးတွေ ပြန်ရပေမယ့် အသိမ်းခံရတဲ့မြေအတွက်တော့ လျော်ကြေးမရတဲ့အပြင် ကုမ္ပဏီကနေ ပြန်ပြီးတရားစွဲခံထားရတဲ့ ရွာသားတွေလည်းရှိတယ်လို့ ဦးအောင်ကျော်ဆန်းက ပြောပါတယ်။
ပြင်ဦးလွင်မြို့နယ်ထဲမှာ မြေသိမ်းခံရတဲ့ရွာ စုစုပေါင်း ၄၀ ကျော်ရှိပြီး ဒီကိစ္စ ကွင်းဆင်းစစ်ဆေးပေးဖို့၊ မြေတွေ ပြန်ရဖို့ တောင်သူတွေက နိုင်ငံတော်သမ္မတကြီးနဲ့တကွ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ခရိုင်အုပ်ချုပ်ရေးနဲ့ မြို့နယ်အုပ်ချုပ်ရေး စသဖြင့် အဆင့်ဆင့်ကို စာတင်ထားတာ ၃ ကြိမ်ရှိခဲ့ပြီ ဖြစ်ပေမယ့် ထူးခြားမှုမရှိဘူးလို့ သူက ဆက် ပြောပါတယ်။
နေပြည်တော်က ဖွဲ့စည်းလိုက်တဲ့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင်က လာရောက် စစ်ဆေးသွားတာရှိပေမယ့် ၀က်ဝံ၊ သက္ကယ်ညောင်ကုန်းနဲ့ သုံးတောင် စတဲ့ ရွာ ၃ ရွာကိုပဲ စစ်ဆေးပြီး အရေးယူဆောင်ရွက်မှုတွေ မရှိသေးဘူးလို့ ဆိုပါတယ်။
View Photo Album
Wed, 05/01/2013 - 02:10
ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့မှာ မနေ့ညက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ လူ ၁၈ ဦးကို ဖမ်းဆီးထားတယ်လို့ ဥက္ကံရဲစခန်းက ပြောပါတယ်။
ပဋိပက္ခကြောင့် ၁ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရှိပြီး ၂ ဦးက စိုးရိမ်ရကြောင်း ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ပဋိပက္ခဖြစ်စဉ်မှာ လှုံ့ဆော်သူတွေလို့ ယူဆရတဲ့ ၁၈ ဦးကို စစ်ဆေးနေပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေနဲ့ ပတ်သက်လို့တော့ မသိရသေးဘဲ အခြေအနေကို ထိန်းသိမ်းနိုင်ပြီလို့ ဥက္ကံရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။
မနေ့ညက ဖြစ်ပွားတဲ့ ပဋိပက္ခကြောင့် ကျေးရွာ ၃ ရွာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အိမ်ခြေ ၇၈ အိမ် မီးလောင် ပျက်စီးခဲ့တယ်လို့ ဥက္ကံမြို့ ဈေးအနီးမှာ နေသူတဦးက ပြောပါတယ်။
ဥက္ကံမြို့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အခက်အခဲဖြစ်နေတဲ့ ဒုက္ခသည်တွေဟာ လတ်တလော နေရာအတည်တကျ မရှိသေးဘဲ ကြုံသလို နေနေကြရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အဖွဲ့အစည်းတချို့က ဆန်နဲ့ ရိက္ခာတွေ ဝေပေးနေတယ်လို့ မြို့ခံက ပြောပါတယ်။
ဥက္ကံမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး အစိုးရက ဥပဒေအတိုင်း ကိုယ်တွယ်ဆောင်ရွက်ဖို့ လိုတယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် တွဲဖက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေက ပြောပါတယ်။
“ဥပဒေကို ကိုင်တွယ်ဆောင်ရွက်နေတဲ့ အစိုးရအပေါ်ပဲ မူတည်ပါတယ်။ အစိုးရက ဥပဒေချိုးဖောက်တဲ့သူကို တိတိကျကျ အရေးယူမယ်၊ ထိန်းသိမ်းမယ်၊ ကာကွယ်မယ်ဆိုရင်တော့ ရမှာပေါ့။ မဟုတ်ရင်တော့ တနေရာကနေ တနေရာ ဖြစ်မှာပဲ။”
ဥက္ကံမြို့နယ်မှာ ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်းက ဘုရားကြီးဈေးထဲမှာ ဆွမ်းခံကြွလာတဲ့ အသက် ၁၁ နှစ်အရွယ် ကိုရင်တပါးနဲ့ အမျိုးသမီးတဦး တိုက်မိလို့ သပိတ်ကွဲရာကနေ ဘာသာရေးအဆောက်အဦ ၂ ခုနဲ့ ဆိုင်ခန်းတချို့ ဖျက်ဆီးမှုတွေ ဖြစ်ခဲ့ပြီး ရဲက သေနတ်ပစ်ဖောက်ထိန်းသိမ်းခဲ့ရပါတယ်။ ဒီနောက် ညဘက်ပိုင်းမှာ မီးရှို့ဖျက်ဆီးမှုတွေ ဆက်လက်ဖြစ်ပွားခဲ့တာပါ။
Wed, 05/01/2013 - 01:26
ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) အခမ်းအနားတွေကို မြန်မာနိုင်ငံ အနှံ့အပြားမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့မှာကျင်းပတဲ့ အခမ်းအနားမှာ အန်အယ်လ်ဒီ နာယက ဦးတင်ဦး တတ်ရောက်မိန့်ခွန်းပြေားကြားခဲ့ပါတယ်။View Photo Album
Wed, 05/01/2013 - 00:56
စာရေးဆရာ ချစ်ဦးညို၊ ဒါရိုက်တာ ကြည်စိုးထွန်းနဲ့ ဇာတ်ညွှန်းဆရာ မြမြင့်မိုရ်တို့ ပူးပေါင်းရေးသားထားတဲ့ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ဇာတ်ညွှန်းကို အဖြစ်အပျက်မှန်တွေနဲ့ လွဲချော်မှု မရှိစေဖို့ သမိုင်းပညာရှင်တွေက စိစစ်သုံးသပ်နေတယ်လို့ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးဇော်သက်ထွေးက ဒီဗွီဘီကို ပြောပါတယ်။
ရေးသားပြီးတဲ့ ဇာတ်ညွှန်းကို ဆရာကြီး ဦးသော်ကောင်း၊ ဦးမြ၀င်း၊ ဒေါက်တာ ဒေါ်ခင်လှဟန်၊ ဒေါ်ခင်နှင်းဦးနဲ့ ဦးဇော်လင်းတို့ပါတဲ့ အဖွဲ့က စိစစ် စစ်ဆေးနေပါတယ်။
သမိုင်းပညာရှင်တွေ စစ်ဆေး အတည်ပြုပြီးမှသာ ဒီဇာတ်ညွှန်းကို အင်္ဂလိပ်ဘာသာ ပြန်ဆိုပြီး ရုပ်ရှင်ရိုက်ကူးရေး ငွေကြေးနဲ့ နည်းပညာအကူအညီပေးမယ့် နိုင်ငံခြား အဖွဲ့အစည်းတွေဆီ ပေးပို့ရမယ်လို့ ဦးဇော်သက်ထွေးက ပြောပါတယ်။
Tue, 04/30/2013 - 04:11
ပုဂ္ဂလိကသတင်းစာ ၁၀ စောင်ကို ပုံနှိပ်သူများ၊ ထုတ်ဝေသူများ၊ မှတ်ပုံတင်နဲ့ ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့က စိစစ်ပြီး ဒီနေ့ ထပ်မံထုပ်ဝေခွင့်ပြုလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
ထုတ်ဝေခွင့်ပြုလုပ်တဲ့ သတင်းစာတွေကတော့ နေရှင်နယ်တိုင်းမ်၊ ဒေးလီးအီလဲဗင်းနယူးစ်၊ Myanma Freedom Daily(အင်္ဂလိပ်ဘာသာဖြင့်)၊ နဂါးနီနေ့စဉ်၊ ဓနစီးပွားရေးနေ့စဉ်၊ ၀ရဇိန်နေ့စဉ်၊ စောင့်ကြည့်နေ့စဉ်၊ ပြည်မြန်မာနေ့စဉ်၊ မြန်မာပို့စ်နေ့စဉ်၊ International Herald Tribune (အင်္ဂလိပ်ဘာသာဖြင့်) တို့ဖြစ်ပါတယ်။
ဒီအတွက် ပုဂ္ဂလိက နေ့စဉ်သတင်းစာ မြန်မာဘာသာနဲ့ ၂၄ စောင်၊ အင်္ဂလိပ်ဘာသာဖြင့် ၂ စောင်၊ စုစုပေါင်း ၂၆ စောင်ကို ထုတ်ဝေခွင့်ပြုထားပြီး ဖြစ်ပါတယ်။
Tue, 04/30/2013 - 03:47
ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက ဘာသာရေးအဆောက်အဦနဲ့ ဆိုင်ခန်းတချို့ ဖျက်ဆီးမှုခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မိတ္ထီလာခရိုင်နဲ့ ပဲခူးတိုင်းအနောက်ပိုင်းက မြို့နယ်တွေမှာ ဖျက်ဆီးမှုတွေဖြစ်ပွားပြီး ငြိမ်သက်နေရာကနေ ဥက္ကံမြို့မှာ ပြန်ဖြစ်တာပါ။
ဒီနေ့ မနက် ၁၀ နာရီခန့်က ဥက္ကံမြို့နယ်က ဘုရားကြီးဈေးထဲမှာ ဆွမ်းခံကြွလာတဲ့ အသက် ၁၁ နှစ်အရွယ် ကိုရင်တပါးကို အမျိုးသမီးတဦးက ဆိုင်ကယ်နှင့်တိုက်မိလို့ သပိတ်ကွဲရာကနေ ဆူပူမှုတွေဖြစ်ပွားပြီး ဘာသာရေးအဆောက်အဦ ၂ ခုနဲ့ ဆိုင်ခန်းတချို့ ဖျက်ဆီးမှုတွေ ဖြစ်ခဲ့တာလို့ ဥက္ကံမြို့မှာ နေထိုင်သူတွေက ပြောပါတယ်။
ဥက္ကံမြို့ဈေးနားမှာ နေထိုင်သူ မြို့ခံတဦးက “ကိုရင်လေးက ဈေးထဲဆွမ်းခံကြွတာ အဲမှာဆိုင်ကယ်က၀င်တိုက်တော့ သပိတ်ကွဲသွားတယ်။ သူက မချေမငံဆက်ဆံတယ်။ ဘေးလူတွေက မကျေမနပ်ဖြစ်တယ်။ အလိုလိုမှ ဖြစ်ချင်နေတာ၊ ထိန်းမရသိမ်းရဖြစ်ကုန်တာ။ အဲမှာ မခံချင်စိတ်တွေနဲ့ လူတွေကစုလာပြီး ဗလီတွေဖျက်၊ ဆိုင်တွေပါဖျက် ဖြစ်ကုန်တယ်။ ရဲက သေနတ်ဖောက်တားရတဲ့ အဆင့်ရောက်တယ်” လို့ ပြောပါတယ်။
ဥက္ကံမြို့နယ် ဆင်ခြေဖုံးရပ်ကွက်နဲ့ ရွာတွေကလူတွေပါ ပါဝင်လာတဲ့အတွက် အခြေအနေကို ထိန်းသိမ်းဖို့ သံဃာတော်တွေနဲ့အရပ်သားတွေ ကြိုးပမ်းခဲ့တယ်လို့လည်း ပြောပါတယ်။
ဥက္ကံရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပြီး အပျက်အစီး စာရင်းကိုတော့ စစ်ဆေးနေဆဲပဲလို့ ဆိုပါတယ်။
Tue, 04/30/2013 - 03:12
တနင်္သာရီတိုင်း ထားဝယ်မြို့ ကြက်စားပြင် ရပ်ကွက်မှာ မြန်မာ့သစ်ထုတ်လုပ်ရေး ဒုအထွေထွေမန်နေဂျာရုံးက ကျူးကျော်ဝင်ရောက်ပြီး ကားဂိုဒေါင် ဆောက်လုပ်နေမှုကို နိုင်ငံတော်သမ္မတအပါအ၀င် အထက်အဆင့်ဆင့်ကို တိုင်ကြားထားပေမယ့် အခုချိန်ထိ မဖြေရှင်းပေးသေးဘူးလို့ မြေပိုင်ရှင် ဒေါ်မိုးမိုးသူက ပြောပါတယ်။
ဒေါ်မိုးမိုးသူ ပိုင်ဆိုင်တဲ့မြေဟာ ၃ ဒဿမ ၁၀၂ ဧကရှိပြီး၊ ၂၀၀၉ ခုနှစ်မှာ အစိုးရက သစ်တော အမည်ပေါက်နဲ့ နာမည်ပြောင်းထားတာက ၁ ဒဿမ ၁၈၂ ဧကရှိတယ်လို့ ပြောပါတယ်။
သစ်တောအမည်ပေါက် မြေပေါ်မှာ မြန်မာ့သစ်ထုတ်လုပ်ရေးလုပ်ငန်း ဒုအထွေထွေမန်နေဂျာရုံး ဖွင့်လှစ်ထားပြီး ကျန်တဲ့ မြေကွက်တွေပေါ်မှာ ကားဂိုဒေါင် ဆောက်လုပ်နေတာကို သွားရောက်တားမြစ်ရာမှာ မချေမငံဆက်ဆံခံရတယ်လို့ ဒေါ်မိုးမိုးသူက ပြောပါတယ်။
“ကျမကို နှင်ထုတ်တာတို့လုပ်တယ်။ လိုချင်ရင် တရားရုံးက ဖြေရှင်းတဲ့။ တရားရုံးကနေ ဖယ်ပေးလိုက်ဆိုရင် ငါတို့က ဖယ်ပေးလိုက်ရုံပဲဆိုပြီး ပြောတယ်။ တရားစွဲတာကတော့ ဟုတ်တယ်။ ကိုယ်ပိုင်တယ်ဆိုတာ လူကြီးတွေ အကုန်လုံးလည်း သိနေလျက်နဲ့ တရားစွဲတယ်ဆိုတာက ပိုက်ဆံမကုန်ကုန်အောင် တမင်ဖန်တီးတာ။ ကျမကို တမင်ဒုက္ခရောက်အောင်လုပ်တဲ့ ပုံစံမျိုး၊ ပြီးတော့ အစိုးရကနေ ငါတို့ကို ပေးထားလို့ယူတာ၊ အစိုးရက ဂရမ်ချပေးလို့ယူတာလို့ ပြောတယ်။ ဥပဒေတိုင်း လုပ်ရမှာလေ။ သူတို့ ကျမမြေကို နိုင်ငံတော်ပိုင်ပစ္စည်း မြေပေါ်မြေအောက်၊ လေပေါ်လေအောက် အကုန်ပိုင်တယ်ဆိုပြီး လုပ်ချင်ရာ လုပ်လို့ရတယ်ဆိုပြီး ခဏခဏ ပြောတယ်။ အခုချိန်ထိလည်း ပြောတုန်း။”
ဒီမြေဟာ ပိုင်ရှင်ရှိကြောင်း မြေဂရမ်အထောက်အထားတွေနဲ့တကွ ၂၀၁၀ ကစပြီး သစ်ထုတ်လုပ်ရေးလုပ်ငန်း တာဝန်ရှိသူတွေကို ဖယ်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် မရဘူးလို့ ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ထားဝယ် စည်ပင်သာယာ အင်ဂျင်နီယာမှူး ဦးထင်လင်းကျော်က အခုလို ပြောပါတယ်။
“သစ်ထုတ်လုပ်ရေးလုပ်ငန်းက ရုံးဆောက်တဲ့နေရာကတော့ သူတို့ဂရမ်ကျပြီးသား။ အဆောက်အဦ ဆောက်လုပ်တဲ့အပိုင်းကတော့ သစ်တောက ဆောက်လုပ်ခွင့်တင်ထားပြီး အထောက်အထားတွေ ခိုင်လုံလို့ ကျနော်တို့ ခွင့်ပြုထားတယ်။ သူတို့ကို နိုင်ငံတော်က ဘတ်ဂျက်ချပေးတာ။ မြေဂရမ်ကိုလည်း မြေစာရင်းက ပေးထားပြီးသား။ ကျန်တဲ့ ခြံတွေအငြင်းပွားနေတာ၊ တရားစွဲတာတွေကတော့ ကျနော်တို့နဲ့ မပတ်သက်ဘူး။”
ဒီမြေယာကို ၁၉၆၅ ခုနှစ် အရင်စစ်အစိုးရက လက်ထက်ကတည်းက သိမ်းယူခဲ့တာလို့ ဆိုပါတယ်။
ဒီအငြင်းပွားမှု အခြေအနေနဲ့ ပတ်သက်ပြီး ထားဝယ်မြို့နယ် မြန်မာ့သစ်လုပ်ငန်း ဒုတိယအထွေထွေမန်နေရုံးကို မေးမြန်းဖို့ ကြိုးစားပေမယ့် တယ်လီဖုန်းဆက်သွယ်လို့ မရ ဖြစ်နေပါတယ်။
မြေယာအငြင်းပွားမှုနဲ့ပတ်သက်ပြီး လယ်ယာမြေနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုလည်း တိုင်တန်းထားတယ်လို့ ဒေါ်မိုးမိုးသူက ပြောပါတယ်။
ဒေါ်မိုးမိုးသူဟာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကလည်း အဲဒီ သစ်တောရုံးရှေ့ကို သွားရောက်ပြီး “လယ်ယာမြေနှင့်အခြားမြေများ စုံစမ်းရေးကော်မရှင်သို့ တိုင်ကြားထားသော ပိုင်ရှင်ရှိမြေဖြစ်သည်၊ မည်သူမှမကျူးကျော်ရ” ဗီနိုင်းပိုစတာ သွားထောင်သေးတယ်လို့ ပြောပါတယ်။
ဒါကိုလည်း သစ်ထုတ်လုပ်ရေးရုံးက ရဲစခန်း အကြောင်းကြားပြီး ဗီနိုင်းပိုစတာကို ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။
သူ့အနေနဲ့ သမ္မတ၊ လယ်ယာမြေနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အဖြေကို စောင့်မျှော်နေပြီး ထွက်လာတဲ့အဖြေ မှန်ကန်မှုမရှိပါက ဆက်လက်တရားစွဲဆိုသွားမယ်လို့ ဒေါ်မိုးမိုးသူက ပြောပါတယ်။
Tue, 04/30/2013 - 03:11
အမေရိကန်နိုင်ငံ Ford ကားကုမ္ပဏီရဲ့ မြန်မာပြည်ဈေးကွက် စတင်မိတ်ဆက်ပွဲ ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်မှာ ဒီနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။View Photo Album
Tue, 04/30/2013 - 03:07
တရုတ်နိုင်ငံအကူအညီနဲ့ စစ်ရဟတ်ယာဉ်တွေ ရရှိတယ်လို့ စစ်သတင်းအသားပေး ဂျိမ်းစ် လစဉ်ထုတ်ဂျာနယ်ရဲ့ရေးသားချက်အပေါ် “၀”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) က ငြင်းလိုက်ပါတယ်။
ဖေဖော်ဝါရီနဲ့ မတ်လမှာ ဝေဟင်ပစ်ဒုံး တီဝိုင်-၉၀ (TY-90)နဲ့ အလယ်အလတ် သယ်ဆောင်ရေး Mil Mi-17 ရဟတ်ယာဉ်တွေကို တရုတ်က ယူဒဗလျူအက်စ်အေအဖွဲ့ကို ပေးခဲ့တယ်လို့ တိုင်းရင်းသားတွေနဲ့ အစိုးရ သတင်းရင်းမြစ်တွေကို ကိုးကားပြီးတော့ ဧပြီ ၂၉ ရက်ထုတ် ဂျိမ်းစ် လစဉ်ထုတ်ဂျာနယ်မှာ ရေးသားထားပါတယ်။
ဒီရဟတ်ယာဉ်တွေကို တရုတ်မှာ လေ့ကျင့်ထားတဲ့ ယူဒဗလျူအက်စ်အေ က လေယာဉ်မှူးတွေက မောင်းတာလား၊ တရုတ်လေယာဉ်မှူးတွေက မောင်းတာလား ဆိုတာ ကိုတော့ ရှင်းရှင်းလင်းလင်းမသိရဘူးလို့ ဂျိမ်းဂျာနယ်က ရေးပါတယ်။
Mi-17 ရဟတ်ယာဉ် ၅ စင်းကို တရုတ်ကနေ တိုက်ရိုက်မဟုတ်ဘဲ လာအိုဘက်က တဆင့် မဲခေါင်မြစ်ကို ဖြတ်ပြီးတော့ ယူဒဗလျူအက်စ်အေအဖွဲ့ ထိန်းချုပ်ရာနယ်မြေကို ပေးပို့ခဲ့တယ်လို့ တိုင်းရင်းသားလက်နက်ကိုင် သတင်းရင်းမြစ်ကို ကိုးကားထားသလို မြန်မာစစ်တပ်ကတော့ ၂ စင်းပဲ ပေးပို့ခဲ့တယ်လို့ အတည်ပြုနိုင်တဲ့အကြောင်း အစိုးရ သတင်းရင်းမြစ်ကို ကိုးကား ရေးသားထားပါတယ်။
ယူဒဗလျူအက်စ်အေအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကို မေးမြန်းရာမှာတော့ ဒီသတင်း မှားယွင်းတယ်လို့ ဖြေဆိုပါတယ်။
“မောင်းတတ်တဲ့လူလည်းမရှိ၊ နားလည်သူလည်းမရှိ ဘယ်သူက လာထောက်ပံ့မှာလဲ။ သတင်းကမဖြစ်နိုင်တဲ့ သတင်းပါ။ အပြင်က ပြောပြောနေတဲ့ ယူဒဗလျူအက်စ်အေက တရုတ်ကထောက်ပံ့တာတွေ သုံးတယ် ဆိုတဲ့ သတင်းတွေကတော့ အများကြီးပေါ့။ ဒါတွေက အရင် ဗကပ ခေတ်ကတည်းက လက်နက်တွေအများကြီးပါ။ ဒီသတင်းတွေ. ၀ ကို ရဟတ်ယာဉ်တွေ ထောက်ပံ့တယ်၊ ပေးတယ်ဆိုတဲ့ သတင်းတွေထုတ်တဲ့သူ ကိုယ်တိုင်က ဘာလို့ ထုတ်လဲဆိုတာ စဉ်းစားစရာပဲ။ ၀ မှာက ပညာတတ်တွေလည်း မရှိဘူး။ ရဟတ်ယာဉ်မောင်းတတ်တဲ့ အင်ဂျင်နီယာလို အတတ်ပညာရှင်တွေလည်း ရှိမှမရှိဘဲ။ သတင်းထုတ်တဲ့သူကို ပြန်မေးရမယ်၊ ဘာသဘောနဲ့ ဒီ သတင်းထုတ်လဲဆိုတာ။”
ဒီသတင်းသာ မှန်မယ်ဆိုရင်တော့ ရုရှားဆီကနေ မကြာခင်ကမှရရှိခဲ့ပြီးတော့ ကချင် လွတ်လပ်ရေးတပ်မတော်ကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ Mi-24Pကို TY-90 ဒုံးကျည်က တားဆီးနိုင်မယ်လို့လည်း ဂျာနယ်မှာရေးပါတယ်။
တီဝိုင်-၉၀ (TY-90)ဟာ ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်နိုင်တဲ့ ပေါ့ပါးတဲ့ တရုတ်လုပ် ဝေဟင်ပစ် ဒုံးကျည်အမျိုးအစား ဖြစ်ပါတယ်။
ဒီသတင်းဖော်ပြချက်အပေါ် ရန်ကုန်အခြေစိုက် တရုတ်သံရုံးကို ဆက်သွယ်မေးမြန်းရာမှာ တာဝန်ရှိသူတဦးက မဖြစ်နိုင်ဘူးလို့ ပြောဆိုပါတယ်။
ဒီလို လက်နက်တွေအပြင် လူသယ်ဆောင်နိုင်တဲ့ လေကြောင်းကာကွယ်ရေးစနစ် (MANPADS) ကိုလည်း ယူဒဗလျူအက်စ်အေအဖွဲ့က တရုတ်ဆီကနေ တဆင့် ၂၀၀၁ မှာ တပ်ဆင်ခဲ့တယ်လို့ ဒီဂျာနယ်က အရင်က ရေးသားခဲ့ပါတယ်။
တရုတ်ဆီကနေ လက်နက်တပ်ဆင်ထားတဲ့ ယာဉ်တွေကို ယူဒဗလျူအက်စ်အေအဖွဲ့က ရရှိထားတယ်ဆိုတဲ့ ဒီဇင်ဘာလထုတ် ဂျိမ်းဂျာနယ်ရဲ့ ရေးသားချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်န၀ါရီလတုန်းက ငြင်းဆိုခဲ့ဖူးပါတယ်။
Tue, 04/30/2013 - 01:31
ပြည်တွင်းပြည်ပ မီဒီယာတချို့ဟာ တပ်မတော်နဲ့ ပတ်သက်ပြီး လိုရာဆွဲ သတင်းပေးပို့မှုတွေ ရှိခဲ့တာကြောင့် ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ တပ်မတော်အနေနဲ့လည်း မီဒီယာကဏ္ဍ တိုးချဲ့ဖို့ လုပ်နေတယ်လို့ စစ်ရေးချုပ် ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပြောပါတယ်။
ဒီနေ့မနက် ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်မှာ ကျင်းပတဲ့ မြ၀တီ မီဒီယာဂရုဖ်နဲ့ မီဒီယာတွေ တွေ့ဆုံပွဲမှာ ခုလို ပြောဆိုလိုက်တာပါ။
တပ်မတော်ပိုင် မြ၀တီမီဒီယာဂရုဖ်အနေနဲ့ လာမယ့် မေ ၁ ရက်နေ့ကစပြီး မြ၀တီသတင်းစာကို လက်ရှိ ၂၄ မျက်နှာကနေ ၃၂ မျက်နှာ တိုးချဲ့ ထုတ်ဝေသွားမယ့်အပြင် မြ၀တီနဲ့ ဆက်စပ် ရုပ်သံလိုင်း ၆ လိုင်းကိုလည်း လက်ရှိ တနေ့ ၁၁ နာရီ ထုတ်လွှင့်နေရာကနေ တနေ့ ၁၈ နာရီ တိုးချဲ့ ထုတ်လွှင့်သွားမယ်လို့ ဆိုပါတယ်။
မြန်မာ့တပ်မတော်ဟာ မြန်မာပြည်မှာ အကြီးဆုံး စီးပွားရေးဦးပိုင် လီမိတက်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ ပိုင်ဆိုင်သလို မြ၀တီ ရုပ်သံ၊ သဇင်အသံလွှင့်ဌာန၊ မြ၀တီသတင်းစာ၊ မဂ္ဂဇင်းနဲ့ စာအုပ်တွေ ထုတ်ဝေနေတဲ့ မြ၀တီ စာအုပ်တိုက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။
View Photo Album
Mon, 04/29/2013 - 22:42
ကျနော်က ကျိုင်းတုံကပါ။ ကျနော်တို့ ရပ်ကွက်နဲ့ ကျေးရွာများမှာ မီးမလာတာ၊ မီးမမှန်တာ အတော်ကို ကြာနေပါပြီ။ ကျနော်တို့ ကျိုင်းတုံသားတွေက ရိုးသားကြတယ်။ လမ်းထွက်ပြီး ဘယ်သူမှ ဆန္ဒမပြရဲကြဘူး။ လျှပ်စစ်မီးကသာ မလာတာ၊ မီးလင်းရေးအတွက် (အီးပီစီ)တို့ကတော့ လစဉ် မီတာလာဆောင်ခိုင်းတယ်။ မီတာထိန်းသိမ်းခက ၁ ထောင် ကျပ် ဆိုတော့ မှန်မှန်သွင်းရတယ်။ ဒါပေမယ့် မီးကတော့ မလာဘူး။ ရပ်တော်မူဘုရားတောင် မီးမလင်းတော့ဘူး။ ဒီဘုရားက နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကျိုင်းတုံမှာ တိုင်းမှူးဘ၀က တည်ထားတာပါ။ ကျနော်တို့ကို မီးမပေးချင်နေပါ။ မြို့ရဲ့အထင်ကရ ဒီဘုရားတော့ မီးလာသင့်တယ်။
ကျိုင်းတုံမြို့မှာ မီးမှန်အောင် လုပ်ပေးနိုင်ဖို့ မြို့က ပြည်သူတွေ ရွေးထားတဲ့ အမတ်တွေလည်း ကျိုင်းတုံ မီးလင်းရေးအတွက်လွှတ်တော်မှာ ဆွေးနွေးစေချင်ပါတယ်။
ကျိုင်းတုံမှ စိုင်းလုံ
Mon, 04/29/2013 - 06:01
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဒေသခံတွေက ဒီနေ့ ထပ်မံ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် လက်ပန်းတောင်းတောင် အနီးက ဆည်တဲ၊ ဇီးတော၊ အလယ်ရွာ၊ အလယ်တော၊ ရွာသစ်ရွာနဲ့ မိုးကြိုးပြင်ရွာက ဒေသခံ ၅၀၀ လောက်က အစိုးရထံကနေ ခွင့်ပြုချက်ရယူ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
(Photo_ KO Han Win Aung FB)
ဆန္ဒပြရာမှာပါဝင်တဲ့ အလယ်တောရွာက ဒေါ်စန္ဒာက “လက်ပန်းတောင်းကြေးနီစီမံကိန်းလုံးဝ ဖျက်သိမ်းရေး၊ ပုဒ်မ ၁၄၄ ဖျက်သိမ်းရေး၊ မီးလောင်ဗုံးတရားခံများ အမြန်ဆုံးအရေးယူဖော်ထုတ်ပေးရေး၊ ကြေးနီစီမံကိန်းအတွက် အသစ်ပြင်ဆင်ချုပ်ဆိုမယ့် စာချုပ်အလိုမရှိ၊ လျော်ကြေးမယူတဲ့ လယ်ယာမြေများပေါ်မှာရှိတဲ့ အဆောက်အအုံနဲ့ စွန့်ပစ်ပစ္စည်းများကို အမြန်ဆုံးဖယ်ရှားပေးရေး၊ ကျွန်ဇာတ် လာခင်းမယ့် ၀မ်ပေါင်ကုမ္ပဏီအလိုမရှိ၊ တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားနေတဲ့ ဦးပိုင်ကုမ္ပဏီအလိုမရှိဆိုတဲ့ ကြွေးကြော်သံ ၇ ရပ်နဲ့ ဆန္ဒထုတ်ဖော်နေတယ်” လို့ ပြောပြပါတယ်။
အရင်ရက်ပိုင်းက လက်ပန်းတောင်းတောင်အနီး ထွန်တုံးတိုက်ပွဲတွေကို ဒေသခံတွေက ဆင်နွှဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။
ဒီအတွက် ဒေသခံတွေကို ဖမ်းဆီးတာတွေ ရှိခဲ့သလို လက်ပန်းတောင်းတောင် စီမံကိန်း ဒေသအတွင်းမှာ မတည်မငြိမ်ဖြစ်အောင် ဆူပူလှုံ့ဆော်နေတယ်လို့ စွပ်စွဲပြီး တက်ကြွလှုပ်ရှားသူ ၈ ဦးကို စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့က ဧပြီ ၂၈ ရက်နေ့မှာ ဖမ်းဆီးမိန့် ထုတ်ပြန်လိုက်ပါတယ်။
ဒီလိုဝရမ်းထုတ်လိုက်တဲ့အပေါ်ကို ဒေါ်စန္ဒာက သူ့အမြင်ကို ခုလိုပြောပါတယ်။
“၀ရမ်းထုတ်ခဲ့ရသူတွေကို ဒေသခံတွေက ကာကွယ်မှာပါ။ သူတို့ ကြေးနီစီမံကိန်းဆက်လုပ်နိုင်ဖို့။ ၀ရမ်းထုတ်ခံထားရတဲ့ ပွင့်လင်းအဖွဲ့ကလူတွေဟာ ဒေသခံတွေကို ကူညီပေးနေသူတွေဖြစ်လို့ ကျမတို့ကို ဆက်အကူအညီမပေးနိုင်အောင် ၀ရမ်းထုတ်တာပဲ။”
ညနေပိုင်းမှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဒေသက ရွာသား ၅၀၀ လောက်ဟာ တရားဝင်ခွင့်ပြုချက်အရ စီမံကိန်းရပ်ဆိုင်းရေးဆန္ဒပြပွဲကို ဒီနေ့ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ညောင်ပင်ကြီးရဲစခန်းကို သွားရောက်ပြီး သူတို့တတွေကို ဖမ်းဆီးဖို့ အဖမ်းခံကြပါတယ်။
ဒါနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြပွဲမှာ သတင်းသွားယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ဒေါ်တင်မာဆွေ ပြောပြတာက “ညောင်ပင်ကြီးရဲစခန်းကိုရောက်တော့ ရွာသား ၅၀၀ လောက်က သူတို့တွေဟာ ဟန်ဝင်းအောင်တို့ကို လက်သင့်ခံထားတယ်၊ ထမင်းလည်းပို့တယ်။ ဒါကြောင့် သူတို့ကို အရေးယူပါ၊ ဖမ်းပါပြောတော့. စခန်းမှူးက အဲလိုဖမ်းလို့မရဘူး၊ တရားခံတွေကို လာအပ်ပါလို့ပြောတော့ ရွာသားတွေက တရားခံတွေမဟုတ်လို့ လာမအပ်နိုင်ဘူးလို့ ပြန်ပြောတယ်။ ၀မ်ပေါင်ဘက်ကိုသွားမလို့လုပ်နေတုန်းမှာ ရဲတွေကအင်အားသုံးပြီး ပြန်ခိုင်းတယ်၊ ၀မ်ပေါင်ဘက် မရောက်သေးဘူး။”
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာလည်း ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဦးဆောင်ပြီး ကြေးနီစီမံကိန်းလှုပ်ရှားမှုကြောင့် ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးရေး၊ တောင်သူလယ်သမားတွေနဲ့ ပြည်သူ့အကျိုးဆောင်ကွန်ရက်ဝင် အသီးသီးတို့ကို ၀ရမ်းထုတ်ထားတဲ့အပေါ် ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
Mon, 04/29/2013 - 05:43
နိုင်ငံတကာအလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို)က မြန်မာနိုင်ငံတော်သစ်တရပ်ကို တည်ဆောက်ခြင်း အလုပ်သမား ခေါင်းဆောင်များ ဖိုရမ်ကို ဒီနေ့ကျင်းပခဲ့ပါတယ်။
ဖိုရမ်ကို ဧပြီ ၂၉ ရက်နေ့က ၃၀ အထိ ရန်ကုန် မြန်မာကွန်ဗင်းရှင်းစင်တာမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အိုင်အယ်လ်အို အတိုင်ပင်ခံအကြံပေးအဖွဲ့ ရွေးချယ်ရေးကိစ္စ၊ ခုံသမာဓိကောင်စီ ရှိနေတဲ့ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ ပြန်လည် သုံးသပ်ရေးကိစ္စ၊ ၂၀၁၃ မှာကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံကိုစေလွှတ်ဖို့ မြန်မာနိုင်ငံ အလုပ်သမားကိုယ်စားလှယ် ရွေးချယ်ဖို့ ကိစ္စတွေအတွက် အဓိကထား ကျင်းပခဲ့တာလို့ တက်ရောက်သူတွေက ပြောပါတယ်။
ဒီဖိုရမ်မှာဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ တက်ရောက်နေတဲ့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးအောင်သူက အခုလို ပြောပါတယ်။
“ဆွေးနွေးတာတွေက အလုပ်သမားအခွင့်အရေးတွေ၊ ကုန်ထုတ်စွမ်းအားစုဖွံ့ဖြိုးတိုးတက်ရေးတွေပေါ့။ အဓိကက ဒီကိုလာတဲ့ အလုပ်သမားတွေက ဘာစိတ်ဝင်စားလဲဆိုတော့ ဂျီနီဗာညီလာခံကို လွှတ်ဖို့ သူတို့အလုပ်သမားတွေကိုပဲ လွှတ်စေချင်တယ်။ အဓိက ဒီမှာ တိုက်ပွဲဝင်တဲ့ ပုံသဏ္ဌာန်လို့တောင် ပြောလို့ရတယ်။ အတွေးအခေါ်ပိုင်းအရရောပေါ့။”
ဖိုရမ်အနေနဲ့ ဖိတ်ကြားခဲ့ပေမယ့် ပွဲကျင်းပရာမှာ ညီလာခံလို့ သုံးနှုန်းထားတာတွေနဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အက်ဖ်တီယူအမ်)နဲ့ ပတ်သက်ပြီးတော့ အစီအစဉ်မှာ အများကြီး ထည့်ထားတဲ့အတွက် ဖိုရမ်မှာ ဆွေးနွေး ကန့်ကွက်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အိုင်အယ်လ်အိုက တာဝန်ရှိသူတွေက ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်၂၀၁၃ မှာ ကျင်းပမယ့် အပြည့်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံကို စေလွှတ်မယ့် မြန်မာနိုင်ငံအလုပ်သမား ကိုယ်စားလှယ်ရွေးချယ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သွားရောက်တဲ့ ကိုယ်စားလှယ်ဟာ အလုပ်သမားစစ်စစ် ဖြစ်ရေးနဲ့ အလုပ်သမားမဖြစ်သော်လည်း အလုပ်သမားအရေး တောင်းဆိုပေးနိုင်တဲ့ အမြင်ကျယ်ပြန့်သူ ဖြစ်ရမယ်ဆိုတဲ့ ကွဲလွဲမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီးတော့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့အမြင်ကို ဦးအောင်သူက အခုလို ပြောပါတယ်။
“နိုင်ငံတကာညီလာခံတွေကို တကယ့် အလုပ်သမားစစ်စစ်တွေကိုပဲ လွှတ်စေချင်တယ်။ သူတို့တွေ အလုပ်သမားညီလာခံတွေ တက်ရောက်ဖို့အတွက် စွမ်းရည်မရှိရင်လည်း ကျနော်တို့ ဖြည့်မယ်။ နောက် နိုင်ငံတကာသွားတဲ့အခါ တခြား အလုပ်သမားအဖွဲ့အစည်းတွေနဲ့ ဘယ်လိုဆက်သွယ်ဆောင်ရွက်နိုင်မလဲဆိုတာလည်း ပြန့်ပွားအောင်လုပ်မယ်။”
ဒီဖိုရမ်ကို အလုပ်သမားဝန်ကြီးအပါအ၀င် အိုင်အယ်လ်အိုက တာဝန်ရှိသူတွေ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ လူမှုအဖွဲ့အစည်းတွေလည်း တက်ရောက်ခဲ့ပါတယ်။
Pages