You are here

မန္တလေးက လူထု ရင်ဖွင့်သံ

မန္တလေးမြို့ပြ လူနေမှု အပြောင်းအလဲ၊ မန္တလေးမြို့သားများ၊ ဌာနေဖွား တရုတ်လူမျိုးများနှင့် အသစ်ဝင်လာသော တရုတ်များ၏ ဆက်ဆံရေးအနေအထား၊ အသစ်ဝင်ရောက် နေရာယူလာသည့် တရုတ်များ၏ လွှမ်းမိုးမှုနှင့် မန္တလေးမြို့ခံတို့၏ သဘောထား၊ မြစ်ဆုံစီမံကိန်နှင့် ပတ်သက်၍ ကိုယ်တိုင်သွားရောက်လေ့လာမှုများ၊ တွေ့ရှိခဲ့မှုများကို ဧရာဝတီမဂ္ဂဇင်းက စာရေးဆရာ ညီပုလေးနှင့် မန္တလေးမြို့ရှိ လူထုစာအုပ်တိုက်တွင် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

လူထုဦးလှနှင့် လူထုဒေါ်အမာတို့၏ ပဉ္စမမြောက် သားအငယ်ဆုံးဖြစ်သူ စာရေးဆရာ ညီပုလေးသည် ၁၉၈၅ ခုနှစ်ထုတ် စံပယ်ဖြူမဂ္ဂဇင်းတွင် “လျက်ဆားတတို့” ဝတ္ထုကို စတင်ရေးသားခဲ့သည်။ “လူအ အိပ်မက် ဝတ္ထုတိုများ”၊ “လီဒို ဟူးကောင်း မင်ခြစ်မှတ်စုများ” စသည့် စာအုပ်တို့မှာ ထင်ရှားသည်။ ၂၀၀၆ ခုနှစ်တွင် “ငြိမ်သက်တစ်မိနစ်နှင့် အခြားဝတ္ထုတိုများ” စာအုပ်ဖြင့် မိုးကုတ်မြို့ သဟာယစာကြည့်တိုက်၏ သဟာယစာပေဆု၊ ၂၀၁၂ ခုနှစ်တွင် “တတိယမြို့တော်သားရဲ့ အလွမ်း” ဝတ္ထုတိုဖြင့် တော်ဘုရားလေး (အောင်ဇေ) စာပေဆုမှ ဝတ္ထုတိုဆုတို့ကို ရရှိခဲ့သည်။

မေး ။ ။ မန္တလေးရင်ခုန်သံ ဘယ်လောက်ပြောင်းလဲသွားတယ်။ မန္တလေးမျက်နှာစာ ဘယ်လို ပြောင်းလဲသွားတယ်ဆိုတာ မန္တလေးသားဖြစ်တဲ့ ဆရာ ညီပုလေးက အသိဆုံးဖြစ်မှာပါ။ မန္တလေးမြို့ကြီးရဲ့ အပြောင်းအလဲတွေကို ကျနော်တို့ကို ပြောပြနိုင်မလား။

ဖြေ ။ ။ ပြောင်းနေတာတော့ ၁၉၈၄ ဦးကျားကြီးဝင်း မီးလောင်ပြီးနောက် တဖြည်းဖြည်းချင်းပြောင်းတယ်။ ဒီလိုပဲ မီးလောင်ပြီးတိုင်း မြန်မာတွေက မြို့သစ်ကို ဆုတ်ဆုတ်ပေးရတယ်။ ကျနော်တို့ မန္တလေးသူ၊ မန္တလေးသားတွေ အပြောနဲ့ဆိုရင် ကြွက်နဖားတောင်ခြေ ရောက်တော့မယ်လို့ ပြောတယ်။ မန္တလေးသားစစ်စစ်တွေက ချဲ့စရာ ဟိုဘက်ပဲရှိတော့ ဟိုဘက်ပဲချဲ့ရတယ်။

ကျနော် မှတ်ပုံတင်ပျောက်ရင် အသစ်ပြန်လုပ်ဖို့ ခက်နိုင်တယ်။ သို့သော် မှတ်ပုံတင်ကို လွယ်လွယ်ကူကူ လုပ်လို့ရတဲ့သူတွေ ရှိတယ်။ အဲဒီလူတွေက ၀င်လာကြတယ်။ သူတို့က ဌာနေ၊ ဒီမှာပေါက်တဲ့ ဟိုးတုန်းက တရုတ်တွေနဲ့ မတူဘူး။ သူတို့က ပိုက်ဆံ ဘယ်လောက်ချမ်းသာလဲတော့ မသိဘူး။ သို့သော် ဌာနေတရုတ်တွေနဲ့ နောက်ရောက်လာတဲ့ တရုတ်တွေနဲ့ ဆက်ဆံရေးကိုက တယောက်နဲ့ တယောက် မတူဘူး။ ကျနော်တို့အပေါ်မှာ မဟုတ်ဘူးနော်၊ သူတို့အချင်းချင်းကို မတူတာ။ ကျနော်တို့အပေါ်မှာ ဆိုတော့ ပိုပြီးမတူတာပေါ့။

မေး ။ ။ ဆရာ ညီပုလေး ပြောနေတာက မြောက်ပိုင်းကနေပြီး တဖြေးဖြေးနဲ့ဖိလာနေတဲ့ တရုတ်တွေကိုပြောတာပေါ့။ ကျနော်တို့ နောက်ပိုင်းသိသလောက်က ယူနယ်နဲ့ အပြင်ဘက် စီချွမ်ဘက်ကတောင်မှ တရုတ်လူမျိုးတွေ ဒီဘက်ကို ၀င်လာတယ်လို့ ကျနော်တို့သိရတယ်။ ခုနကပြောတဲ့ လူဝင်မှုကြီးကြပ်ရေး မှတ်ပုံတင်ကအစ ၀ယ်ရတာ လွယ်တယ်ပေါ့နော်။ ဆရာ ညီပုလေး ပြောသွားတဲ့ ဌာနေတရုတ်လူမျိုးတွေနဲ့ နောက်ရောက်တဲ့ တရုတ်အသစ်တွေက မတူဘူးလို့ ကြားတယ်။

ဖြေ ။ ။ ဟုတ်ကဲ့ မတူပါဘူးဗျ။ ဟိုလူတွေက ကျနော်တို့ မြန်မာလူမျိုးတွေလိုပဲ မိသားစုဝင်တွေလို ဖြစ်ပြီးတော့ သာမှုနာမှုလည်း ကူညီတယ်။ နှစ်အိမ့်တအိမ် အ၀င်အထွက်ရှိတယ်။ တော်တော်မြန်မာဆန်တယ်။ သူတို့ပွဲလမ်းတွေ ကျနော်တို့ကို ဖိတ်တယ်။ ကျနော်တို့ပွဲလမ်းတွေ အကူအညီလိုလို့ အလှူသွားခံရင် ရတယ်။ ဟိုလူတွေက ဒီလိုစရိုက်မရှိဘူး။

မေး ။ ။ ဘယ်လိုကွာလဲ။

ဖြေ ။ ။ သူတို့က သူတို့ကိုယ်သူတို့ ပိုက်ဆံရှိတယ်ဆိုပြီး ခြံကြီးဝင်းကြီးနဲ့ အလုံနေပြီးတော့ မြန်မာစကား သိပ်မတတ်ကြဘူး။ တော်တော်များများ မတတ်ကြဘူး။ ကျနော် ၀တ္ထုတပုဒ်ရေးဖူးတယ်။ စာအုပ်ဆိုင်ကို လာမေးတဲ့ ကလေးက မန္တလေးမြေပုံ မြန်မာပြည်မြေပုံကို တရုတ်ဘာသာနဲ့ ရိုက်ထားတာရှိလားတဲ့။ ကျနော် စိတ်ကူးယဉ် မဟုတ်ဘူး၊ အဲဒါ တကယ်အတွေ့အကြုံကို ရေးထားတာ။

မေး ။ ။ ခုတော်တော်များများက ပြောကြတယ်။ ခုနက ဆရာ ညီပုလေး ပြောသလို မြေပုံလာမေးသလိုမျိုးပေါ့။ အခု မန္တလေးမှာ လမ်းတွေမှာ တရုတ်စာနဲ့ရေးရမယ်၊ ဟိုတယ်တွေမှာ တရုတ်စာနဲ့ရေးရမယ်ဆိုတဲ့ အတိုင်းအတာမျိုးတွေ ဖြစ်နေတယ်။ ဒီ မန္တလေးရဲ့လူထုတွေအပေါ်မှာ၊ မြို့သူမြို့သားတွေအပေါ်မှာ အရင် ဌာနေတွေအပေါ်မှာ ဘယ်လောက်တောင်မှ သြဇာလွမ်းမိုးမှုက ကြီးနေပြီလဲ။

ဖြေ ။ ။ မြို့သူမြို့သားတွေအပေါ်မှာတင် မဟုတ်ဘူးဗျ။ ကျနော်ပြောဦးမယ်။ ဟိုတယ်တွေပေါ့၊ အများနဲ့ဆိုင်တဲ့ တချို့နေရာတွေမှာ တရုတ်စာက ထိုးဖောက်စပြုနေပြီ။ ဥပမာ ရန်ကုန်-မန္တလေး သွားမယ်ဆိုရင် ကားက မကြာခင်မှာ ဘယ်စခန်းမှာ ရပ်ပါမယ်ဆိုတာ မြန်မာလိုကြေညာ၊ ပြီးရင် တရုတ်လိုကြေညာတဲ့ ကားတွေရှိနေပြီ။ ဒီကားက ဘယ်နှနာရီ မန္တလေးက ထွက်ပါမယ်၊ ဘယ်မှာ ရပ်ပါမယ်၊ ရန်ကုန်ကို ဘယ်တော့ရောက်ပါမယ်၊ အဲဒီလို ကြေညာတာကအစ တရုတ်လိုကြေညာတဲ့ ကားတွေရှိနေပြီ။ အာရပ်နဲ့ ကုလားအုပ်တွေလိုပဲ တရွေ့တရွေ့နဲ့တော့ လာနေပြီ၊ သတိမမူ ဂူမမြင်ကြတာ။

မေး ။ ။ ဟုတ်ကဲ့၊ သတိမမူ ဂူမမြင်ဆိုရင် ဒါတွေကို ဌာနေဖွား မြန်မာလူမျိုးတွေ အစ်ကိုတို့လို လူမျိုးတွေက သိမြင်နားလည် သဘောပေါက်လာအောင် ဘယ်လောက်လုပ်ပေးတာရှိလဲ။

ဖြေ ။ ။ ရှိတာပေါ့။ တလောက မန္တလေးကျောက်ဝိုင်းမှာ ဖြစ်တဲ့ ပြဿနာမျိုးဆိုရင် ကျနော်မရောက်ပါဘူး၊ သို့သော် ပြန်ကြားရတာ၊ မြင်ရတာ၊ ဖတ်ရတာပေါ့။ ကျနော်တို့လူမျိုး တယောက်နဲ့တယောက် အရေးကြီးရင် သွေးစည်းပါတယ်၊ ကူညီပါတယ်။ နိုင်ငံတော်သီချင်းတွေ ဆိုကြတယ်၊ ဇာတိမာန်သီချင်းတွေ ဆိုကြတယ်။ အတတ်နိုင်ဆုံး ဆန့်ကျင်တဲ့ အပြုအမူတွေ ပြကြတယ်။ အဲဒါမျိုးဆိုရင် ကျနော်တို့လူမျိုးကို ကျနော် ချစ်မိတာပေါ့နော်၊ မဟုတ်ရင် မခံချင်ဘူး၊ အထူးသဖြင့် နောက်ပေါက်တွေပေါ့နော်။ အဲဒီဟာတွေအပေါ်မှာ သူတို့ ခံစားချက် တော်တော်ပြင်းပါတယ်။

မေး ။ ။ တရုတ်ရဲ့ လွှမ်းမိုးမှုက ခုနက ကားတွေမှာ တရုတ်လို ကြေညာတာမျိုး အဲဒါက ဘယ်လောက်အထိရှိလဲ။

ဖြေ ။ ။ သူတို့ ၀တ်ပုံစားပုံက ဌာနေတရုတ်တွေနဲ့ မတူဘူး။ ၀တ်ပုံစားပုံ နည်းနည်း ရဲတင်းလွန်းတယ်။ ကာလသားစကားပြောရင် မဖော်ပြသင့်တဲ့နေရာကို ဖော်ပြတယ်။ ကလေးတွေ ဘောင်းဘီအတိုလေးတွေ ၀တ်ကြတယ်။ ပူအိုက်လို့ဝတ်တာ။

ကျနော်တို့က Global warming ဆိုပြီးတော့ အစိမ်းရောင်တော်လှန်ရေး လုပ်တဲ့အနေနဲ့ သစ်ပင်တွေစိုက်ကြ။ အဲဒီတော့ လူတွေက ကဲ့ရဲ့ကြတယ်။ “ဟေ့ကောင် … ဘာဖြစ်လို့ သစ်ပင်တွေ စိုက်ကြတာတုန်း၊ ဒီအတိုင်းလွတ်ထားလိုက်ပါ၊ ဒါမှ ငါတို့က ဒီထက်တိုတာကို မြင်ရမှာ၊ ငါတို့က မင်းတို့သစ်ပင်တွေကို ငါဆွဲနုတ်ပစ်လိုက်မှာနော်” ဆိုပြီး။ အဲဒီတော့ “သစ်ရွက်ကပ်တဲ့ခေတ်ကို ရောက်ချင်လား၊ မင်းတို့က ဒုက္ခပါပဲကွာ” ပေါ့။ “ကမ္ဘာဦးကို ပြန်ရောက်ချင်တာ၊ အာဒံ ဧ၀လို သစ်ရွက်လေးနဲ့နေတဲ့ခတ်ကို ပြန်ရောက်ချင်နေကြတာ။ မင်းတို့ကလျှောက်ပြီး သစ်ပင်စိုက်တော့ ကြည့်မရဘူးကွာ” ဆိုတာမျိုးပေါ့။

မေး ။ ။ သူတို့ယဉ်ကျေးမှုက ဆရာတို့ မန္တလေးယဉ်ကျေးမှုကို လွှမ်းမိုးလာတဲ့သဘောလား။

ဖြေ ။ ။ လူအများစုကို လွှမ်းမိုးလာတာပေါ့။

မေး ။ ။ အဲဒါဆိုရင် ဒီတရုတ်ဆန့်ကျင်ရေး လူမျိုးခြားဆန့်ကျင်ရေး စိတ်ဓာတ်တွေ ဘယ်လောက်အထိ ကျနော်တို့ တိုင်းပြည်ကို စိုးရိမ်စရာရှိမယ်လို့ထင်လဲ။ ကျနော်တို့မှာ တရုတ်-ဗမာ အရေးခင်းဆိုတာလည်း ဖြစ်ခဲ့ဖူးတယ်။ နောက်ပြီးတော့ ဒီလိုမျိုး သွေးထွက်သံယို ကိစ္စတွေမဖြစ်အောင် ပြည်တွင်းမီဒီယာတွေ၊ နောက်ပြီးဆရာတို့ စာရေးဆရာတွေက ဘယ်လိုမျိုးတွေ ပညာပေးမှုတွေ လုပ်တာမျိုးတွေရှိလဲ။ ဘယ်လောက်အထိ ရေးသားခွင့်ရှိလဲ။

ဖြေ ။ ။ အဲဒါတော့ မသိဘူးဗျ။ မရှိသလောက်ဘဲ။ ကျနော်တို့ရေးရင် ကိုယ့်အမျိုးကိုယ် ချစ်ဖို့လောက်ပဲ ရေးလို့ရတယ်။ တဖက်ရန်အကြောင်း ရေးတာနည်းပါတယ်။ မရှိသလောက်ပါပဲ။

မေး ။ ။ ရေးခွင့်မရတာလား၊ မရေးတာလား။

ဖြေ ။ ။ မရေးတာလည်း ဖြစ်နိုင်တယ်။ ရေးခွင့်မရတာလည်း ဖြစ်နိုင်တယ်။

မေး ။ ။ ခုနက ကျောက်ဝိုင်းကိစ္စတွေ ဖြစ်လာတော့ အဲဒါကို ဒီဌာနေမှာနေတဲ့ တရုတ်လူဟောင်းက ဘယ်လောက်စိုးရိမ်မှုရှိလဲ။ တရုတ်အသစ်တွေကရော ဘယ်လောက်စိုးရိမ်မှုရှိလဲ။ တင်းမာမှု (Tension) က ဘယ်လောက်ကြီးလဲ။ အခုထိ အဲဒီ Tension က ရှိသေးလား။

ဖြေ ။ ။ ကျနော်အဲဒါက မဖြေနိုင်ဘူးဗျ။ မဖြေနိုင်ဘူးဆိုတာ နံပါတ် တစ်က ကျနော်မရောက်တာ။ အဲဒီကွင်းထဲကို မရောက်တာ။ သို့သော် ကျနော်စိတ်ထဲမှာတော့ အရေးကြီးလို့ရှိရင် ကျနော်တို့အချင်းချင်း သွေးနီးတယ်ဆိုတဲ့ စိတ်ကလေးတော့ရှိတယ်။ မြစ်ဆုံကိစ္စတုန်းက မိတ်ဆွေတယောက်က Facebook မှာရေးတာ စွဲနေတယ် ကျနော့်နှလုံးသားမှာ။ အဲဒါဘာလဲဆိုတော့၊ ဒီတခါ တရုတ်-ဗမာ အရေးခင်း မဖြစ်ချင်တော့ဘူးဗျာ၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့လမ်းထဲမှာ ဗမာအိမ်ဆိုလို့ သုံး၊ လေး အိမ်ပဲ ကျန်တော့တယ်။ ကြောက်စရာကြီး။ သူပြောတာ သူကတော့ ပေါ့ပေါ့ပါးပါး ရေးတာပေါ့ဗျာ။ အဲဒါက ကဗျာလိုကျတော့ တော်တော်အနက်ပါတဲ့ ဥပမာပေါ့ဗျာ။

မေး ။ ။ အဲဒီ အခု အိမ် သုံး၊ လေးအိမ်ပဲ ရှိတော့တယ်။ ကျနော်တို့ လောလောဆယ် သိရသလောက်ကတော့ ဒီမနက်နဲ့ ညဆိုရင် မျက်နှာတွေ ညိုးနွမ်းနေတဲ့ မြန်မာအလုပ်သမားတွေ ဆင်းရဲတဲ့ မြန်မာတွေကနေပြီးတော့ စက်ဘီးလေးတွေကိုယ်စီနဲ့ အလုပ်လာလုပ်ကြတယ်။ ပြန်ကြတယ် အဲဒီမြင်ကွင်းလေးတွေက ကျနော်တကယ့်ကို နေ့စဉ်မြင်နေရတဲ့ ရိုးအီနေတဲ့ မြင်ကွင်းတွေပေါ့။ ကျနော်သိချင်တာက မန္တလေးမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို၊ ဘယ်လုပ်ငန်းတွေကို လူမျိုးခြား တရုတ်လူမျိုးတွေက ချုပ်ကိုင်ထားလဲ။ သူတို့က ဘာတွေလုပ်ကိုင်နေကြလဲ။ အဲဒါမျိုးရော ဆရာတို့မှာ ဘယ်လိုမြင်လဲ။

ဖြေ ။ ။ ကျနော် လူမျိုးခြား ချုပ်ကိုင်ထားတဲ့ စီးပွားရေးအကြောင်း မပြောနိုင်ဘူးဗျ။ ဆရာ ကျော်ရင်မြင့်တို့တော့ ပြောနိုင်ကောင်းပြောနိုင်လိမ့်မယ်။ သို့သော် မြင်နေရတာပေါ့နော်၊ ခင်ဗျားတို့ ကြုံရင် တရုတ်မင်္ဂလာဆောင်၊ တရုတ်ထမင်းစားပွဲတွေ ကြုံစေ့ချင်တယ်။ ကားတွေကားတွေဆိုတာ အကောင်းအစားတွေ ပြည့်ညပ်နေတယ်။ အဲဒါမျိုးကို မြင်စေ့ချင်တယ်။ နောက်တခါ အိမ်ကြီးအိမ်ကောင်းတွေ၊ နန်းတော်တမျှပေါ့။ ကျနော်တို့ ခေါင်းပေါင်း ကျွတ်လောက်အောင် မော့ကြည့်ရတဲ့ အိမ်ကြီးတွေ သူတို့ပဲ ပိုင်တာ။ တချို့ရပ်ကွက်မှာ ရ၀တ ကတောင် ကိုယ့်ရပ်ကွက်ထဲနေတဲ့ လူတွေရဲ့ နာမည်အပြည့်အစုံကိုတောင် မသိနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က မြန်မာနာမည်မှ မဟုတ်တာ။ ဒါမျိုးအခြေအနေ ဖြစ်နေတယ်။

မေး ။ ။ ဆိုတော့ ကိုယ့်ထီးကိုယ့်နန်းကို ကျနော်တို့က ဒီနန်းမြို့က ဗြိတိသျှလက်ထဲကို ကျသွားတယ်ဆိုပြီး ကျနော်တို့က ရေးသားခဲ့ကြတယ်။ အမြဲတမ်း ဒါကိုလည်း အရင် မြန်မာစစ်အစိုးရ၊ အခု လက်ရှိအစိုးရက ယခုအထိ ကိုယ်လိုနီနယ်ချဲ့လက်သစ်တွေ၊ လက်ဟောင်းတွေ ဆိုပြီး အမြဲတမ်းပြောလေ့ရှိတယ်။ အခုကျရော။

ဖြေ ။ ။ အဲဒါလည်း ကျနော် Facebook က ရေးသားချက်တခုကို ကိုးကားပြီးပြောရမှာပဲဗျ။ မြစ်ဆုံမှာ ဆည်ကြီးတည်လိုက်ရင် ကောင်းတာပေါ့ကွာ၊ နယ်ချဲ့အင်္ဂလိပ်တွေ မန္တလေးမြို့ကို ဧရာဝတီမြစ်အတိုင်းတက်ပြီး မသိမ်းနိုင်တော့ဘူးတဲ့။ အဲလိုရေးတယ်။ အဲဒါကို လူတယောက်က ၀င်ရေးတယ်၊ မင်းမသိဘူးလား မင်း တရုတ်က အထက်ကနေ သိမ်းနေပြီလို့ ၀င်ရေးတယ်။ မှတ်ချက်ဝင်ရေးတယ်။ အဲဒီလိုပြောရမှာပဲ။

မေး ။ ။ ဆရာ မန္တလေးကစပြီးတော့ မြစ်ဆုံအထိ သွားပြီးလေ့လာခဲ့တယ်လို့ သိရတယ်။ အခု အဲဒီမြစ်ဆုံကို ပြန်ပြီးစဖို့ တရုတ်ကုမ္ပဏီတွေက ကြိုးစားနေတယ် ပြောဆိုနေတယ်လို့ ကြားရတယ်။ အဲဒီအပေါ်မှာရော ဘာများပြောချင်သလဲ။

ဖြေ ။ ။ ပြောချင်တာပေါ့။ သူတို့အခု စာအုပ်ထုတ်ပြီး ဝေတယ်လို့ကြားရပါတယ် သူတို့လုပ်တာ တရားတယ်၊ မှန်တယ်၊ သဘာဝပတ်ဝန်းကျင် မထိခိုက်ပါဘူး ဆိုတာမျိုး ကြိုးစားနေတယ်လို့ ကြားတယ်။ သမ္မတ ဦးသိန်းစိန်က သူ့သက်တမ်းမှာ မလုပ်ဘူးဆိုတာ ဒါ ပွဲပြီးတာမဟုတ်ဘူး၊ ခတ္တရပ်ဆိုင်းပြီး Half-time ပေးထားတာဆိုပြီး လူတွေက ကဲ့ရဲ့ကြတယ်။ ဆိုတော့ သရေပွဲတော့ မဖြစ်ဘူး၊ ကျတော်တို့က အနိုင်ကန်ချင်တာ။ မြစ်ဆုံမှ မဟုတ်ဘူး၊ အထက်မှာ ဆည် ၆ ခု ၇ ခုလောက်ရှိသေးတယ်။ အဲဒီဟာတွေကလည်း ဆိုးမွေတွေ လာဦးမယ်။ ကချင်လူမျိုးတွေက သူတို့မှာ ပထ၀ီက ပေးထားတဲ့ အမွေအနှစ်အနေနဲ့ ဒီမြစ်ဆုံပဲရှိတာလေ။ ကျနော်ရောက်ခဲ့ပါတယ်၊ ပျက်စီးစပြုနေပါပြီ။ ကျနော်တို့သွားတော့ သစ်ပင်တွေ ဘာတွေ ခုတ်ပြီး လမ်းတွေဖောက်နေပြီ။ ၀န်ထမ်းတန်းလျားတွေဆောက် မြေတွေ စဖို့နေပြီ။ တမံ ပိတ်ခါနီးဆဲဆဲလေးမှာ ကျနော်တို့က ရောက်သွားတာပေါ့။ စိတ်မချမ်းသာဘူး။ ကျနော်ဒီနေရာတွေ ရောက်ဖူးတယ်လေ။ လှတာကိုး။ အဲဒါအပြင် အဲဒီပတ်ဝန်းကျင်ရွာက လူတွေပါ ရွှေ့ရတာဆိုတော့ မရွှေ့ရစေချင်ဘူး။ သူတို့ ရွှေ့တဲ့နေရာက လုပ်ကိုင်စားလို့မှ မရတာ။

နေရာရွှေ့တာနဲ့ ပတ်သက်ပြီးတော့ ကျနော့်မှာ ပြောစရာတွေအများကြီး ရှိတယ်။ ပြောပြဦးမယ်။ အထက်ကိုရောက်တဲ့အခါ၊ အထက်ဆိုတာ ကျွန်းလှမြို့နယ်ထဲမှာ သဖန်းဆိပ်ဆည် ဆိုတာ ရှိတယ်။ ကန့်ဘလူထဲမှာပေါ့။ ကျေးရွာအုပ်စု ၆၅ အုပ်စုနော်၊ ကျွန်းလှမြို့အပါအ၀င် ရွှေ့ပေးခဲ့ရတယ်။

ကျနော်ထောင်ထဲမှာ နေခဲ့တာဗျ။ ကျနော့်ကို ၁၀ နှစ်ချတယ်။ ကျနော်သိတယ်၊ ၁၀ နှစ်နေပြီး အိမ်ပြန်ရမယ်ဆိုတာ သိတယ်။ ဒါပေမယ့် ထောင်ထဲနေတဲ့ အချိန်မှာကိုပဲ ကျနော့်ကို ဒီအဆောင်ကနေ ဟိုအဆောင်ရွှေ့ပါဆို မရွှေ့ချင်ဘူး။ ကျနော် ဒီမှာ ကျနော့်ရဲဘော်တွေနဲ့ ဒီ့ပြင် အကျ (ရာဇဝတ်မှုနဲ့ ထောက်ကျသူ) တွေနဲ့ ကျနော် အသားကျနေပြီဗျ။ မရွှေ့ချင်ဘူး။ ဒါထောင်ပဲရှိသေးတာ။ အဲဒီလိုပဲ။ ဒီတိုက်ကနေ ဟိုတိုက် ပြောင်းပါဆို မပြောင်းချင်ဘူး။ လူ့သဘာဝ၊ ကျနော့်စိတ်နော်။ ကျွန်းလှကလူတွေ၊ သံဖရဲရွာကလူတွေ ရွှေ့ရမယ်ဆို သူတို့ခံစားချက်ကို ကျနော်နားလည်တယ်။ သူတို့ ဘယ်ပြောင်းချင်ပါ့မလဲ၊ အကုန်လုံးထားပစ်ခဲ့ရတာ။

မေး ။ ။ ရွှေ့ရမယ်ဆို သူတို့ဘ၀တွေ ဘယ်လိုဖြစ်သွားမှာလဲ။

ဖြေ ။ ။ ကကြီးက ပြန်စရမှာ။ စလို့ရချင်မှ ရမှာ။ ဒီခေတ်ထဲမှာနော် ကကြီးကစပေမယ့် ဆွဲလိုက်တဲ့ နှစ်ခုစလုံး ကကြီးဖြစ်ချင်မှဖြစ်မယ်။ ဂငယ်လောက် မဖြစ်တဖြစ်နဲ့လည်း သူ့ဘ၀က ရပ်ရင်ရပ်သွားနိုင်တာပဲ။ အဲဒီတော့ အဲဒီ ရွှေ့တဲ့ပြောင်းတဲ့ကိစ္စတွေကို စိတ်ပျက်တယ်။ နှလုံးနာတယ်။ မြစ်ဆုံလည်း သဘာဝအတိုင်းရှိရတာ ကောင်းပါတယ်။

မေး ။ ။ ဆရာ ညီပုလေးကို မေးချင်ပါတယ်။ ခုနက မြစ်ဆုံကိစ္စနဲ့ နွှယ်ပြီး တိုင်းရင်းသားကိစ္စလေးတွေ ပါလာတယ်။ အထူးသဖြင့် ရှမ်း၊ ကချင်။ အဲဒီနေရာ နှစ်ခုမှာရှိတဲ့ သယံဇာတတွေကို လက်ဝါးကြီး အုပ်ပြီးတော့ ထုတ်ရောင်းခဲ့တာကတော့ ခရိုနီတွေနဲ့ စစ်တပ်ကပဲ ဖြစ်ပါတယ်။ ဆိုတော့ သူတို့တွေပဲ ချမ်းသာသွားတယ်။ တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေ ကျနော်တို့ ကြားရတာတွေရှိတယ်။ ဆရာ ဘာတွေ တွေ့ခဲ့ ကြားခဲ့ မြင်ခဲ့တာတွေ ရှိလဲ။

ဖြေ ။ ။ သဘာဝ အရင်းမြစ်ကတော့ သူတို့ စားသုံးသွားတာပဲ၊ အဲဒီအရင်းအမြစ်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်ဖြစ်တဲ့ ဆိုးမွေကတော့ ငါတို့ခံစားရမှာပဲ၊ လူတွေက အဲလိုမြင်တယ်။ တကယ်ပဲ မြောင်းတွေ ချောင်းတွေ ပုံမှန် မစီးဆင်းတော့ဘူးဗျ။ နောက်ပြီးသူတို့ (ဒေသခံတွေ) မသိပါဘူး၊ ဒီအထဲမှာ အာဆင်းနစ် (အဆိပ်) တွေ များတယ်၊ နောက် ပြဒါးများတယ်၊ ငရဲမီးဓာတ်တွေများတယ်။ ဒါတွေကို (ဒေသခံတွေ) နားမလည်သေးဘူး၊ သို့သော် အရင်လို ငါးမပေါတာပဲ သူတို့သိတယ်။ သိပ္ဗံနည်းကျတော့ လတ်တလော မသိသေးဘူးပေါ့။ မြို့က ပညာပေးတဲ့လူတွေ ပြောလို့သာ ကြားတယ်ပေါ့။ သို့သော် ဌာနေငါးတွေ မရှိတော့ဘူး။ သူတို့မိနေကျ ငါးတွေ မရှိတော့ဘူးဆိုတာပဲ သူတို့သိတယ်။

Source: http://burma.irrawaddy.org

နှင်းမှုံဝေရီ

by ခိုင်စိုးလင်း

ငွေနှင်းတစ်စက်ရုတ်တရက်အကျမှာ ပွင့်ဖတ်တစ်လွှာက ဖတ်ခနဲ့အာသွားရာ နားရန်အားခဲနေသော လိပ်ပြာလေးပင် လန့်ဖျတ်ပျံသွားလေသည်။ ထို့နောက် နှင်းပန်းဝါလေးသည် အကားစွင့်ဆုံးပွင့်လန်းတော့သည်။ စုက နှင်းပန်းဝါလေးကို ဖွဖွလေး တို့ထိကြည့်တော့ ဝတ်မှုံဝါဝါလေးများက ဖွားခနဲ့လွင့်စဉ်သွား၏။ နှင်းရည်တချို့က ပွင့်လွှာများပေါ်ဝယ် အသည်းယားစဖွယ် တွယ်ကပ်နေသည်။ ဆက်ရက်ကလေးတစ်ကောင်က ကျွီခနဲ့ထမြည်လိုက်တော့ စုကနောက်တစ်ကောင်ကို မတွေ့တွေ့အောင်ရှာတော့သည်။ ခပ်လှမ်းလှမ်းမှာပဲ နောက်တစ်ကောင်ကိုတွေ့တော့မှ စုက သက်ပြင်းလေးမှုတ်ထုတ်သည်။ ဆက်ရက်တစ်ကောင်တည်းဆိုလျှင် ဝမ်းနည်းခြင်း၏ သင်္ကေတလို့ ဆိုသည်မဟုတ်လား။ မြောက်ပြန်လေ တစ်ချက်က ညင်းသဲ့သဲ့မြူးတော့ ဧကရာဇ်ရနံ့တို့ကြိုင်လှိုင်သွားတော့သည်။ စုကဧကရာဇ်ပန်းကြွေတို့ကို တစ်ပွင့်ချင်းလိုက်ကောက်နေလေသည်။ စုသည် ပန်းပွင့်တို့၏ နူးညံ့မွှေးသက်မှုနှင့် နှင်းစက်တို့၏ ကြည်လင်အေးမြမှု ရောစပ်နေသော ဆောင်းမနက်တို့ကို နှစ်လိုလှသည်။

ရှင်းသန့်နေသော မြက်ခင်းပြင်မှာ နေရောင်နွေးနွေးဖြာကျလာသည်။ ပြင်းပြစူးရှမှုမရှိဘဲ ခပ်ယဉ်ယဉ်နွေးတယ်ဆိုရုံ။ စုက နေခြည်တို့ကို အလောတကြီးထွေးဖက်လိုက်သည်။ စု၏လက်ချောင်းကလေးများသည် ကားကားဖြန့်ထားသော လက်နှစ်ဖက်အစွန်မှာ သွယ်ပျောင်းကျနေသည်။ ရင်ဘတ်ကို ကော့ထားလိုက်စဉ် နေ၏အနွေးဓာတ်သည် စုကိုယ်ထဲဝင်ရောက်ပြီး နှလုံးသားမှာ ကိန်းအောင်းသွားသည်ဟု ထင်မှတ်ကာ အကျေနပ်ကြီးကျေနပ်နေမိသည်။ စုသည် စိုလက်အေးမြနေသော မြက်ခင်းအိအိပေါ် တစ်ကိုယ်လုံးပစ်လှဲချလိုက်သည်။ တိမ်လွှာတို့က ကြည်ပြာရောင်နောက်ခံပြီး ဇာဖြူပါးပါးလေးတွေလို တလွင်လွင်လွင့်နေကြသည်။ ဧကရာဇ်ပန်းကြွေတွေက စုကိုယ်ဘေးမှာ ပြန့်ကြဲနေသည်။ စုက အဖြူဆုံးတစ်ပွင့်ကို လက်လှမ်းပြီး နားရွက်ကြားညှပ်ပန်ထားလိုက်သည်။ အချိန်ရလျှင် ဟေမန္တဟာအလှဆုံးပဲလို့ အစချီတဲ့ ကဗျာတစ်ပုဒ်လောက်စပ်ရဦးမယ်ဟု တွေးနေလေသည်။

စုသည် စိမ့်စမ်းလေး တလျှောက်ခြေဗလာနှင့် နင်းလျှောက်ပြီး သဘာဝ၏ ပြီးပြည့်စုံမှုကို ကျေးဇူးတင်နေသည်။ အသက်ရှင်နေထိုင်ခွင့်ရတဲ့ ဘဝဟာ သိပ်ပြီးနှစ်သက်ဖွယ်ကောင်းတယ်လို့တွေးနေသည်။ ရုန်းကန်လှုပ်ရှားမှုတွေနဲ့ ကင်းဝေးရာမှာဆို ပိုပြီး မွေ့လျော်ဖွယ်ရှိလိမ့်မည်ဟု မျှော်လင့်နေသည်။ စုခြေဖဝါးလေးတွေ နီရဲလာတော့ စုက ရေထဲထိုးကျနေသော သစ်မြစ်ဆုံတစ်ခုမှာထိုင်ချလိုက်သည်။ ခြေချောင်းလေးများဖြင့် ကြည်စိမ့်နေသော ရေပြင်ကို မရဲတရဲတို့ထိလိုက်သည်။ စမ်းရေယဉ်က စုခြေချောင်းလေးတွေကို တသွသွဖြတ်ကျော်ပြီး စီးဆင်းသွားသည်။ ပန်းဖြူဖြူလေးတွေ အစုစု မျောပါလျက်ဖြစ်သည်။ ထိုပန်းလေးများကို စုကအမည်မသိ။ ကြယ်ပန်းလေးတွေဟု သူ့ဘာသာနာမည်ပေးထားသည်။ စမ်းရေသည် ကြယ်ပန်းလေးများကြောင့် မွှေးပျံ့နေသည်။ စုသည် စမ်းမွှေးမွှေးလေးဆီသို့ မကြာခဏသွားလည်လိုသည်။ အပူအပင်တွေ အကုန်လုံးဟာ ဒီလိုနေရာမျိုးရောက်ရင် ချုပ်ငြိမ်းသွားသလိုပဲဟု စုကဆိုဖူးသည်။

ရောင်စုံလိပ်ပြာလေး သုံးလေးကောင်သည် စုနားမှာ တဝဲလည်လည်လိုက်ပျံနေကြသည်။ စုက ထိုလိပ်ပြာလေးများကို လိုက်ဖမ်းသည်။ နူးညံ့သလောက် မြန်ဆန်သော လိပ်ပြာလေးများကို ခပ်ဖွဖွသာ ဖမ်းနေသောစုက မမိနိုင်ဖြစ်နေသည်။ လိပ်ပြာလေး တစ်ကောင်လောက်ရလျှင်တော့ အိပ်ခန်းထဲက ပန်းအိုးလေးမှာ နားစေမည်ဟုစုက စိတ်ကူးထားသည်။ လိပ်ပြာပုံလေးတစ်ပုံလောက်လည်း အသေးစိတ်ကြည့်ဆွဲရဦးမည်။ လိပ်ပြာပန်းချီကားထဲမှာ ရောင်စုံပန်းခင်းလေးထည့်ရမည်လား မြက်ခင်းသန့်သန့်စိမ်းဖန့်ဖန့်ကိုပဲ နောက်ခံထားရမည်လား သို့တည်းမဟုတ် ကြည်လင်ပြာလဲ့တဲ့ ကောင်းကင်ကြီးကိုပဲဆွဲရမည်လား စုကဝေခွဲမရ။ စမ်းချောင်းလေးခပ်ယဉ်ယဉ် စီးဆင်းပုံနှင့် နှင်းပန်းဝါလေးပွင့်အာသွားပုံမျိုးလည်း စုကဆွဲလိုသေးသည်။ အချိန်ရလျှင် အကုန်လုံးဆွဲမည်ဟု စိတ်ကူးထားလိုက်သည်။ ပန်းချီကားများကို အိပ်ခန်းထဲတွင် ချိတ်ဆွဲရမည်။ စုသည် ပန်းချီကားများကို စိတ်ကူးနှင့် နေရာချပြီး ပြုံးနေမိသည်။ စုက အိပ်ခန်းကိုဆေးရောင် လွင်လွင်လေးသုတ်ဖို့လည်း စိတ်ကူးသေးသည်။ အိပ်ရာခင်းခေါင်းအုံးစွပ်များကို ကြည်ပြာလက်လက်လေးမှာ ကြယ်ပန်းဖြူဖြူလေးများတစ်လှည့် ဧကရာဇ်ပန်းလေးများ တစ်လှည့်ထည့်ကြည့်သည်။

ခရုလှိုက်ကာလေးက လေတိုက်လိုက်တိုင်း တနွဲ့နွဲ့ယိမ်းနေသည်။ ရေမိုးချိုး သနပ်ခါးလိမ်းပြီးကာစ ခေါင်းထဲကြည်လင်လန်းဆန်းနေသော စုကသနပ်ခါးပန်းတစ်ခက်ကိုပန်ပြီး ငါးကန်ထဲကို စိတ်ဝင်တစားကြည့်နေသည်။ ငါးကန်ထဲမှာ ရွှေငါးလေးနှစ်ကောင်က ဟိုဘက်ဒီဘက် လူးလားကူးခတ်နေကြသည်။ ငါးကန်ထဲမှာ စုကိုယ်တိုင်ပြုလုပ်ထားသော ရေတံခွန်လေးက တသွင်သွင်စီးနေသည်။ စုက ငါးကန်ထဲမှ အလှဆင်ထားသော ခရုလေးတွေကို နေရာပြောင်းကြည့်ရင်း ရေထဲမှာ လက်နှိုက်နေရတာကို သဘောကျနေသည်။ လက်ကလေးတွေဟာ ရေထဲမှာဆို နွေးနေတယ်ဟု စုကတွေးမိသည်။ အချိန်ရလျှင်တော့ ငါးတွေကို သားဖောက်ဖို့ကိစ္စတွေ သွားသင်ပြီး ရွှေငါးလေးတွေကို မျိုးပွားပေးရမယ်ဟု စိတ်ကူးလိုက်သည်။ ငါးတွေမှာ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးတယ်ဆိုတာ ရှိလား၊ တခြားတစ်ယောက်ယောက်ကရော တခြားတစ်ယောက်ယောက်ရဲ့ ကံကြမ္မာကို ဖန်တီးပေးနိုင်သလားဟု စုကမေးလိုက်သည်။ ရွှေငါးလေးနှစ်ကောင်သည် မည်သည့်တုံ့ပြန်မှုမှ မလုပ်ကြ။ အချိန်ရလျှင်တော့ ငါးကလေးတွေကို စမ်းချောင်းလေးထဲ လွှတ်ပေးရမည်ဟု စုကစိတ်ကူးပြန်သည်။

စုသည် မောလျစွာ သက်ပြင်းချသည်။ တစ်ကိုယ်လုံးရှိအားအင်များ ဆုတ်ယုတ်သွားသည်သို့ နုံးချိသွားသည်။ ဧကရာဇ်ပန်းများကို တွန်းဖယ်လိုက်သည်။ မြက်ခင်းကျယ်ကျယ်မှာ စုတစ်ကိုယ်စာက ကျဉ်းကျပ်နေသလိုခံစားနေရသည်။ အကာအကွယ်မရှိသော ဟင်းလင်းပြင်ကြီးထဲမှာ အသက်ရှူမဝသလို ခံစားလာရသည်။ နှင်းပန်းဝါလေးကို လှမ်းကြည့်တော့ နှင်းစက်တစ်စက်က ပွင့်ဖတ်အစွန်းဖျားမှ အိခနဲ့ ပြုတ်ကျသွားသည်ကို မြင်ဖြစ်အောင်မြင်လိုက်ရသည်။ နှင်းရည်စက်တွေဟာ ဘဝကိုခုံမင်တတ်သလား နောက်ဆုံးအနေထားထိတွယ်ကပ်နေတတ်သလားလို့ စုကသိလိုလှသည်။ ပွင့်လွှာအစွန်ဖျားလေးမှာ ကပ်ငြိနေရတာကိုလည်း သာယာကြတာပဲလားဟု စုကမေးကြည့်လိုသည်။

စုသည် စုတ်တံကိုဆွဲထုတ်ပြီး ကင်းဘတ်စပေါ် ကြည်ပြာရောင်ခြယ်သလိုက်သည်။ တစ်လောကလုံးဟာ ပြာလွင်တယ် ကောင်းကင်လည်းပြာတယ် ပင်လယ်လည်းပြာတယ်မဟုတ်လားဟု ကိုယ့်ဘာသာ အတည်ပြုချက်ယူလိုက်သည်။ ပြီးတော့ နှင်းပွင့်များ တစ်ပွင့်ပြီးတစ်ပွင့် ဆွဲသည်။ ငွေနှင်းဖြူများသည် တနေရာရာမှာ တွဲလွဲခိုမနေ။ အပြာရောင်ပေါ်မှာ လွတ်လပ်စွာ ဖြူဖွေးစွာ ပြီးတော့ လှိုက်လှဲစွာ ဝဲပျံနေကြသည်။ စုသည် နှင်းပွင့်များကို သဘောကျစွာကြည့်နေသည်။ ကိုယ့်ဘာသာ အားရကျေနပ်လှသည်။ ဟောဒီလို လွတ်လပ်နေဖို့ အရေးအကြီးဆုံးပဲ တတ်နိုင်ရင် ကောင်းကင်ကြီးတောင် နောက်ခံမထားနဲ့ ဟုတီးတိုးရေရွတ်လိုက်သည်။ စုသည် အပြာရောင်ကောင်းကင်ကို ပြန်ဖျက်လိုသည်။ အပြာရောင်က လောကကြီးကို ကိုယ်စားပြုနေပုံကို သဘောမကျဖြစ်လာသည်။ လောကကြီးမရှိဘဲ ရပ်တည်နေရမှာပေါ့ ဟု ပြောလိုက်သည်။ သို့သော် ကင်းဘတ်စ အဖြူသက်သက်ပေါ် နှင်းပွင့်ဖြူတို့ကို အဖြူချည်းဆွဲပစ်လိုက်ဖို့ အခက်ခဲရှိနေသည်။ စုသည် ကင်းဘတ်စကို အမည်းရောင်နောက်ခံ ပြောင်းသုတ်လိုက်သည်။ ထို့နောက် အမည်းပေါ်မှာ နှင်းဖြူတွေဆွဲရတာ အဓိပ္ဗာယ်မရှိဘူး ဟုတွေးသည်။ ညအမှောင်မှာ နှင်းတွေဟာ ကိုယ်ရောင်ဖျောက်နေတတ်တယ်မဟုတ်လား။

စုသည် ကြယ်လေးများကို တစ်လုံးနှစ်လုံး ရေတွက်သည်။ ဆယ်လုံး ဆယ့်ငါးလုံးရောက်တော့ ရေပြီးသားနှင့် မရေရသေးသည်တို့ ရောထွေးသွားတော့သည်။ ကြယ်များသည် နှင်းမြူတို့ကွယ်ထားသောကြောင့် ကောင်းကောင်းမတောက်ပ။ တစ်လောကလုံးက မြူလွှမ်းနေသည်။ စုသည် မြူတို့၏ လွှမ်းမိုးမှုကို သဘောကျသလိုလိုရှိလာသည်။ မြူဆိုင်းနေတာ သိပ်ကြည့်ကောင်းတယ် အရာရာဟာထိုင်းမှိုင်းသွားစေတယ် မြူတွေဟာ အဆွေးဓာတ်ကို ယူဆောင်ပေးတယ် ဘဝအပေါ်ငြီးငွေ့စေတယ် ဟု စုကတွေးသည်။ ထို့နောက်ဘဝအပေါ်ငြီးငွေ့စေတယ်ဆိုတာကို ထပ်တလဲလဲပြန်တွေးသည်။ ဘဝကို ငြီးငွေ့တယ်ဆိုတာ တကယ်လား…။ ဘဝကို ငြီးငွေ့တယ်ဆိုတာ တကယ်ရှိသလား…။ ဘဝဆိုတာ ငြီးငွေ့ဖွယ်ကောင်းသော အရာလား…။ ဘယ်လိုလူတွေက ဘဝကို ငြီးငွေ့တတ်ကြသလဲ…။ စုသည် မှုန်မှိုင်းနေသော မြူနှင်းမှုံတို့ကို တစ်ပွင့်ချင်းရေတွက်ကြည့်သော်လည်း မြူတို့က သိပ်သည်းလွန်းသည်။ အုပ်စုဖွဲ့လွန်းသည်။ တစ်ပွင့်နှင့် တစ်ပွင့်ထပ်နေသောကြောင့် တစ်မှုံချင်းစီလို့တောင် မထင်ရတော့ဘဲ အစိုင်အခဲကြီးတစ်ခုလို ဖြစ်နေသည်။ စုသည် နှင်းအုံကြီးကို ထိုးဖောက်ပြီး ကြယ်တို့ကိုသာ နိုင်သလောက်ရေနေတော့သည်။

ကြယ်လေးများက တဖိတ်ဖိတ်တောက်နေသည်။ မည်သည့်အရာကမှ ကြယ်တို့၏ လင်းလက်မှုကို တားဆီးနိုင်ခြင်းမရှိ။ ကောင်းကင်မှာ တိမ်တို့ မြူတို့ ကင်းစင်နေသည်။ ကောင်းကင်သည် ပြာလွင်လှသည်။ ပြီးတော့ ကြည်စင်လှသည်။ ပြီးတော့ ကြယ်လေးများ တလက်လက်တောက်ပနေသည်။ စုသည် အပြာရောင် နောက်ခံမှာ အဖြူရောင်ကြယ်တို့ကိုစိတ်ရှိလက်ရှိ ခြယ်သနေသည်။ ကြယ်တစ်ပွင့်စ နှစ်ပွင့်စကို ပင်လယ်ပြာကြီးနှင့် ရောစပ်လိုက်သေးသည်။ ပင်လယ်ပြာပြာ ကောင်းကင်ပြာပြာ ကြယ်ဖြူဖြူများ ထို့နောက် နေရောင်ခြည်နွေးနွေး ထို့နောက် စမ်းချောင်းလေး ထို့နောက် မြက်ခင်းစိမ်းစိမ်း ထို့နောက် နှင်းပန်းဝါလေးနားကို ဖျတ်ခနဲ ရောက်လာသော ရောင်စုံလိပ်ပြာလေး။ စုသည် ထိုပန်းချီကားကို အိပ်ခန်းထဲမှာ ချိတ်လိုက်သည်။ အချိန်ရလျှင် ကြယ်ပန်းလေးများ တစ်ပွင့်ချင်းစီ စမ်းရေထဲမျောပါလာတာကို ထည့်ဆွဲဦးမည်ဟု စိတ်ကူးသည်။

ကောင်းကင်မှာ ငွေရောင်တောက်ပနေသော ငှက်ဖြူဖြူတစ်အုပ်ပျံလာတာ မြင်ရသည်။ စုသည် ထိုငှက်တို့၏ တစ်ကောင်နှင့်တစ်ကောင် ဟန်ချက်ညီလွန်းသော တောင်ပံခတ်မှုကို အသေးစိတ်ငေးကြည့်နေသည်။ ငှက်ဖြူဖြူတို့နှင့် တိမ်လွှာဇာဖြူတို့က ဖြူစင်မှုချင်းပြိုင်ဆိုင်နေကြသည်။ နှင်းရည်တစ်စက်က ပွင့်အာနေပြီးသော နှင်းပန်းဝါလေးပေါ် ထပ်ကျလာပြန်သည်။ စုက အလုံးအထည်မပျက်သေးသော ငွေနှင်းပုလဲဥလေးကို တစိမ့်စိမ့်ကြည့်သည်။ နှင်းပွင့်ကလေးသည် ကြည်လဲ့ဝင်းလက်နေသည်။ ကြည်လင်လွန်းသောကြောင့် စုကိုယ်တိုင်၏ အရိပ်ကိုပင် နှင်းမှုံလေးထဲမှာ ပြန်မြင်နေရသည်။ စုက သဘောတကျပြုံးလိုက်သည်။ နှင်းဆိုတာ ဒီလိုကျတော့လည်း ရေလိုပါပဲလား…။ နှင်းတွေဟာ တစ်ပွင့်ချင်းစီက ပိုလှတယ် တစ်ပွင့်ချင်းစီနေဖို့သင့်တော်တယ် ဟု စုကတွေးလိုက်သည်။ နှင်းပွင့်လေးသည် စုကြည့်နေတုန်းမှာပင် ပန်းလွှာလေးပေါ်က လျှောပြီး အစွန်ဖျားမှာ ယီးလေးခိုနေပြန်သည်။ နှင်းပွင့်လေးတွေမှာ ဒီဘဝက ကြွေသွားပြီးရင် နောက်ဘဝဆိုတာ ရှိသလား…။ စုက မျက်နှာကို တဘက်သို့လွှဲလိုက်သည်။

ဆက်ရက်ကလေးနှစ်ကောင်သည် ခုန်ဆွခုန်ဆွနှင့် စုနားရောက်လာသည်။ နှစ်ကောင်တပြိုင်တည်းဆိုတော့ စုက ကျေနပ်သွားသည်။ ဆက်ရက်လေးတွေက လူတွေရဲ့ ကံကြမ္မာကို ဖန်တီးကြတာလားဟု စုကလှမ်းမေးလိုက်သည်။ ဆက်ရက်ကလေးတွေမှာရော ကံကြမ္မာရှိသလား ဟု စုကဆက်မေးသည်။ ဆက်ရက်ကလေးနှစ်ကောင်က မြက်ခင်းပေါ်မှာ နှုတ်သီးနှင့် ဟိုထိုးသည်ထိုးလုပ်နေကြသည်။ လေက ခပ်ကြမ်းကြမ်းလေး တစ်ချက်ဝှေ့လိုက်တော့ ဧကရာဇ်ပန်းတစ်ပွင့်က ဝဲခနဲ့လွင့်လာသည်။ စုက မျက်လုံးကို ကမန်းကတန်း မှိတ်လိုက်သည်။ ဧကရာဇ်ပန်းလေးသည် စုနဖူးကို ထိတွေ့ပြီး ဆံနွယ်များကြားထဲ ညင်သာစွာ လျှောဆင်းသွားသည်။ စုသည် ဧကရာဇ်ရနံ့ကို မက်မောလွန်းသည်သို့ အလောတကြီး ရှူရှိုက်နေမိသည်။ ထပ်ကြွေဦးမည်လားဟု မျှော်လင့်ပြီး အပင်ပေါ်ကို လှမ်းကြည့်သေးသည်။ ဧကရာဇ်ပင်အောက်တည့်တည့်မှာ လှဲနေရင်တော့ ခဏခဏ မျက်နှာပေါ်ကြွေမှာပဲ ဟုတွေးပြီး နေရာရွှေ့ဖို့ စိတ်ကူးသည်။ သို့သော် ကောင်းကင်၏ ကြည်လင်မှုကို ဧကရာဇ်ပင်က ကွယ်လိုက်မည်စိုးသောကြောင့် မလှုပ်ရှားမိတော့။

စမ်းချောင်းလေးထဲမှာ ဧကရာဇ်ပန်းလေးတစ်ပွင့် မျောပါလာသည်။ စုက ခြေထောက်နှင့် တားလိုက်တော့ ပန်းလေးက စုခြေမကို ပတ်ကွေ့ပြီး ရေစီးအတိုင်းလိုက်ပါသွားသည်။ လူလည်…။ စုက သဘောကျပြီးရယ်သည်။ ခြေဖျားလေးမှာ အေးစိမ့်နေခြင်းကို စုက ပျော်မွေ့နေသည်။ အချိန်ရလျှင် စမ်းချောင်းလေးထဲ ရေဆင်းချိုးရမည်ဟု စိတ်ကူးသည်။ ရေချိုးရင်း ကြယ်ပန်းလေးတွေလိုက်ဆယ်ရမည်။ ကြယ်ပန်းလေးတွေကြွေလာသော အပင်ကို ရေဆန်အတိုင်း ကူးခတ်ပြီးတွေ့အောင်ရှာမည်။ ကြယ်ပန်းပင်အောက်မှာ ရေချိုးပြီး ကြယ်ပန်းလေးတွေ ကြွေလာတာကို ဆီးကြိုထွေးပွေ့မည်။ စမ်းချောင်းတစ်ခုလုံးသည် ကြယ်ပန်းတို့ဖြင့် ထုံသင်းနေလိမ့်မည်။ စုက စမ်းရေမွှေးမွှေးမှာ ရေငုပ်ဦးမည်။ စမ်းချောင်းလေး အောက်ခြေမှာ ကျောက်စရစ်ချောချောလေးတွေရှိနိုင်သည်။ ကံကောင်းပါက ရောင်စုံကျောက်လေးများပင် ရနိုင်သည်။

စုက ငါးကန်ထဲမှာ လက်နှိုက်ပြီး ကျောက်စရစ်ကလေးများကို နေရာတကျ စီထည့်သည်။ ရွှေငါးလေးနှစ်ကောင်က စုလက်တို့ကို ဖယ်ပြီး ကူးခတ်ကြသည်။ စုသည် ငါးလေးများကို သဘောတကျ လိုက်ဖမ်းကြည့်သည်။ ငါးလေးများက ထွက်ပြေးလျှင် အားရပါးရရယ်မောသည်။ ရေတံခွန်လေးမှ ရေကျသံတသွသွကို စည်းဝါးလိုက်ကြည့်သည်။ အချိန်ရလျှင် ရေတံခွန်ကို ပြင်လုပ်ပြီး ခရုလေးများ မြှုပ်ထည့်ဖို့ စိတ်ကူးသည်။ ရေတံခွန်သေးသေးမှာ ခရုကြီးကြီးတွေဖြစ်နေတာ သဘာဝကျပါ့မလားဟု ပြန်စဉ်းစားသည်။ ငါးကန်ထဲမှာ ရေတံခွန်ထည့်ထားတာလည်း သဘာဝမှ မကျတာပဲဟု ပြန်တွေးလိုက်ပြန်သည်။ စုလက်ကလေးများသည် ရေထဲမှာ ပျော့တွဲကျနေသည်။ စုသည် လက်ကလေးများ၏ အေးစက်မှုကို အရသာခံနေသည်။ ရွှေငါးလေးနှစ်ကောင်သည် စုလက်များလန့်ပြီး တွန့်တွန့်သွားသည်ကို စုက သဘောကျနေသည်။ ရေကန်တစ်ခုတည်းမှာ နှစ်ကောင်တူတူနေကြတော့

တစ်ကောင်မှာ ရောဂါတစ်ခုခုဝင်ရင် နောက်တစ်ကောင်လည်း ကူးမှာပေါ့ဟု စုကပြောလိုက်သည်။ ငါးတွေမှာ တစ်ကောင်ရဲ့ ကံကြမ္မာကို နောက်တစ်ကောင်က ဖန်တီးသွားတယ်ဆိုတာ ရှိသလားဟုမေးပြန်သည်။ ထို့နောက် အေးလေ တခါတလေ မသိလိုက်ဘဲဖြစ်သွားရင်တော့ ရွေးချယ်ပိုင်ခွင့်မှ မရှိတာပဲဟု ဆက်ပြောသည်။ အချိန်ရလျှင် ရွှေငါးလေးတွေကို စမ်းချောင်းလေးထဲ လွှတ်ပေးဖို့ စိတ်ကူးထားတာ သတိရသည်။

ကြယ်ပန်းလေး တစ်ပွင့်သည် စုပါးပေါ်ကြွေကျလာသည်။ စုသည် ကြယ်ပန်းလေးကို လိုက်ဖမ်းသည်။ ကြယ်ပန်းလေးများသည် နှင်းပွင့်လေးများဖြစ်သွားပြီး စမ်းရေထဲမှာ ပျော်ဝင်သွားကြသည်။ စုသည် စမ်းရေထဲမှာ စိမ်နေသည်။ နှင်းမြူများသည် တအိအိတတွဲတွဲနှင့် မှိုင်းအုံနေသည်။ နေရောင်ခြည်နွေးနွေးကို နှင်းတွေကကွယ်လိုက်တာပဲ ဟု စုကတွေးသည်။ အချိန်ရလျှင်တော့ နှင်းမှုံတွေကို အဖြူရောင်နောက်ခံနှင့်ရအောင် ဆွဲဦးမည်ဟု စိတ်ကူးသည်။ နှင်းမှုံတွေ အများကြီး အစိုင်အခဲကြီးကြီး ထုထည်ကြီးကြီး ဖြူလွှစွာ ပြီးတော့ သိပ်သည်းစွာ ပြီးတော့ လေးလံစွာ အိကျလာသည်။ စုသည် မြူနှင်းတို့၏ လေးလံမှုအောက်မှာ အသက်ကို ခပ်မျှင်းမျှင်းသာ ရှူနေသည်။ ထို့နောက် နောက်ဆုံးတစ်ခေါက် ခပ်ပြင်းပြင်းရှူထုတ်ပြီး ကြယ်ပန်းစမ်းရေထဲမှာ ငုပ်လျှိုးလိုက်သည်။ မွှေးကြိုင်အေးစိမ့်မှုက စုတစ်ကိုယ်လုံးကို ရစ်သိုင်းပွေ့ခြုံလိုက်သည်။ ဟေမာန်မြောက်လေ တချက်တချက် ဝှေ့ယမ်းတိုင်း ဧကရာဇ်ပန်းလေးများက စုကိုယ်ပေါ်သို့ ပြန့်ကြဲကြွေကျလာကြသည်။

ခိုင်စိုးလင်း

22-03-2012 (04:10 GMT +6.5)

http://khinesoelung.blogspot.co.uk/2012/03/blog-post_22.html

စိန့်မာတင်၊ ရှင်မဖြူ နဲ့ အင်္ဂလိပ်-မြန်မာ ပထမစစ်

စိန့်မာတင်ကျွန်း

ခု ဘင်္ဂလားဒေ့ရှ် ကိုပေးလိုက်ရတယ်လို့ ပြောနေကြတဲ့ စိန့်မာတင် ကျွန်းအကြောင်း နည်းနည်းပြောချင်ပါတယ်။

St. Martin's Island (စိန့်မာတင်ကျွန်း)က ဒေသခံ အခေါ် ဘင်္ဂလီလို "Nirical Gingira"၊ မြန်မာလို "အုန်းကျွန်း" လို့ အဓိပ္ပာယ် ရတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကို ခြားထားတဲ့ နယ်ခြားမြစ် နတ်မြစ်ဝ (Naf River)ပေါ်မှာရှိပြီး မြန်မာနိုင်ငံ အနောက်မြောက်ကမ်းရိုးတန်းမှ အနောက်ဘက် (၈) ကီလိုမီတာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာ-တက်ခ်နတ် ကျွန်းဆွယ်မှ (Cox's Bazar-Teknaf Peninsular) တောင်ဘက် (၉) ကီလိုမီတာ အကွာအဝေးမှာ ရှိတယ်။
အရင် ဗြိတိသျှ-အန္ဒိယ၊ အန္ဒိယ၊ အရှေ့ပါကစ္စတန်၊ ခု ဘင်္ဂလားဒေ့ရှ် အဆက်ဆက် မြန်မာမပိုင်ခဲ့ပါ။ ဗြိတိသျှ-အန္ဒိယ ခေတ်မတိုင်မီ၊ မြန်မာက ရခိုင်ကို မသိမ်းခင် ရခိုင်ဘုရင်တွေ ပိုင်ခဲ့တဲ့ အချိန်တွေ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ အဓိကထား ဆိုလိုချင်တာက ခုလတ်တလော ကုလခုံရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် စိန့်မာတင်ကျွန်းကို ဘင်္ဂလားဒေ့ရှ် ကို ပေးလိုက်ရတာ မဟုတ်ဘူးဆိုတာကို ပါ။
မိတ်ဆွေများ ပြောနေတဲ့ စိန့်မာတင်ကျွန်း နဲ့ ရှင်မဖြူကျွန်း အတူတူပဲ ဆိုတာ (ကျနော့်တစ်ဦးတည်း သဘောထားအမြင်အရ) လက်မခံပါ။

ရှင်မဖြူကျွန်း

ရှင်မဖြူကျွန်းက အင်္ဂလိပ်လို Shapuree (ရှပူရီ) လို့ခေါ်တယ်။ နတ်မြစ်ဝ ပေါ်မှာပဲရှိတယ်။ (ကျနော့်တစ်ဦးတည်း အယူအဆအရ) စိန့်မာတင်ကျွန်းထက် သေးရမယ်၊ မြန်မာပြည်နဲ့ ပိုနီးပြီး ခုအချိန်မှာ မြန်မာပိုင်တယ်။

ဒါက ကျနော့်ကိုယ်ပိုင် ဗဟုသုတအပေါ် အခြေခံတဲ့ တစ်ဦးတည်း အမြင်နဲ့ ကောက်ချက်ဆွဲတာပါ။

ကောင်းပြီ..။ အဲ့ကောက်ချက်မှားရင်ကော..။ ကောက်ချက်မှားလို့ ရှင်မဖြူကျွန်းနဲ့ စိန့်မာတင်ကျွန်း အတူတူပဲဆိုလည်း ပြောစရာ ရှိပါတယ်။

ဘာလို့လဲဆိုတော့ ရှင်မဖြူကျွန်းက (ဗြိတိသျှ-အန္ဒိယ/ ဗြိတိသျှ-ဘားမားခေတ်မတိုင်မီ ခေတ်တွေမပါ) မြန်မာပိုင်ခဲ့တယ်လို့ ယူဆလို့မရပါ။ ဒီအကြောင်းရှင်းရာမှာ အင်္ဂလိပ်-မြန်မာ (အင်ဂလို-ဘားမား ) ပထမစစ် ဖြစ်ရတဲ့ နောက်ခံကို ရှင်းရပါ့မယ်။

အင်္ဂလိပ်-မြန်မာ ပထမစစ် (၁၈၂၄-၁၈၂၆)

(စစ်အစိုးရ အဆက်ဆက်) ကျောင်းသင်ရိုးညွှန်တမ်းတွေမှာ ရှင်မဖြူကျွန်းနဲ့ ပတ်သက်ပြီး အငြင်းပွားရာမှ စစ်စတင်ဖြစ်တယ်လို့ ဆိုလေ့ရှိပေမဲ့ အဲ့အကြောင်းက စစ်ကိုဖြစ်စေတဲ့ မီးစတစ်စ လို့ပဲ ပြောနိုင်ပြီး နောက်ကွယ်မှာ စစ်ဖြစ်စေတဲ့ အကြောင်းအချက်တွေ အများကြီးရှိတယ်။

အင်္ဂလိပ်က အန္ဒိယကို (၁၇)ရာစုကတည်းက အရှေ့အန္ဒိယကုမ္မဏီ အနေနဲ့ ဝင်တယ်။ (၁၈)ရာစု အလယ်လောက်ရောက်တော့ အန္ဒိယတစ်တိုက်လုံးနီးပါး ကုမ္မဏီက တဆင့် အုပ်ချုပ်နေပြီလို့ ဆိုလို့ရတယ်။ တကယ် ဗြိတိသျှ-အန္ဒိယ နာမည်နဲ့ အုပ်ချုပ်တာကတော့ (၁၉)ရာစုအလယ်လောက်မှာ ဖြစ်တယ်။

အဲ့သလိုနောက်ခံအခြေအနေမှာ ကုန်းဘောင်မင်းဆက်ရဲ့ သတ္တမမြောက် မင်းဆက် ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက် (၁၈၁၉-၁၈၃၇) ၁၈၂၂ မှာ မြန်မာက အာသံနဲ့ မဏိပူရ (Assam & Manipur) ကို သိမ်းလိုက်တယ်။ သိမ်းရတဲ့အကြောင်းကတော့ ဘကြီးတော်ရဲ့ ဘိသိက်မင်္ဂလာပွဲကို မဏိပူစော်ဘွား မတက်တာကို အကြောင်းပြုပြီး မထီမဲ့မြင်ပြုတယ်လို့ယူဆကာ နောင်မှာ နောင်ကျင်သွားစေဖို့အတွက် ရည်ရွယ်တယ်။ အဲ့သလို သိမ်းလိုက်တဲ့ အတွက် (အင်အားကြီးတဲ့) အင်္ဂလိပ်အုပ်ချုပ်နေတဲ့ ဗြိတိသျှ-အန္ဒိယနဲ့ နယ်နိမိတ် ထိစပ်မှုက ပိုများလာတယ်။ အင်္ဂလိပ်ကလည်း သူတို့ရဲ့ အကျိုးစီးပွားဖြစ်နေတဲ့ ဗြိတိသျှ-အန္ဒိယ နယ်ပယ်တွေကိုပါ ခြိမ်းခြောက်လာနိုင်တယ်လို့ ယူဆပြီး မြန်မာတပ်တွေကို ပြန်လည် တော်လှန်နေတဲ့ အာသံနဲ့ မဏိပူရ၊ ရခိုင် (ရခိုင် (Arakan) က ၁၇၈၄ ကတည်းက ကုန်းဘောင်မင်းဆက်အောက် ရောက်ပြီးဖြစ်) တော်လှန်ရေးတပ်သား (မြန်မာတွေ အခေါ် သူပုန်) တွေကို လက်နက်၊ ရိက္ခာ ထောက်ပံပေးတယ်။

မဏိပူကို မြန်မာဝင်လာတော့ နယ်ချင်းဆက်နေတဲ့ ကချာစော်ဘွားကပါ သူ့နယ်ကိုဆက်သိမ်းမှာ ကြောက်ပြီး အင်္ဂလိပ်အုပ်ချုပ်နေတဲ့ ဗြိတိသျှ-အန္ဒိယဘက်ကို ဝင်ပြီးခိုလှုံတယ်။ အင်္ဂလိပ်ကလည်း ကချာနယ် (Cachar) အပြင် အခြားနယ်ချင်းဆက်နေတဲ့ ဂျိန်းတိယ (Jaintia) နယ်တွေကို သူ့ရဲ့ ကိုလိုနီအဖြစ်ကြေညာပြီး ဗြိတိသျှ-အန္ဒိယထဲကို ထည့်တယ်။ အဲ့နယ်တွေ ကာကွယ်ဖို့အတွက်ဆိုပြီး စစ်တပ်လွှတ်တယ်။

အင်းဝနေပြည်တော် (ဘကြီးတော်က အမရပူရ ကနေ အင်းဝကို ၁၈၂၃ မှာ ပြန်ပြောင်းပြီး နန်းစိုက်ပြီ) ဘက်က အဓိကကျတဲ့ (သြဇာရှိတဲ့) ပုဂ္ဂိုလ်များ ဖြစ်တဲ့ ဘကြီးတော်၊ မဟာဗန္ဒုလ၊ နန်းမတော်မယ်နု နဲ့ သူ့မောင် စလင်းမြို့စား မောင်အို စသူတို့ရဲ့ (အထူးသဖြင့် စစ်သူကြီး ဖြစ်တဲ့ မဟာဗန္ဒုလ) မျှော်မှန်းယူဆချက်ကလည်း အင်းဝအာဏာစက်ကို အာသံနဲ့ မဏိပူရတင်မက အင်္ဂလိပ်အုပ်ချုပ်နေတဲ့ အရှေ့ဘင်ဂေါ ထိပါသက်ရောက်စေနိုင်တဲ့ အင်အားမိမိတို့မှာ ရှိတယ်လို့ ယူဆတယ်။

နယ်စပ်မှ ပြဿနာများ

အထက်ကတင်ပြသလို ရခိုင်၊ အာသံနဲ့ မဏိပူရ တို့က မြန်မာအုပ်ချုပ်မှုအောက်ရောက်နေတော့ အင်္ဂလိပ်အုပ်ချုပ်နေတဲ့ ဗြိတိသျှ-အန္ဒိယ နဲ့ နယ်စပ်ထိစပ်နေပြီ ဖြစ်တဲ့အတွက် မဖြစ်မနေ ရင်ဆိုင်လာရတာက နယ်မြေချင်းထိစပ်တဲ့ နေရာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နယ်ခြားမျဉ်းကိစ္စ၊ ဟိုဘက်ဒီဘက် ကျူးကျော်ဝင်ရောက်မှု စတဲ့ ပြဿနာတွေဖြစ်တယ်။ အဲ့သလို ဖြစ်စဉ်တစ်ခုမှာ အရှေ့အန္ဒိယကုမ္မဏီက ဆင်ဖမ်းသမားတွေ မြန်မာ့ပိုင်နက်ထဲ ဝင်လာလို့ မြန်မာဘက်က ဖမ်းထားလိုက်တယ်။ အဲ့ဒါကို အကြောင်းပြုပြီး နှစ်ဘက်တင်းမာ နေတဲ့ အချိန် ၁၈၂၃ စက်တင်ဘာ မှာ မြန်မာက အင်္ဂလိပ်စစ်တပ်ငယ်တစ်ခုတပ်စွဲထားတဲ့ ရှင်မဖြူကျွန်းကို တက်သိမ်းတယ်။ အဲ့သလိုတက်သိမ်းတော့ အင်္ဂလိပ်က ရှင်မဖြူကျွန်းကနေ မြန်မာတပ်တွေ ဆုတ်ခွာပေးဖို့တောင်းဆိုတယ်။ ပြီးတော့ နောင်နယ်စပ်ပဋိပက္ခ မဖြစ်အောင် နယ်စပ်မျဉ်း အတိအကျ ဆွဲဖို့ဆိုပြီး ကိုယ်စားလှယ်နှစ်ယောက်လွှတ်လိုက်တယ်။ လွှတ်လိုက်တဲ့ ကိုယ်စားလှယ် နှစ်ယောက်ကိုပါ မြန်မာဘက်က ဖမ်းထားလိုက်တယ်။ အဲသလိုနဲ့ နှစ်ဘက် နယ်စပ်ပဋိပက္ခတွေ က ပိုကြီးထွားလာတယ်။

၁၈၂၄ နှစ်ဆန်းမှာပဲ အင်းဝနေပြည်တော်က စစ်သူကြီး သတိုးသီရိ မဟာဥဇန (နာမည်အမှတ်မှားနိုင်တယ်) ကို အင်္ဂလိပ်အုပ်ချုပ်နေပြီဖြစ်တဲ့ ကချာနယ်၊ ဂျိန်းတိယနယ်ထဲ အထိလိုက်ပြီး ရခိုင်၊ အာသံနဲ့ မဏိပူ တော်လှန်ရေးတပ် (သူပုန်တပ်) တွေကို နှိမ်နင်းဖို့ လွှတ်လိုက်တယ်။ အင်္ဂလိပ်ကလည်း သူတို့ရဲ့ တပ်တွေကို မြန်မာတပ်နဲ့ ရင်ဆိုင်ဖို့ လွှတ်တော့ ကချာနယ်မှာ ရင်ဆိုင်တိုက်ပွဲတွေစဖြစ်တယ်။ အဲ့သလိုနဲ့ နယ်စပ် ပြဿနာကို အကြောင်းပြုပြီး အင်္ဂလိပ်-မြန်မာ ပထမစစ်ကို ၁၈၂၄ မတ်လ၊ ၅ ရက်နေ့မှာ တရားဝင် စဖြစ်တယ်။

အင်္ဂလိပ်ဘက်က စစ်တိုက်ချင်တဲ့ အကြောင်းများ

(ဒီနေရာမှာ သတိပြုစေချင်တာက မြန်မာဘုရင်က အထက်မှာ တင်ပြသလို အင်္ဂလိပ်အုပ်ချုပ်တဲ့ ဒေသတွေနဲ့ နယ်စပ်ချင်းထိတဲ့ အထိ နယ်မချဲ့ဘဲနေလည်း အင်အားကြီးမားနေပြီဖြစ်တဲ့ အင်္ဂလိပ်က (အဲ့အချိန်မှာ အင်္ဂလိပ်က ကမ္ဘာမှာ နပိုလီယံရဲ့ ပြင်သစ်အင်ပါယာကိုလည်း နိုင်ပြီးဖြစ်) တဖြည်းဖြည်းနဲ့ နယ်စပ်က နိုင်ငံငယ် လေးတွေကို သိမ်းပြီး တစ်ချိန်ချိန်မှာ မြန်မာပြည်ကိုလည်း သိမ်းမှာဖြစ်တယ်။)

အင်္ဂလိပ်ဘက် က စစ်တိုက်ချင်တဲ့ အဓိက အကြောင်းတွေကတော့

၁) ကုန်ကြမ်းရှာလို့ရတဲ့၊ ကုန်ချောပြန်ရောင်းလို့ရတဲ့ ဈေးကွက် လိုချင်မှု၊
၂) ပထဝီနိုင်ငံရေး၊
၃) မိမိရဲ့ အကျိုးစီးပွား နဲ့ အကျိုးစီးပွားဖြစ်နေတဲ့ နယ်ပယ်ကို ကာကွယ်လိုမှု၊
၎) အင်ဂလို-ဖရန်းစစ် အားပြိုင်မှု၊
(အဲ့အချိန်မှာ ပြင်သစ်ကလည်း မြန်မာမင်းတွေနဲ့ အဆက်အဆံရှိနေပြီ ဖြစ်တယ်။ အထူသဖြင့် ပြင်သစ်သင်္ဘောတွေ မြန်မာ့ပင်လယ်ဆိပ်ကမ်းတွေမှာ အသုံးချခွင့်ရသွားမှာ စိုးရိမ်တယ်။)
၅) လတ်တလောဖြစ်နေတဲ့ နယ်စပ် ပဋိပက္ခများ

မြန်မာဘုရင်ဘက်မှ စစ်တိုက်ဖြစ်စေတဲ့ အကြောင်းများ

၁) အင်းဝနေပြည်တော် အင်ပါယာကို အနောက်ဘက်မှာ ဆက်လက်ချဲ့ထွင်လိုမှု၊
၂) နိုင်ငံငယ်လေးတွေကို အစဉ်အဆက် နိုင်နေကျ ဖြစ်တဲ့အတွက် အခြားမည့်သည့် နိုင်ငံနှင့်မဆို မိမိအလိုကျ ဆက်ဆံနိုင်ဟု ယူဆမှု၊
၃) ဘကြီးတော် လက်ထက် အာဏာထက်နေတဲ့ ပုဂ္ဂိုလ်များရဲ့ မိမိအင်အားကို အထင်ကြီးမှု၊
၎) နိုင်ငံတကာမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို မသိတော့ အင်္ဂလိပ်ရဲ့ အင်အားကို မှန်မှန်ကန်ကန် မသုံးသပ်တတ်မှု၊
၅) ပထီဝီနိုင်ငံရေးကို မသိမှု၊
၆) လတ်တလောဖြစ်နေတဲ့ နယ်စပ် ပဋိပက္ခများ၊

စစ်ပွဲစတင်ဖြစ်စ နှစ်ဘက် အနိုင်၊ အရှုံး အခြေအနေ

ရခိုင်၊ အာသံနဲ့ မဏိပူနယ်စပ်တွေမှာ စစ်စတင်ဖြစ်တော့ မြန်မာက အဲ့ဒေသတွေမှာ စစ်တိုက်နေတာ ဆယ်စုနှစ်တွေနဲ့ ချီကြာနေပြီဆိုတော့ (လက်နက် မယှဉ်နိုင်ပေမဲ့) ရေမြေကျွမ်းကျင်မှုကြောင့် တပန်းသာတယ်။ မဟာဗန္ဒုလက အင်္ဂလိပ်ကို တိုက်ရာမှာ စစ်မျက်နှာနှစ်ခု ဖွင့်ပြီးတော့ တိုက်ဖို့ ဆုံးဖြတ်တယ်။ ရခိုင်မှ တဆင့် ဘင်္ဂလားရဲ့ အရှေ့တောင်ပိုင်းဖြစ်တဲ့ စစ်တကောင်းကို သိမ်းမဲ့ ထိုးစစ် ရယ်၊ ကချာ၊ ဂျိန်းတိယနယ်တွေမှ တဆင့် ဘင်္ဂလားရဲ့ မြောက်ပိုင်းဖြစ်တဲ့ Sylhet ကို သိမ်းမဲ့ ထိုးစစ်ရယ် ဖြစ်တယ်။ မဟာဗန္ဒုလက ရခိုင်စစ်မျက်နှာကို သူကိုယ်တိုင် ဦးစီးပြီးတော့ ကချာ၊ ဂျိန်းတိယ စစ်မျက်နှာကိုတော့ သတိုးသီရိ မဟာဥဇန (နာမည်အမှတ်မှားနိုင်တယ်) ကိုဦးစီးစေတယ်။ သတိုးသီရိ မဟာဥဇနရဲ့ တပ်က စစ်တရားဝင် မဖြစ်ခင်ကတည်းက ကချာ၊ ဂျိန်းတိယနယ်မှာ အင်္ဂလိပ်တပ်ကို နိုင်ပြီး ဖြစ်တယ်။ အဲ့တော့ သူ့ကို Sylhet ထိ ဆက်သိမ်းစေတယ်။

မဟာဗန္ဒုလဦးစီးတဲ့ ရခိုင်စစ်မျက်နှာမှာ မြဝတီမင်းကြီး ဦးစက စစ်တရားဝင်စဖြစ်ပြီး လပိုင်းအတွင်းမှာပဲ သူ့တပ်ကို ကော့ဘဇား (Cox's Bazzar) အရှေ့ဘက် (၁၀) မိုင်အကွာအထိ သိမ်းနိုင်တယ်။ နောက်ပိုင်း မဟာဗန္ဒုလ တပ်ကိုစောင့်ပြီး တပ်နှစ်တပ်ပေါင်းကာ ကော့ဘဇားကို ဆက်သိမ်းတယ်။ စစ်တကောင်း (Chittagong) နဲ့ ကုမ္မဏီ ဌာနချုပ် ရှိတဲ့ ကာလကတ္တား (Calcutta) မှာ အင်္ဂလိပ်တွေက ကော့ဘဇားကျ သွားတဲ့ သတင်းကြောင့် တော်တော် ထိန်လန့်တုန်လှုပ်ကုန်ကြတယ်။ တကယ်လည်း အဲ့အချိန်မှာ ဗန္ဒုလ တပ်က ဆက်ချီတက်မယ်ဆိုရင် စစ်တကောင်းတင်မက ကာလကတ္တားကိုပါ သိမ်းနိုင်တဲ့ စစ်ရေးအသာရမှုမျိုး မြန်မာဘက်မှာ ရှိတယ်။ ဒါပေမဲ့ ဗန္ဒုလက ရန်သူ့နယ်ထဲ တအားဝင်သွားမှာကို မလိုလားတော့ မြဝတီမင်းကြီး တပ်ကို စစ်တကောင်းထိ ဆက်မချီတော့ဖို့ အမိန့်ပေးလိုက်တယ်။

စစ်ပွဲ အလယ်နှင့် အဆုံးသတ်

ဗန္ဒုလရဲ့ စစ်တကောင်းထိ တက်မသိမ်းဖို့ ဆုံးဖြတ်ချက်ဟာ တစ်ဘက်က အင်္ဂလိပ်တပ် ပြည်မကို ဝင်တော့ ကိုယ့်တပ်ကို အမြန်ပြန်ဆုတ်နိုင်ခဲ့တဲ့ အကျိုးရလဒ်ရခဲ့ပေမဲ့ အခြားတစ်ဘက်အနေနဲ့ နောက်ဆုံး စစ်ရှုံးလို့ အင်္ဂလိပ်နဲ့ စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဖို့ ဆွေးနွေးတော့ အရင်က စစ်တကောင်းကိုပါ သိမ်းပြီး ကာလကတ္တားကိုပါ ထိထိရောက်ရောက် တကယ် ခြိမ်းခြောက်နိုင်ခဲ့ရင် စာချုပ်အရ (စစ်ရှုံးလို့) အင်္ဂလိပ်ကို ပေးရမဲ့ ဒေသ စကားပြောရာမှာ မြန်မာဘက်က အသာစီးရနိုင်မယ်လို့လည်း တချို့ သမိုင်းပညာရှင်တွေက သုံးသပ်ခဲ့ကြတယ်။

စစ်ပွဲအစ ရခိုင် စစ်မျက်နှာမှာ အင်္ဂလိပ်က မြန်မာကို (လက်နက်သာပေမဲ့လည်း) ဒေသမကျွမ်းကျင်မှု၊ ရာသီဥတု အခက်အခဲ စတဲ့ သဘာဝအတားအဆီးတွေကြောင့် ဘယ်လိုမှ မယှဉ်နိုင်ခဲ့တော့ အင်္ဂလိပ်က ဗျူဟာပြောင်းပြီး ရေလမ်းမှတဆင့် မြန်မာ ပြည်မကို ဝင်ခဲ့တယ်။ မြန်မာမှာ ခေတ်မှီတဲ့ စစ်ရေးအမြင်မရှိတော့ အင်္ဂလိပ်တွေ ရေလမ်းကနေ ဝင်လာနိုင်တယ်ဆိုတာကို ကြိုမတွက်မိခဲ့ဘူး။ နောက်ဆုံး အင်္ဂလိပ်ရေတပ်က စစ်သင်္ဘောတွေ ရန်ကုန်ဆိပ်ကမ်းကိုဝင်လာတော့မှ အံ့သြောတကြီးနဲ့ ပြန်ခုခံခဲ့ရတယ်။ ဘကြီးတော်က ဗန္ဒုလကို ရခိုင်စစ်မျက်နှာက ပြန်ခေါ်ပြီး ရန်ကုန်ကို ခုခံစေတယ်။ ရခိုင်မှာ ဦးစ ကျန်ခဲ့ပြီး ရခိုင်စစ်မျက်နှာကို ထိန်းထားတယ်။

ရန်ကုန်တိုက်ပွဲ ၁၈၂၄ မေမှာ စဖြစ်ပြီး နှစ်ကုန်မှာ မြန်မာ ရှုံးလို့ ရန်ကုန်ကနေ ဆုတ်ပေးလိုက်ရတယ်။ ၁၈၂၅ နှစ်ဆန်းမှာပဲ နာမည်ကျော် ဓနုဖြူ တိုက်ပွဲဖြစ်တယ်။ မြန်မာဘက်က ဦးစီးတိုက်တဲ့ ဗန္ဒုလကျတယ်။ ဗန္ဒုလက သတ္တိပြောင်မြောက်တဲ့ စစ်ဗိုလ်ချုပ်ဖြစ်တော့ စစ်ပွဲရဲ့ အရှိန်အမြင့်ဆုံးဖြစ်နေတဲ့ အချိန်မှာ သူ့ရဲဘော်တွေ အားမငယ်အောင် သူကိုယ်တိုင် စစ်မြေပြင်တလျောက် လမ်းလျှေက်ပြီး အားပေးတယ်။ ဒါပေမဲ့ ထုံးတမ်းစဉ်လာ အဆောင်အယောင်ဖြစ်တဲ့ သွားလေရာ ရွှေထီးမိုးတာကို စစ်မြေပြင်မှာပါ ဆက်ကျင့်သုံးတော့ အင်္ဂလိပ်ဘက်က အလွက်တကူပဲ ဗန္ဒုလရှိတဲ့နေရာကို ခန့်မှန်းနိုင်ပြီး စက်အမြှောက်နဲ့ ပစ်တော့ ကျခဲ့ရရှာတယ်။

အင်္ဂလိပ်က ရန်ကုန်ကိုရပြီးတဲ့နောက် ရခိုင်စစ်မျက်နှာကို ပြန်ဖွင့်တယ်။ ဓနုဖြူမှာ ဗန္ဒုလကျတဲ့ ရက်တစ်ရက်တည်းမှာပဲ ရခိုင်မြို့တော် မြောက်ဦးကနေ မြဝတီမင်းကြီး ဦးစ ဦးစီးတဲ့ မြန်မာတပ် ဆုတ်ပေးလိုက်ရတယ်။ ပြည်မမှာ ဓနုဖြူတိုက်ပွဲပြီးတဲ့နောက် မြန်မာဘက်က ပြည်မှာ အပြင်းအထန် (၁၈၂၅ နှစ်ကုန်ပိုင်း) ခုခံခဲ့တယ်။ ပြည်က ဆုတ်ပေးလိုက်ရပြီးတဲ့နောက်တော့ ၁၈၂၆ နှစ်စမှာ ဘကြီးတော်က အင်္ဂလိပ်တပ် နေပြည်တော် အနီးကို ရောက်လာပြီ ဖြစ်တဲ့ အတွက် စစ်ပြေငြိမ်းဖို့ သဘောတူလိုက်ရတယ်။ ၁၈၂၆ ဖေဖော်ဝါရီ ၂၄ အင်းဝနေပြည်တော်နဲ့ (၄၅)မိုင်အကွာ ရန္တပိုမှာ ရခိုင်၊ တနင်္သာရီ၊ အာသံနှင့် မဏိပူရ အင်္ဂလိပ်ကို ပေးမယ်၊ ကချာနဲ့ဂျိန်းတိယကိုလည်း နောင်မှာ မနှောင့်ယှက်တော့ဘူး၊ စစ်လျော်ကြေးငွေ စတာလင်ပေါင် တစ်သန်းလည်းပေးမယ်၊ သံအဖွဲ့အပြန်အလှန်ထားရှိမယ်၊ အင်္ဂလိပ်နဲ့ စီးပွားရေးစာချုပ်တွေလည်း ချုပ်မယ် စတဲ့ သဘောတူညီချက်တွေပါရှိတဲ့ ရန္တပိုစာချုပ်နဲ့ အင်္ဂလိပ် မြန်မာ ပထမစစ် အဆုံသတ်ခဲ့တယ်။

နိဂုံး

အင်္ဂလိပ် မြန်မာ ပထမစစ် သမိုင်းနောက်ခံကို အတိုချုပ်တင်ပြပြီးသွားတော့ ကျနော် အဓိက ပြောချင်တဲ့ စိန့်မာတင်ကျွန်းကို မြန်မာနိုင်ငံက ခုမှ ပေးရတာ မဟုတ်ဘူးဆိုတဲ့ အကြောင်းကို နိဂုံးချုပ်အနေနဲ့ ဆက်လက် ဆွေးနွေးပါမယ်။

ကျနော် ပထမဦးဆုံး တင်ပြတဲ့ စိန့်မာတင် နဲ့ ရှင်မဖြူက သပ်သပ်တစ်ကျွန်းစီဆိုတဲ့ အယူအဆ အရဆို စိန့်မာတင်ဟာ အစကတည်းက မြန်မာ မပိုင်ခဲ့ဘူး၊ တလျောက်လုံးလည်း မြန်မာ ပိုင်မလာခဲ့ဘူး၊ ခုလည်း မပိုင်ဘူးဆိုတာ ထင်ရှားစေတယ်။ ရခိုင်ဘုရင်လက်ထက်က ပိုင်ခဲ့တာဆိုတာကို ကျနော်အနေနဲ့ မငြင်းပါ။ ပဒေသရာဇ်ခေတ်တစ်လျောက်လုံး နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အင်အားကြီးတဲ့ အချိန်တွေ မှာ အပြန်အလှန် သိမ်းပိုက်ခဲ့ဖူး၊ သြာဇာခံခိုင်းခဲ့ဖူးကြတာ အစဉ်အလာပါ။

မိတ်ဆွေတွေ ခုပြောနေတဲ့ စိန့်မာတင် နဲ့ ရှင်မဖြူ အတူတူပဲ ဆိုတာ မှန်တယ်ဆိုရင်လည်း အဲ့ဒီ ရှင်မဖြူဟာ အစက မြန်မာပိုင်ခဲ့တာ မဟုတ်ဘူး၊ ကုန်းဘောင်မင်းဆက် အင်ပါယာ ချဲ့ထွင်ရင်းနဲ့ သိမ်းခဲ့တဲ့ နေရာများမှ တစ်ခုသောနေရာသာ ဖြစ်တယ်။ အဲ့သလို ပဒေသရာဇ်လက်နက်နိုင်ငံတော် ဘဝက သိမ်းပိုက်ခဲ့တဲ့ နေရာတွေတိုင်းသာ ခုမပိုင်တော့လို့ အငြင်းပွားကန့်ကွက်နေရမယ်ဆိုရင် ကော့ဘဇာ၊ အာသံ၊ မဏိပူ၊ ဇင်းမယ်၊ အယုဒယ စတဲ့ အဆက်ဆက် နယ်ချဲ့သိမ်းပိုက်ခဲ့ဖူးတဲ့ နေရာတွေအားလုံးအတွက်ပါ ကန့်ကွက်ရမလို၊ မပိုင်တော့လို ဒေါသဖြစ်ရတော့မလို ဖြစ်နေတယ်။ တရုတ်က ပုဂံကို သူတို့လက်လွှတ်လိုက်ရပါတယ် ပြောရင် အဓိပ္ပာယ်မဲ့သလို ခု စိန့်မာတင်ကျွန်းကို ဘင်္ဂလားကို ပေးလိုက်ရလေခြင်းလို့ ကြိတ်မနိုင်၊ ခဲမရဖြစ်နေရတာ အဓိပ္ပာယ်ရှိရဲ့လား ဆိုတာ ဝေဖန်၊ သုံးသပ်၊ စဉ်းစား စေချင်တယ်။

တိုင်းပြည်ကို မှန်မှန်ကန်ကန် ချစ်တတ်ကြပါစေ။

ငြိမ်းချပ်းအေး
၁၇၊ မတ်၊ ၂၀၁၂

မှတ်ချက်။ ။ ကျနော်ရဲ့ ပထမဆောင်းပါး "မြန်မာ၊ ဘင်္ဂလားဒေ့ရှ့်  အကြား အငြင်းပွားခဲ့တဲ့ ပင်လယ်ပြင်နယ်နိမိတ် ပိုင်ဆိုင်မှု တရားရုံး ဆုံးဖြတ်ချက်အပေါ် ရှင်းလင်းချက်" အပေါ် ပေးတဲ့မှတ်ချက်များကို ပြန်လည်ရှင်းလင်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ (ခရီးတို တစ်ခုထွက်ရင်းနဲ့ တမ်းလန်း) လက်တမ်း အမြန်ရေးလိုက်ရလို့ အကိုးအကား စာအုပ်နာမည်တွေ ရေးမပေးနိုင်ပါ။ Online Link တွေ ရှာပေးရလောက်အောင်လည်း အင်တာနက်သုံးဖို့ အချိန်မရတဲ့ အတွက် အညွှန်းမပေးနိုင်တော့ပါ။ စိန့်မာတင်ကျွန်း အချက်အလက်ကို ဘင်္ဂလား စွယ်စုံကျမ်းမှ ယူတယ်။ ရှင်မဖြူကျွန်းနဲ့ ပတ်သက်လို့တော့ wikipedia က ယူတယ်။

အဓိကတော့ ဖတ်ခဲ့ဖူးတဲ့ အင်္ဂလိပ် မြန်မာ ပထမစစ် သမိုင်း စာအုပ်တွေ ကို အခြေခံပါတယ်။ မှားတဲ့ အချက်အလက် (အထူးသဖြင့် ခုနှစ်၊ ရက်စွဲ) တွေ့လို့ ပြင်ပေးရင် ကျေးဇူးကြီးပါတယ်။ ဆက်လက်လေ့လာချင်လို့ သမိုင်းစာအုပ်တွေ ဖတ်ချင်တယ်ဆိုရင်တော့ ကိုယ့်လူမျိုးရေး၊ နိုင်ငံခြားသားရေး နှစ်ခုစလုံးကို ဖတ်ဖို့ အကြံပေးချင်ပါတယ်။ "There's always two sides to every story." ဆိုတာကို မမေ့စေချင်ပါ။

ဝေဖန်၊ အကြံပြု၊ အမှားပြင် အားလုံးကို ကြိုဆိုပါတယ်။

ရေပိုင်နက်အငြင်းပွားမှုမှာ ဘာကြောင့် ဘင်္ဂလားဒက်အနိုင်ရသလဲ

ဦးစိန်ကျော်လှိုင်

စစ်အုပ်ချုပ်ရေးကြောင့် ရှုံးတာလား

မြန်မာနဲ့ဘင်္ဂလားဒက် ၂နိုင်ငံကြားဖြစ်ပွားနေတဲ့ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုမှာ မြန်မာရှုံးသွားပြီဖြစ်ပါတယ်။ တကယ်တော့ မရှုံးသင့်ပဲ ရှုံးရတဲ့အမှုဖြစ်တယ်။

ဒီအမှုဖြစ်ချိန်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့စစ်အစိုးရလက်ထက်ဖြစ်တယ်။ နိုင်ငံတကာ က ရှေ့နေတွေငှားဖို့ ငွေအလုံအလောက်ရှိရက်သားနဲ့ ကိုယ်အိတ်ထဲ ခိုးဖို့သာ အာရုံထားပီး မြန်မာရှေ့နေ ချာတူးလန်အဖွဲ့နဲ့ ပေါချောင်ကောင်း အမှုရင်ဆိုင်ရာမှာ ခုလို မရှူမလှ ရှုံးသွားတာဖြစ်တယ်။

ဒီအမှုဖြစ်ကထဲက ဘင်္ဂလားဒက်အစိုးရငှားထားတဲ့ ရှေ့နေအဖွဲံကြီးက ရှေ့နေ ၂ဝဝ ကျော်ရှိတဲ့ အမေရိကန်နိုင်ငံက နာမယ်ကြီး ရှေ့နေကုမ္ပဏီဖြစ်တဲ့ Foley Hoag ဖြစ်ပါတယ် ဒီအမေရိကန် ရှေ့နေကုမ္ပဏီကြီးက နိုင်ငံတကာ အစိုးရတွေကြား ဖြစ်ပွားတဲ့ ပင်လယ်ပြင်နယ်နိမိတ်အငြင်းပွားတဲ့ အမှုပေါင်းများစွာကို အကျိုးဆောင်ပေးခဲ့တဲ့ ရှေ့နေကြီးတွေ ဖြစ်ပါတယ်။ ဒါတင်မက Foley Hoag ရှေ့နေကုမ္ပဏီကြီးရဲ့ အကျိုးတူစီးပွားဘက် ရှေ့နေတွေ ကနေဒါနဲ့ အင်္ဂလန်က ဥပဒေရေးရာ ပါမောက္ခတွေကပါ ဘင်္ဂလားဒက်အစိုးရဘက်က အကျိုးဆောင်ကြမှာဖြစ်တယ်လို့ Foley Hoag ရှေ့နေကုမ္ပဏီကြီးက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာဘက်ကကိုယ်စားလှယ်အဖြစ် ဒေါက်တာထွန်းရှင် ဗိုလ်မှူးကြီးမင်းသိမ်းတင့်၊ ဒေါ်လှမျိုးနွယ် ဦးကျော်ဆန်း ဒေါ်ခင်ဦးလှိုင် တို့သာဖြစ်တယ်။ ၂ဘက်ရှေ့နေခြင်း ယှဉ်ကြည့်ရင် အဖြေက သိသာနေတယ်။

တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးနဲ့အုပ်ချုပ်ခဲ့တဲ့ ဆိုကျိုးထဲက အကောင်းဆုံးသင်္ခဏ်းစာဖြစ်တယ်။ စစ်အုပ်ချုပ်ရေးကြောင့် စစ်တပ်က အုပ်ချုပ်ရေးမှာ ၀င်စွက်တာကြောင့် ခုလို ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရတာဖြစ်တယ်။

ခုလဲဘဲ သိန်းစိန်အစိုးရက သန်းရွှေအစိုးရလို ငါတကောကောပီး ညစ်ပတ်တဲ့နည်းတွေနဲ့ ရွေးကောက်ပွဲအနိုင်ရအောင်လုပ် ဆက်အုပ်ချုပ်ရင် နောက်ထပ်ဆုံးရှုးမှုတွေ ရင်ဆိုင်ရမယ်ဆိုတာ ဒီအမှုက မီးမောင်းထိုးပြနေတယ်။ စစ်သွေးကြွနေတဲ့ မြန်မာစစ်တပ်ကို နေရာတိုင်း လက်နက်ကိုင်ဖြေရှင်းလို့မရဘူးဆိုတာ ဒီအမှုက သက်သေပြနေတယ်။

=================================================================

အမှုနောက်ခံ

မြန်မာနဲ့ဘင်္ဂလားဒက် ၂နိုင်ငံကြားဖြစ်ပွားနေတဲ့ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုဟာ ခုတော့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကို ရောက်သွားပီ ဖြစ်ပါတယ် ဒီအမှုရဲ့ နောက်ဆုံးအခြေအနေတွေကို ဦးစိန်ကျော်လှိုင်က ခုလို သုံးသပ်ထားပါတယ်။

အမှုရဲ့အကျဉ်းချုပ်ကို သောတရှင်များ သတိရအောင် ပြန်ပြောရမယ်ဆိုရင် အငြင်းပွားတဲ့နေရာဟာ ဘင်္ဂလားပင်လယ်အော်အတွင်း စိန့်မာတင်ကျွန်းရဲ့ အနောက်တောင်ဘက် ရေမိုင် ၅ဝ ခန့်အကွာမှာဖြစ်ပါတယ်၊ ဒီနေရာမှာ မနှစ်က ဒေးဝူးကုမ္ပဏီက ရေနံရှာဖွေရေး ပဏာပလုပ်ငန်းဖြစ်တဲ့ ဟိုက်ဒရိုကာဘွန်ရှာဖွေရေး လုပ်ငန်းတွေကို လုပ်နေတုံး ဘင်္ဂလားဒက်နိုင်ငံနဲ့ ပြဿနာဖြစ်ခဲ့တာပါ။

မြန်မာဘက်က ရေနံရှာတဲ့နေရာဟာ ဘင်္ဂလားဒက် ရေပိုင်နက်မှာဖြစ်တဲ့အတွက် မြန်မာဘက်က ကျူးကျော်တယ်လို့ ဘင်္ဂလားဒက်နိုင်ငံက စွပ်စွဲခဲ့ပါတယ်၊ ၂ ဘက်နိုင်ငံ ရေတပ်သင်္ဘောတွေနဲ့ အခင်းဖြစ်တဲ့နေရာမှာ အင်အားပြပီး မကြာခင် မြန်မာဘက်က စစ်သင်္ဘောတွေ ရုတ်တရက် ဆုတ်ပေးခဲ့ပါတယ် နောက်ပိုင်း ဒီသတင်းတွေ တိမ်မြုတ်ခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနဲ့ဘင်္ဂလားဒက် ၂နိုင်ငံကြားဖြစ်ပွားနေတဲ့ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုနဲ့ ပတ်သက်ပီး ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြိုအခြေစိုက်တဲ့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကနေ အဆုံးအဖြတ်ပေးဘို့ ၂ဝဝ၉ ခု ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဘင်္ဂလားဒက်နိုင်ငံက လျှောက်ထားခဲ့ပါတယ်။

တနည်းပြောရရင် ပင်လယ်စာချုပ်ဥပဒေလို့လဲခေါ်တဲ့ ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေ သဘောတူညီချက် ၁၉၈၂ ခု ပုဒ်မ ၂၈၇ ပုဒ်မခွဲ ၄ အရ ဖြေရှင်းပေးပါဆိုပီး ဂျာမဏီနိုင်ငံအခြေစိုက် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကို ဘင်္ဂလားဒက်နိုင်ငံက လျှောက်ထားခဲ့တာ ဖြစ်ပါတယ်၊

ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးဆိုတာ စောစောက ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေ သဘောတူညီချက်ရဲ့ နိုင်ငံတကာ ရေကြောင်းအငြင်းပွားမှုကိစ္စတွေ တရားစီရင် ဆောင်ရွက်ဘို့ဆိုပီး ၁၉၉၄ မှာ စတင်ဖွဲံစည်းခဲ့တဲ့ နိုင်ငံတကာ ခုံရုံး ဖြစ်ပါတယ်။ နိုင်ငံတကာ တရားသူကြီး ၂၁ ဦးပါတဲ့ ခုံအဖွဲ့ဖြစ်ပါတယ် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးဆိုတဲ့ ITLOS အဖွဲမှာ အဖွဲ့ဝင်နိုင်ငံ ၁၅ဝကျော် ပါဝင်ပါတယ်။

၂ဝဝ၉ ခု နိုဝင်ဘာလ ၄ ရက်မတော့ မြန်မာစစ်အစိုးရကလဲ ဘင်္ဂလားဒက်နဲ့ အငြင်းပွားနေတဲ့ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးကိစ္စအတွက် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး အဆုံးအဖြတ်ကို လက်ခံမယ်ဆိုပီး ကြေငြာခဲ့ပါတယ်၊ ဒီကြေငြာချက်ကို ဘင်္ဂလားဒက်နိုင်ငံက ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကို ၂ဝဝ၉ ခု ဒီဇင်ဘာ ၁၂ ရက်မှာ ဆက်လက်ပေးပို့ခဲ့ပါတယ်။

ထူးခြားတဲ့အချက်က မြန်မာစစ်အစိုးရအနေနဲ့ ဘင်္ဂလားဒက်နိုင်ငံနဲ့ ရေပိုင်နက် အငြင်းပွားတဲ့ကိစ္စနဲ့ ပတ်သက်ပီး ICJ ခေါ်တဲ့ နိုင်ငံတကာတရားရုံးကို မရွေးချယ်ဘဲ ဂျာမဏီနိုင်ငံအခြေစိုက် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး ITLOS ကို ရွေးချယ်လိုက်တဲ့အချက်ဖြစ်တယ်လို့ အင်္ဂလန်နိုင်ငံ ဒါဟန်းတက္ကသိုလ် နိုင်ငံတကာနယ်နိမိတ်သုတေသနအဖွဲ့က သုံးသပ်ပါတယ်။

ICJ ခေါ်တဲ့ နိုင်ငံတကာတရားရုံးဟာ ရေကြောင်းနယ်နိမိတ် သတ်မှတ်ရေးနဲ့ ပတ်သက်တဲ့အမှုတချိုံကို စီရင်ခဲ့တဲ့ အတွေ့အကြုံရှိတယ်။ ဂျာမဏီနိုင်ငံအခြေစိုက် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး ITLOS ကတော့ နိုင်ငံတကာတရားရုံးက အမှုတွေ ဆက်ခံဘို့ ပြင်နေတယ်ဆိုတဲ့တိုင် စဖွဲ့တဲ့ ၁၉၉၄ ခုနှစ်ကနေ ကနေ့ထိ နိုင်ငံတကာ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့ အမှု တခုမှ ဆုံးဖြတ်ခဲ့တဲ့ အတွေ့အကြုံ မရှိဖြစ်နေတယ်လို့ ဒါဟန်းတက္ကသိုလ် သုတေသနအဖွဲံက ထောက်ပြပါတယ်။

မြန်မာနဲ့ဘင်္ဂလားဒက် ၂ နိုင်ငံ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုကို အမှုအမှတ် ၁၆ လို့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးက စာရင်းသွင်းထားပေမဲ့ ဘယ်တော့ အပြတ်စီရင်မယ်ဆိုတဲ့ ကာလအပိုင်းအခြား သတ်မှတ်ထားတာ မရှိဖြစ်နေပါတယ်။ ဒါပြင် ဒီအမှုကို ခုံအဖွဲ့အပြည့်နဲ့ စီရင်မှာလား-ခုံရုံးအဖွဲ့ငယ်နဲ့ စီရင်မလားဆိုတာလဲ ရှင်းရှင်းလင်းလင်း မရှိဘူးလို့ ဒါဟန်းတက္ကသိုလ် သုတေသနအဖွဲံက ပြောပါတယ်။

ဘာဘဲပြောပြော မြန်မာ ဘင်္ဂလားဒက် ၂ နိုင်ငံလုံးက ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကို ရွေးလိုက်တဲ့အတွက် နောင်အလားတူ ပင်လယ်ပြင်အငြင်းပွားမှုတွေ ဖြစ်လာရင် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကို အသုံးချဘို့ တခြားနိုင်ငံတွေကို အားပေးဘို့မျှော်လင့်တယ်လို့ပါ ဒါဟန်းတက္ကသိုလ် သုတေသနအဖွဲံက မှတ်ချက်ချပါတယ်

ဒါဆိုရင် မြန်မာနဲ့ဘင်္ဂလားဒက် ၂ နိုင်ငံ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုကို ဘယ်လို ရှေ့နေတွေက အကျိုးဆောင်ကြမလဲ ပြန်ကြည့်ဘို့လိုပါတယ်-

ဒီအမှုအတွက် ဘင်္ဂလားဒက်အစိုးရငှားထားတဲ့ ရှေ့နေအဖွဲံကြီးက ရှေ့နေ ၂ဝဝ ကျော်ရှိတဲ့ အမေရိကန်နိုင်ငံက နာမယ်ကြီး ရှေ့နေကုမ္ပဏီဖြစ်တဲ့ Foley Hoag ဖြစ်ပါတယ် ဒီအမေရိကန် ရှေ့နေကုမ္ပဏီကြီးက နိုင်ငံတကာ အစိုးရတွေကြား ဖြစ်ပွားတဲ့ ပင်လယ်ပြင်နယ်နိမိတ်အငြင်းပွားတဲ့ အမှုပေါင်းများစွာကို အကျိုးဆောင်ပေးခဲ့တဲ့ ရှေ့နေကြီးတွေ ဖြစ်ပါတယ်

ဒါတင်မက Foley Hoag ရှေ့နေကုမ္ပဏီကြီးရဲ့ အကျိုးတူစီးပွားဘက် ရှေ့နေတွေ ကနေဒါနဲ့ အင်္ဂလန်က ဥပဒေရေးရာ ပါမောက္ခတွေကပါ ဘင်္ဂလားဒက်အစိုးရဘက်က အကျိုးဆောင်ကြမှာဖြစ်တယ်လို့ Foley Hoag ရှေ့နေကုမ္ပဏီကြီးက သတင်းထုတ်ပြန်ထားပါတယ်

မြန်မာစစ်အစိုးရဘက်က အကျိုးဆောင်မဲ့ သူကတော့ ဒုတိယ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်တဦးထဲဖြစ်တယ်လို့ စစ်အစိုးရ အဆင့်မြင့် အရာရှီတဦးက အတည်ပြူပြောပါတယ် ဒုတိယ ရှေ့နေချုပ် ဒေါက်တာထွန်းရှင် ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံး ဥက္ကဌနဲ့ ဇန္နဝါရီလ ၁၄ ရက်နေ ၁၆ ရက်ထိ ဂျာမဏီနိုင်ငံ ဟမ်းဘတ်ကို သွားရောက် တွေ့ဆုံ ဆွေးနွေးရမှာ ဖြစ်ပါတယ်

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာဘက်က ဒုတိယ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်တဦးထဲက စစ်အစိုးရကို အက်ျိုးဆောင်မှာဖြစ်ပီး ဘင်္ဂလားဒက်ငှားထားတဲ့ ရှေနေကုမ္ပဏီကြီးနဲ့ လက်ရည်မမျှ ဖြစ်နေတယ်လို့ ရန်ကုန် ရှေနေအသိုင်းအဝိုင်းက ယူဆပါတယ်

ဒီနေရာမှာ မြန်မာစစ်အစိုးရဘက်က ဘာကြောင့် ဘင်္ဂလားဒက်လို အမေရိကန်ရှေ့နေတွေ မငှားသလဲ မေးစရာရှိပါတယ်-ပင်လယ်ထဲက သဘာဝဓါတ်ငွေ့တွေ ရေနံတွေ တွေ့ခဲ့ရင် နိုင်ငံအတွက် အကျိုးအများကြ၊ီးရှိနိုင်တာမို့ ဘင်္ဂလားဒက်က အမေရိကန်ရှေနေတွေကို ဈေးကြီးပေး ငှားခဲ့တာပါ။

ဒါဆိုရင် မြန်မာက ဘာကြောင့် ဒုတိယ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်တဦးထဲကိုသာ လွှတ်ရသလဲ-

Foley Hoag ရှေ့နေကုမ္ပဏီကြီးရဲ့ ဦးဆောင်ရှေ့နေတဦးဖြစိတဲ့ Paul Reichler ရဲ့ပြောဆိုချက်အရဆိုရင် ခုလို ပင်လယ်ပြင်နယ်နိမိတ် အငြင်းပွားတဲ့ အမှုမျိုးကို ဆုံးဖြတ်ချက်ချဘို့အတွက် အနည်းဆုံး ၃ နှစ်ကနေ ၄ နှစ်ထိ ကြာနိုင်တယ်လို့ဆိုပါတယ် ဒီနှုန်းနဲ့သာဆိုရင် မြန်မာနဲ့ဘင်္ဂလားဒက် ၂ နိုင်ငံ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုကို ၂ဝ၁၄ ခုနှစ်မှ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။

၂ဝ၁ဝ အောက်တိုဘာမှာ ရွေးကောက်ပွဲလုပ်ဖြစ်တယ်ဆိုရင် ၂ဝ၁၁ ခုအစောပိုင်းမှာ ရုပ်သေးအရပ်သားအစိုးရ ပေါ်လာတော့မှာဖြစ်တယ်-ဒါကြောင့် ဘင်္ဂလားဒက်နဲ့ ပြဿနာုဖြစ်တဲ့ ပင်လယ်ပြင်အမှုကို နောက်အစိုးရလက်ထက်မှ အဖြေရမှာဖြစ်တယ်-

ဒီအချိန်မှာ စစ်အစိုးရ အသွင်ပြောင်းသွားတော့မှာမို့ စစ်အစိုးရလက်ထက် လောလောဆည်မှာ ဒီအမှုအတွက် နိုင်ငံခြားရှေ့နေငှားဘို့ နိုင်ငံခြားငွေ မသုံးဘဲ ရှံးမဲ့အတူတူ ဒုတိယ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်တဦးထဲကိုသာ လွှတ်တဲ့သဘောလို့ ရန်ကုန်ရှေ့နေ အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုနေကြောင်းပါခင်ဗျား။

(အာအက်အေ ဦးစိန်ကျော်လှိုင်ရဲ့ သုံးသပ်ချက်ကဏ္ဍမှ ကောက်နှုတ်ချက်)

ဒလက်တောပုံပြင်

ဒလက်တောရွာကို အလည်ရောက်လာတဲ့ လူတိုင်း သတိထားမိတာ တစ်ခုက ရွာသူရွာသားတွေ ဘယ်သွားသွား ဘောပင် ဒါမှမဟုတ် ခဲတံနဲ့ စာရွက် လေး၊ ငါးရွက်ကို အိတ်ထဲ ထည့်ထားကြတာပဲ။ သွားလေရာမှာလည်း စာရွက်ပေါ်မှာ တစုံတခုကို ခပ်မြန်မြန် ရေးနေကြတာကို တွေ့ရတတ်တယ်။ မသိတဲ့ လူတွေကတော့ နှစ်လုံး သုံးလုံးများ ထိုးကြသလား ထင်ကြမယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဖြစ်ပုံက ဒီလို။

ဒလက်တောရွာဆိုတာက ပြည်ခရိုင်၊ ရွှေတောင်မြို့ကနေ နွားလှည်းနဲ့သွားရင် လေးနာရီလောက်နှင်မှ ရောက်တဲ့ ရွာငယ်လေးတစ်ခုပါပဲ။ ခေတ်တွေ ဘယ်လို ပြောင်းပြောင်း ဘာမှ မပြောင်းလဲတဲ့ ရွာလေးတစ်ခုပေါ့။ ရွာဦးမှာ ထုံးစေတီရှိတယ်။ ဆရာတော် ရှိတယ်။ စာကျက်စာအံ ဘုန်းကြီး ကျောင်းသားတွေ ရှိတယ်။ တစ်ရွာလုံး သုံးတဲ့ ရေတွင်းကြီးရှိတယ်။ စပါးခင်း၊ ငွေတိုးချေးတဲ့လူ၊ အရက်ပုန်းဆိုင်၊ ဘဲခြံ၊ ဖုန်ထူတဲ့လမ်း စတဲ့ ရွာသင်္ကေတတွေ၊ ကာလသားခေါင်း၊ ကွမ်းတောင်ကိုင်၊ သူကြီးလို့ ပြောလို့ရတဲ့ ရွာလူကြီးတို့လည်း ရှိတယ်။ ဒီရွာသားတွေ ဂုဏ်ယူတာ တစ်ခုက အင်္ဂလိပ်၊ ဂျပန်တွေကို တိုက်တုန်းက နာမည်ကြီးတဲ့ ရွှေတောင်တိုက်ပွဲမှာ သူတို့ရွာက အရွယ်ရောက်တဲ့ ယောက်ျားတွေ အကုန်ဝင် တိုက်ဖူးတယ်ဆိုတာပါပဲ။ ဒါကြောင့် သူတို့ကိုယ် သူတို့ အာဇာနည်မျိုးရိုး၊ အာဇာနည်ရွာလို့ ထင်ကြတယ်။ အဲဒါက ကြာတော့ကြာခဲ့ပြီ။ မြန်မာပြည်တောင် ကျွန်ဘဝကလွတ်လို့၊ မဆလခေတ်၊ နဝတခေတ်၊ နအဖခေတ်၊ ဒီမိုကရေစီခေတ်ဦး၊ ဒါတွေဖြတ်လို့ ဒီမိုကရေစီ အဖွံ့ဖြိုးဆုံး အာရှနိုင်ငံရယ်လို့တောင် ခေါ်နေကြပါပြီ။ ဒါပေမယ့် မြို့နဲ့ အဆက်အသွယ် မရှိသလောက်နည်းတဲ့ ဒလက်တောရွာကတော့ ဒါတွေ မသိလှဘူး။ တခါတခါ မြို့က ဆရာတော့်တပည့် ကျောင်းဆရာလေး ပေါက်လာမှ နည်းနည်းပါးပါးသိရတာ။ ဇာတ်လမ်း အစကလည်း အဲဒီ ကျောင်းဆရာလေး ကိုထွန်းဝါပါပဲ။
တရက် ကိုထွန်းဝါ ဆရာတော်ကို လာဖူးတော့ လက်ထဲမှာ အဘိဓာန်တစ်အုပ်လောက် နီးနီးထူတဲ့ စာအုပ်ကြီး တစ်အုပ်ပါလာတယ်။ ဆရာတော်က ဘာတုန်းဟဲ့ဆိုတော့ “နအဖ လက်ထက် ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ ကြေညာချက်များ” ဆိုတဲ့စာအုပ်ကြီး။ အဲဒီခေတ်တုန်းက ကြေညာချက် သိပ်ထုတ်ကြတော့ စုထားတဲ့လူက စာအုပ်တောင် ပြန်ရိုက်လို့ရတယ်။ အာဇာနည်စိတ်ရှိပြီး စစ်အစိုးရကိုမုန်းတဲ့ ဆရာတော်က ငါဖတ်ရအောင် တစ်ပတ်လောက်ထားခဲ့စမ်းဆိုတော့ ကိုထွန်းဝါလည်း တင်ပါ့ ပေါ့။ ထားခဲ့တယ်။ ဆရာတော်က မနက်လည်း ဒါဖတ်၊ ညလည်း ဒါဖတ်၊ ဆွမ်းစားပြီးလည်း ဖတ်နဲ့ နောက်ဆုံး ဘာတွေးမိလဲဆိုတော့ ကောင်းတယ်၊ ကြေညာချက်တွေဟာ ထိရောက်တယ်လို့ မြင်လာတယ်။ ငါလည်း ကြေညာချက်ထုတ်မယ်ဆိုပြီး အနားက ဘောပင်နဲ့ စာရွက်တစ်ရွက်ထဲ ချရေးလိုက်တယ်။

ဒလက်တောရွာဦးကျောင်း။ ကြေညာချက်အမှတ် ၁/၂၀၄၃
ငါ မနက်ဖြန် ကြည်တောရွာ တရားပွဲသွားရန် နွားလှည်းအလှူခံလိုသည်။
ကပ္ပိယကြီးမှ ရွာလူကြီး စိန်မောင်နှင့် စီစဉ်ရန် အထူးတိုက်တွန်းလိုက်သည်။
လှည်းမရ၍ ခြေလျင်ကြွရမှာကိုလည်း ငါစိုးရိမ်ကြောင်း အသိပေးတယ်။
ခြေလျင်ကြွ၍ မကျန်းမာလျင် သင်တို့ တာဝန်သာဖြစ်ကြောင်း ကြေညာလိုက်သည်။
ဒလက်တောရွာလုံးဆိုင်ရာ ဆရာတော်

ပြီးတော့ ကပ္ပိယကြီး ဦးတောက်ထွန်းကို ခေါ်ပေးလိုက်တယ်။ ကျောင်းဝ လူမြင်တဲ့နေရာမှာ ကပ်၊ မင်းလည်း ဖတ်တဲ့။ ဦးတောက်ထွန်းလည်း ဖတ်ပြီး အူကြောင်ကြောင် ဖြစ်သွားတယ်။ စကားပြောသလိုလို၊ စာရေးသလိုလို အရေးအသားနဲ့ ဘာကိုဆိုလိုမှန်းလည်း သေသေချာချာမသိ။ သူ့နာမည်လည်းပါတယ်။ ဦးစိန်မောင်နာမည်လည်းပါတယ်။ သူနားလည်တာက မနက်ဖြန် ဟိုဘက် ၂ ရွာကျော်လောက်က တရားပွဲတစ်ခုကိုသွားဖို့ နွားလှည်းအလှူခံခိုင်းတာ။ ဦးစိန်မောင်ကို စီစဉ်ခိုင်း။ ဒါပဲ။ အရင်ကလည်း သူ စီစဉ်ပေးနေကြပါ။ အရင်ကတော့ တောက်ထွန်း လှည်းရှာကွာ ဆိုတာလောက်ပဲ။ ခုကာမှ ဘာတွေ ရေးထားမှန်းမသိ။ တိုက်တွန်းလိုက်သည်၊ စိုးရိမ်ကြောင်း၊ ကြေညာချက်။ အဆိုးဆုံးက အောက်ဆုံးမှာ ခပ်ကြီးကြီးရေးထားတဲ့ ဒလက်တောရွာလုံးဆိုင်ရာ ဆရာတော် ဆိုတာပဲ။ ဒလက်တော တရွာလုံးမှ ဒီကျောင်းနဲ့ သံဃာ ၆ ပါးရှိတာ။ ဒလက်တောနဲ့ မဆိုင်လို့ ဘယ်သူနဲ့ဆိုင်မှာတုန်း။ ဒါနဲ့ ဆရာတော်ကို ဝင်ဖူးပြီး လျှောက်တယ်။

“အရှင်ဘုရား - အရင်လိုပဲ လှည်းလိုလို့ ဦးစိန်မောင်ကို ပြောခိုင်းတာမဟုတ်လားဘုရား။ ဘာလို့ စာတတန်၊ ပေတတန်ဖွဲ့ရတာလဲ ဘုရား။ အကြောင်းထူးများရှိလို့လားဘုရား”

ဆရာတော်က အ တတ်ရန်ကောဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး

“ဒါ စာတတန်၊ ပေတတန်မဟုတ်ဘူးကွ။ ကြေညာချက်လို့ ခေါ်တယ်။ တချိန်က စစ်အစိုးရကို တော်လှန်စဉ်က ဒီလိုပဲ ကြေညာချက်တွေ လှိုင်လှိုင်ထုတ်ခဲ့ရတယ်ဟ”

“အရှင်ဘုရားက ဦးစိန်မောင်ကို တော်လှန်နေလို့လားဘုရား”

“နင့်အမေလင်ကို ငါတော်လှန်စရာလား။ ကြေညာချက်ဆိုတာ အဖွဲ့အနွဲ့မပါဘူး။ လိုရင်းကို ထိရောက်အောင်ပြောတဲ့ တောင်းဆိုချက်၊ အသိပေးချက်ကွ။ အချီအချ ပြောစရာမလိုတော့ဘူးလေကွာ။ မင်းတို့လည်း ကြေညာချက် ထုတ်ကြဟ။ စကားနည်းရန်စဲပေါ့ကွာ … ကဲ ကဲ … ခိုင်းထားတာလုပ်ချည်။ ငါ မနက်ဖြန်အတွက် ကြေညာချက်တစ်စောင် ထပ်ထုတ်ဖို့ လုပ်လိုက်ဦးမယ်”

ကပ္ပိယကြီးလည်း ဝတ်ဖြည့်ပြီး ဆင်းလာတယ်။ ဆရာတော့် ကြေညာချက်ကို ကျောင်းအဝင်ဝအနားက ခြံစည်းရိုးအစပ်မှာ ကပ်ပြီး ဦးစိန်မောင်အိမ်ဘက် ထွက်လာခဲ့တယ်။

“ဗျို့ ဦးစိန်မောင်။ ဆရာတော့်ကျောင်းဘက်လာဦးဗျ”

“ဘာလို့လဲကွ။ ဆရာတော်ခေါ်လို့လား”

ကပ္ပိယကြီးလည်း ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်တော့ သူ့ကိုယ်သူ သူကြီးထင်နေတဲ့ ဦးစိန်မောင်လည်း ကြေညာချက်ဆိုတာကို သိပ်သဘောကျသွားတယ်။ ဆရာတော့်ကျောင်းကို နှစ်ယောက်သား ဒုန်းဆင်းချသွားတာ ညနေ နေအတော်စောင်းမှ ပြန်လာတယ်။ မကြာပါဘူး။ ကျောင်းဝက ဆရာတော့် ကြေညာချက်အောက်မှာ ကြေညာချက် အသစ်နှစ်ခု ထပ်တွေ့ရတော့ပါပဲ။ တစ်ခုက ဦးစိန်မောင်၊ တစ်ခုက ကပ္ပိယကြီး။

စိန်မောင်ရဲ့ကြေညာချက်
၁။ ဆရာတော်သည် တရွာလုံးနဲ့ ဆိုင်တယ်ဆိုတာကို ခြွင်းချက်မရှိ ထောက်ခံတယ်။
၂။ ဘာသာရေးခေါင်းဆောင် ဆရာတော်ကို နွားလှည်းကူညီခြင်းဖြင့် ဝိုင်းရံကြ။
၃။ ရွာသားတွေလည်း ဆရာတော့်ကျောင်းကို ကူညီစေလိုတယ်။
ပုံ - စိန်မောင်၊ ဆရာတော့်ကျောင်း ပင်မနွားလှည်းအလှူရှင်များ အဖွဲ့ဝင်။

သူ့ကြေညာချက်အောက်မှာက ကပ္ပိယကြီး ဦးတောက်ထွန်းရဲ့ ကြေညာချက်ကို ဗလာစာရွက်ပိုင်းလေးပေါ်မှာ ခဲတံတုံးတုံးကြီးနဲ့ ရေးထားတာတွေ့ရတယ်။

ကပ္ပိယကြီးက ကြေညာသည်
ဆရာတော့် တောင်းဆိုချက်ကို ချက်ချင်းလိုက်လျောသော ဦးစိန်မောင်ရဲ့ လုပ်ရက်ကို ရွာသားများနဲ့အတူ လုံးဝကြိုဆိုတယ်။ ဆရာတော့်ကျောင်း စည်ပင်သာယာရေးအတွက် အထောက်အကူကောင်းလို့ ယုံကြည်မျှော်လင့်၏။ ဆရာတော့် ကျောင်းအတွက် ရွာတွင်းရွာပ အတူပူးပေါင်းကြလော့။
တောက်ထွန်း၊ အကျိုးတော်ဆောင်ကြီး (ကပ္ပိယ)။

ဒီရွာကလေးမှာ ကြေညာချက်ထုတ်တဲ့ အလေ့အထက အဲဒီက စသွားတယ်။ ကြေညာချက်ထုတ်တာကို သိပ်သဘောကျနေတဲ့ ဆရာတော်နဲ့ ရွာလူကြီး ဦးစိန်မောင်တို့က တိုက်တွန်းတာနဲ့ တစ်ရွာလုံး စာရေးတတ်သူတိုင်း ကြေညာချက် ထုတ်ကြတော့တယ်။ စာရွက်ပေါ်မှာ ပြောချင်တာရေးပြီး ဆရာတော့်ကျောင်း ခြံစည်းရိုးမှာ သွားကပ်ကြတာပဲ။
ဖတ်မိတဲ့လူက သက်ဆိုင်တဲ့လူကို အကြောင်းကြား၊ သက်ဆိုင်တဲ့လူက သွားဖတ်၊ ကြေညာချက်ပြန်ထုတ်နဲ့ပေါ့လေ။ ဘယ်လောက်တောင် ကြေညာချက် ထုတ်ကြသလဲဆို အောက်က ဥပမာတွေသာကြည့်တော့။

ဦးစိုးမောင်၊ ကြေညာချက်အမှတ် ၂.၂၃/၂၀၄၃
ရွာနောက်ဘက်က ငမြဲ င့ါသမီးကို ရည်းစား စကားလိုက်ပြောတာကို အပြင်းအထန် ကန့်ကွက်တယ်။ သူ့မှာ လူကြီးချင်း သဘောတူပြီးသားရှိတယ်ဟေ့။ သူကလည်း ယူမယ်ပြောပြီးသား။ နောက်နောင် ငမြဲ ထပ်မံပြုလုပ်ပါက ကျုပ်အပြစ် မဟုတ်ကြောင်း ကြိုပြောထားမည်။
စိုးမောင်၊ သမီးအဖေ။
………………………………………….

အရီးမြကလေး၏ ကြေညာချက်
ရွာထဲမှာ ကျွန်မ အတိုး ပေးစားနေသည်ဟု အတင်းများ ထွက်နေကြသည်။ ပေးသူ၊ ယူသူကြည်ဖြူတဲ့ အလုပ်ဖြစ်လို့ ဘာမှ ဝင်ပြောစရာ မလိုဘူးဟု ပြောချင်သည်။ ဆရာ့တော့်ကို လျှောက်ပြီးသား။ ဒါပဲ။ ဈေးသွားရင်း ဝင်ကပ်သည်။
အရီး။
………………………………………….

မူလလက်ဟောင်း “ဟောဒီကပဲပြုတ်” မှ အသိပေးခြင်း
တစ်ရွာလုံးက အားပေး ဝယ်ယူကြသော ကျွန်မ၏ ပဲပြုတ် ရောင်းဝယ်ခြင်းကို မနက်ဖြန် တစ်ရက် နားမည်။ ဘုရားကြီး သွားဖူးမလို့။ မနက်ဖြန်အတွက် ယနေ့ ကြိုရောင်းမည်။ လာဝယ်ကြနော်။ ဟောဒီက ပဲပြုတ်။ ဟဲဟဲ။
မိမိုး (ဥာဏ်ကြီးရေးပေးသည်)

အကျိုးဆက်က ဘာဖြစ်လာလဲဆိုတော့ အချင်းချင်း စကား သိပ်မပြောတော့ဘူး။ ကြေညာချက် တစ်စောင်ပဲ ထုတ်လိုက်ကြတော့တယ်။ အကြွေးမရတာ၊ လင်မယား ရန်ဖြစ်တာ၊ သူ့ခွေးကို ခဲနဲ့ထုလို့ မကျေနပ်တာ အစုံပဲ။ အချင်းချင်း တွေ့ရင်လည်း ဟိုကြေညာချက် သိပြီးပြီလား၊ ငါကတော့ ဒီလိုပြန်ကြေညာမယ်နဲ့ပဲ နှုတ်ဆက်ကြတော့တယ်။

ကြေညာချက်တွေကိုလည်း ဆရာတော့် ကျောင်းဝမှာတင် ကပ်လို့ အဆင်မပြေတော့ဘူး။ ရွာအလယ်က ရေချမ်းစဉ်မှာလည်း ခွဲကပ်ကြရတယ်။ တနေ့ တနေ့ ရွာသားတွေလည်း ဆရာတော့်ကျောင်းနဲ့ ရေချမ်းစင် ပြေးနေကြတာပဲ။ အဲဒီမှာ ဘာတွေပေါ်လာလဲဆိုတော့ ကြေညာချက်ကို လိုက်ဖက်ပြီး အကြောင်းကြားပေးတဲ့ မိဝိုင်းတို့လို ကလေးတွေရယ်၊ အဆင့်မီ ကြေညာချက် ရေးပေးသည် ဆိုတဲ့ ကျော်ကျော်ထွန်းတို့လို မတောက်တခေါက် စာလေး၊ ကဗျာလေး ရေးတတ်တဲ့လူတွေ ပေါ်လာတယ်။ စာမရေးတတ်၊ မဖတ်တတ်တဲ့လူတွေလည်း သူတို့အားကိုးနဲ့ ကြေညာချက်တွေ ထုတ်လာတော့တယ်။ စံချိန်တင် ကြေညာချက် ထုတ်ကြတဲ့နေ့ကတော့ အတိုးပေးတဲ့ အရီးမြကလေးနဲ့ ကြက်သားသည် ဒေါ်ဆင့်တို့ ရန်ဖြစ်ကြတဲ့နေ့ပဲ။ နှစ်ယောက်ရန်ဖြစ်တာ စကားသံတစ်လုံးမှ မထွက်ဘူး။ အရီးမြကလေးက အကြွေးတောင်းတဲ့ ကြေညာချက်ရေးပြီး ရေချမ်းစဉ်မှာ ကပ်တယ်။ ဒေါ်ဆင့် တွေ့တော့ စောတောင်းရပါ့မလား ဆိုပြီး ကန့်ကွက်တဲ့ ကြေညာချက် ထုတ်ပြန်တယ်။ အဲဒါ အဘွားကြီးနှစ်ယောက် ရေချမ်းစဉ်ရှေ့မှာ ဗလာအုပ်ထဲက စာရွက်တွေ တဗျင်းဗျင်း ဆွဲဖြဲပြီး ကြေညာချက် အပြန်အလှန် ထုတ်ကြတာ။ စကားတော့ တစ်လုံးမှ မပြောဘူး။ နောက်ဆုံး ဆရာတော့်ဆီက “အခုရပ်” ဆိုတော့ ကြေညာချက်ကို ကပ္ပိယကြီး လာကပ်သွားမှ နှစ်ယောက်သား ပြန်သွားကြတယ်။ အဲဒီအချိန်မှာ တစ်ယောက်ကို ကြေညာချက် ၄၀ ထုတ်ပြီး သွားပြီတဲ့လေ။
တဖြည်းဖြည်းနဲ့ ကြေညာချက်တွေ ဖောင်းပွလာတော့ ဆရာတော်က ကြေညာချက်တစ်ရပ် ထုတ်လိုက်တယ်။

ဒလက်တောရွာဦးကျောင်း။ ကြေညာချက်အမှတ် ၈၅၂/၂၀၄၃
ငါနဲ့ စိန်မောင်ကလွဲပြီးကျန်တဲ့လူတွေ တစ်ယောက်ချင်း ကြေညာချက်မထုတ်နဲ့လို့ တားမြစ်လိုက်သည်။ သဘောတူရာ တူရာ အချင်းချင်းစုပြီး အဖွဲ့လိုက်ထုတ်ကြတော့။
မလိုက်နာသူကို ကြေညာချက် ထုတ်ပိုင်ခွင့် ရုတ်သိမ်းမယ်။ နားလည်တယ်နော်။
ကြေညာချက်များ ထိန်းသိမ်းရေးအဖွဲ့ နာယက၊ ဒလက်တောရွာလုံးဆိုင်ရာ ဆရာတော်။

ဆရာတော့်စကားဆိုတော့ မငြင်းရဲကြဘူး။ ကြေညာချက်တွေတော့ နည်းသွားတယ်။ အဖွဲ့တွေကတော့ နေရာတိုင်းမှာ ပေါ်လာတယ်။ ကြေညာချက်ထုတ်ရတာကို သဘောတွေ့နေတဲ့လူတွေဆိုတော့ တစ်ဖွဲ့က တစ်ခုထုတ်ပြန်လိုက်ရင် ထောက်ခံလိုက်ကြ၊ အမြင်မတူရင် ကန့်ကွက်လိုက်ကြ၊ စကားများလာရင် သတိပေးလိုက်ကြနဲ့။ ဖွဲ့ထားတဲ့ အဖွဲ့တွေကိုလည်း ကြည့်ပါဦး။ “ခြေတံရှည်အိမ်ရှင်များအဖွဲ့” ၊ “ဝက်မွေးသူများအဖွဲ့” ၊ “ကျောင်းတက်ဖူးသူများအဖွဲ့” ၊ “ရွာလမ်းမကြီး ဘေးဝဲယာနေသူများအဖွဲ့” ၊ “ခဏခဏ ဖျားသူများအဖွဲ့” ၊ “အသံချဲ့စက်ငှားသူနှင့် နွားလှည်းပိုင်ရှင်များအဖွဲ့” ၊ “လူပျိုသိုးကြီးများအဖွဲ့” ၊ “ရွာဦးကျောင်း အပေါ်ထပ်နေ သံဃာ သုံးပါးအဖွဲ့” စသည်ဖြင့်ပေါ့။ ရေးပြရင်တော့ မကုန်နိုင်ဘူး။ “ထုပ်ဆီးထိုးသူများအဖွဲ့” ဆိုတာတောင် ပါသေးတာလေ။ နောက်ပိုင်းမှာ ဘာဖြစ်လာလဲဆိုတော့ အဖွဲ့တွေ အချင်းချင်း ရန်စောင် လာကြတယ်။ အဖွဲ့တစ်ဖွဲ့က ကြေညာချက်ထုတ်ရင် ထောက်ခံတဲ့လူက မိတ်ဆွေ၊ သဘောထားမတူလို့ ငြိမ်နေရင်၊ ဝေဖန်ရင်တော့ အဲဒီအဖွဲ့နဲ့ ကမ္ဘာရန်ပဲ။ အချင်းချင်း ကြေညာချက်တွေနဲ့ တိုက်ကြ၊ တောင်းပန်ကြ၊ ခွဲလိုက်ကြ၊ ပေါင်းလိုက်ကြ၊ ဆရာတော်က ဝင်ဖြေရှင်းရနဲ့ ရပ်ထဲရွာထဲလည်း အလုပ်မလုပ် ကြတော့ဘူး။ အလှူဖိတ်ရင်တောင်မှာ အဖွဲ့လိုက်ပဲ ဖိတ်တော့တာ။ ကြာလာတော့ ဆရာတော်လည်း စိုးရိမ်လာတယ်။ ဆရာတော့် ကျောင်းတောင် လာဘ်သိပ်မရွှင်တော့ဘူးလေ။

ဒီလိုနဲ့ မလာတာ ကြာသွားတဲ့ စာအုပ်ပိုင်ရှင် ကျောင်းဆရာလေး ကိုထွန်းဝါ တစ်ယောက် ဆရာတော့်ကို လာဖူးရင်း၊ စာအုပ်လည်း ပြန်ယူရင်း ရောက်ချလာတယ်။ ဆရာတော်လည်း ကိုထွန်းဝါကို တွေ့တယ်ဆိုရင်ပဲ ဝတ်ဖြည့်တာတောင် မစောင့်တော့ဘူး။

“မင်းနှယ့်ကွာ … ပျောက်သွားလိုက်တာ။ ငါ့မှာ မင်းကိုစောင့်နေတာ”

“တင်ပါ့ဘုရား။ တပည့်တော် ပြည်ကိုရောက်နေလို့ ဘုရား။ ဘာများ အကူအညီလိုပါသလဲဘုရား”

“အေး… အဖြစ်ကတော့ ဒီလိုကွ” လို့ အစချီပြီး ဒလက်တောရဲ့ ကြေညာချက် ရာဇဝင်ကို ရှင်းပြလိုက်တော့တယ်။ (ရှင်းပြရင်းတောင် ကြေညာချက် နှစ်စောင်ရေးပြီး ကပ္ပိယကြီးကို သွားကပ် ခိုင်းသေးတာ) ကိုထွန်းဝါလည်း ဇာတ်လမ်းကို နားထောင်ပြီး ပြန်လျှောက်တယ်။

“အရှင်ဘုရားက ကြေညာချက် စာအုပ်ပဲ တွေ့တာကိုးဘုရား။ တပည့်တော်မှာ နောက်တစ်အုပ် ရှိပါသေးတယ်။ အဲဒီမှာ ကြေညာချက်တွေ အဲလို လှိုင်လှိုင်ထုတ်ခြင်းရဲ့ အကျိုးဆက်တွေ ရေးထားတယ်ဘုရား”

“ဟေ… ဘာတဲ့လဲကွ”

“အဖွဲ့ခွဲတွေ အမျိုးမျိုးနဲ့ လုပ်ကြတော့ အားရှိတန်သလောက် မရှိဘူးဆိုတဲ့ သဘောပေါ့ဘုရား။ အခုပဲ ရွာကို ထိခိုက်နေပြီမဟုတ်လားဘုရား”

“အေး.. ဒါဆိုလျှောက်စမ်းပါဦး။ ငါလုပ်ရမတုန်း”

“အရှင်ဘုရား ကြေညာချက်ထုတ်ရမယ်ဘုရား”

“မင်းပဲ ကြေညာချက်က ထုတ်တိုင်းမကောင်းဘူးဆိုကွ”

“ဒီတခါ ထုတ်ရမှာကို ဒီလိုပါဘုရား” ဆိုပြီး ကိုထွန်းဝါက ဆရာတော်ကို ဆက်လျှောက်လိုက်တယ်။ မကြာပါဘူး။ ဆရာတော့်ဆီက ဒီကြေညာချက် ထွက်လာပြီး ဒလက်တောမှာ ကြေညာချက်တွေ ရပ်သွားတော့တယ်။

တရွာလုံးကို အသိပေးလိုက်သည်။ နောက်ထပ် ငါ တခုခု မပြောမချင်း ဘာကြေညာချက်မှ မထုတ်ရဘူး။ အဖွဲ့တွေ အကုန်လုံးကိုလည်း ဖျက်သိမ်းကြပါ။ အရင်လို ပြန်နေကြ။ မဟုတ်ရင် ငါ့ကြိမ်က ကျောမရွေးဘူး။
ဆရာတော်

xxxxxxx
ကမ္ဘာစိုးမင်း

REF: http://www.thanlwin.com

ပဲ့ကြွေသွားသော လိပ်ပြာတောင်ပံများ၏ သွေးကြောမျှင်များ

by ခိုင်စိုးလင်း

သူများတွေပြောတာကတော့ ကောင်မလေးရဲ့ အဖေဟာတောထဲမှာ သေသွားခဲ့တယ်တဲ့။ ဘယ်တောထဲမှာ ဘာဖြစ်လို့ဆိုတာတော့ ဘယ်သူမှသေချာမပြောနိုင်ကြဘူး။ ကောင်မလေး အမေက လေးယောက်ထဲမှာ ကောင်မလေးကို ရွေးချယ်ခဲ့တယ်။ သူ့ကျမှ ဘာလို့ဆိုတာမျိုးကို ကောင်မလေးတွေးရကောင်းမှန်း မသိခဲ့ဘူး။ ဒါကလည်း သူ့အတွက် ကောင်းတယ်ပဲပြောရမယ်။ ဒါနဲ့ပဲ ကောင်မလေးဟာ အသက်ခုနစ်နှစ်အရွယ်မှာ မိဘမဲ့ဂေဟာကို ရောက်လာတယ်။ ရောက်ကာစက အသားမကျသလိုဖြစ်နေသေးပေမဲ့ အစာနပ်မှန်အောင် စားရတော့ ကောင်မလေး ကျေနပ်သွားတော့တယ်။ ဒီလိုနေရာမျိုးကို ကံကောင်းထောက်မစွာ ရောက်လာတာပဲလို့ ကောင်မလေးက ယူဆတယ်။ နေ့စဉ် တပူပူတဆူဆူ လုပ်နေတဲ့ အမေ၊ သူ့ကို အမြဲတစေ အနိုင်ကျင့်ပြီး သူ့ဝေစုကို လုလုစားတဲ့ အစ်ကိုနဲ့ တဂျီဂျီ ငိုတတ်တဲ့ အငယ်နှစ်ယောက်မျက်နှာ မြင်နေရတာနဲ့စာရင် ဒီနေရာက ပျော်စရာပဲလို့ ကောင်မလေးက တွေးတယ်။ ဂေဟာက လူကြီးတွေ ခိုင်းတာတွေကို ဖင်ပေါ့ပေါ့နဲ့ လုပ်ပေးတတ်တော့ ထမင်းချက်တွေ ဆရာမတွေက ကောင်မလေးကို နှစ်လိုကြတယ်။

ဂေဟာမှာ ကောင်မလေး အပါအဝင် မိဘမဲ့ကလေး တစ်ရာ့သုံးဆယ့်ရှစ်ယောက်ရှိတယ်။ အကုန်လုံးဟာ တကယ်မိဘမဲ့တာလား ကောင်မလေးလိုပဲ မိဘက မကျွေးမွေးနိုင်လို့ ရောက်လာတာလည်း ပါသလားတော့ ကောင်မလေး သေချာမသိဘူး။ တချို့ကလေးတွေက ရောက်ကာစက ကောင်မလေးကို အနိုင်ကျင့်ချင်ပေမဲ့ လူကောင်ထွားပြီး စိတ်တိုလာရင် မျက်နှာဖြတ်ရိုက်တတ်တဲ့ ကောင်မလေးအကြောင်း သိလာတော့ အနိုင်မကျင့်ရဲကြတော့ဘူး။ ကောင်မလေးဟာ နေ့ဘက်တွေဆို စာသင်၊ ဂေဟာက တာဝန်ကျ အလုပ်တွေ လုပ်ရတဲ့အပြင် ထမင်းချက်တွေနဲ့ ဂေဟာက ဆရာမတွေ ခိုင်းတဲ့ ဟိုဟာဒီဟာ သွားဝယ် စတာတွေလည်း လုပ်ရတယ်။ ညဘက်ဆိုရင် ဘုရားရှစ်ခိုးရတယ်။ ဂေဟာက ဗုဒ္ဓဘာသာ ဂေဟာ တစ်ခုဖြစ်လို့ အဘိဓမ္မာရွတ်တာ ပဌာန်းရွတ်တာတွေ သင်ရတယ်။ ကောင်မလေး မိဘတွေဟာ ဘယ်ဘာသာဝင်မှန်း ကောင်မလေး မသိဘူး။ ဘယ်ဘာသာ ကိုးကွယ်သလဲ ယုံကြည်သလဲ ဗုဒ္ဓဘာသာကို ယုံကြည်ရဲ့လား စတဲ့မေးခွန်းတွေကို ဘယ်သူကမှလည်း တကူးတက လာမမေးသလို ကောင်မလေး ကိုယ်တိုင်က တခြားဘာသာဆိုတာ ရှိမှန်းလည်း မသိဘူး။ ဘုရားရှစ်ခိုးဆို ခိုးလိုက်တယ်။ ဘုရားစာရွတ်ဆို ရွတ်လိုက်တယ်။

ညဘက် ဘုရားရှစ်ခိုးပြီးရင် စာကျက်ရတယ်။ ကောင်မလေးဟာ စာလုံးလုံး မသင်ဖူးလို့ သူငယ်တန်းကနေ စသင်ရတယ်။ သူငယ်တန်းက တခြားကလေးတွေ အကုန်လုံးဟာ ကောင်မလေးထက်ငယ်ကြတယ်။ ဂေဟာက ကလေးတွေဟာ သူငယ်တန်းကနေ လေးတန်းထိက ဂေဟာမှာပဲ သင်ရပြီး ငါးတန်းရောက်ရင်တော့ ဂေဟာက ထားပေးတဲ့ကျောင်းမှာ သွားတက်ရတယ်။ တချို့ဆို ဆယ်တန်းအောင်ဘွဲ့ရသွားတာတွေရှိတယ်လို့ သိရတယ်။ ကောင်မလေးက စာနဲ့ပတ်သက်ရင် ဉာဏ်ထိုင်းတယ်။ တော်ရုံသင်ရခက်တယ်။ စာတွေကို သိပ်လည်း နားမလည်လှဘူး။ စာရေး စာဖတ်လုပ်နေရတာထက်စာရင် သင်ပုန်းဖျက်တာတို့ မြေဖြူယူပေးတာတို့ ဆရာမဆွဲခြင်းဆွဲပြီး ရုံးခန်းထဲလိုက်ပို့တာတို့ကို ကောင်မလေးက ပိုသဘောကျတယ်။ ညဘက် တခြားကလေးတွေ စာကျက်ပြီဆိုရင် ကောင်မလေးဟာ ကျောက်သင်ပုန်းပေါ်မှာ ဟိုခြစ်ဒီခြစ်လုပ်တော့တယ်။ ပုံဆွဲတာလည်းမဟုတ်၊ စာရေးတာလည်း မဟုတ်။ ဘာမှန်း မသိတာတွေ ခြစ်တယ်။ ဒါပေမဲ့ သုံးနှစ်လောက်စာသင်တော့ မြန်မာစာကို စာရေးစာဖတ် အတန်အသင့်တတ်လာတယ်။ အင်္ဂလိပ်စာတော့ ဘာမှမတတ်သလောက်ပဲရှိသေးတယ်။ စိတ်လည်း လုံးလုံးမဝင်စားလှဘူး။ ဆရာမတွေက ကောင်မလေးကို လေးတန်းထိတော့ မဖြစ်မနေသင်ပေးဖို့ ဆုံးဖြတ်ကြတယ်။ စာမေးပွဲစစ်ရင် အင်္ဂလိပ်စာ အမြဲကျပေမဲ့ တစ်နှစ် တစ်တန်းတော့ အအောင်ပေးလိုက်ကြတယ်။

သုံးတန်ရောက်တော့ ကောင်မလေးက နည်းနည်းပြောင်းလဲလာတယ်။ စာကို စိတ်ဝင်စားစပြုလာတယ်။ ဒါကလည်း ဂေဟာကို စာနည်းနည်းတော်တဲ့ တစ်တန်းတည်း ကလေးတစ်ယောက် ရောက်လာတာက စတယ်ပြောရမယ်။ စာတော်တဲ့ကလေးကို ဆရာမတွေမျက်နှာသာပေးတာက ကောင်မလေးကို ပေးနေကျပုံစံနဲ့ မတူဘူး။ အဲဒါကို ကောင်မလေး အားကျတယ်။ စာတော်တဲ့ ကလေးက ကောင်မလေးထက်လည်း ငယ်တယ်။ ဒါပေမဲ့ စာချည်းပဲ အမြဲကျက်နေတယ်။ ညဘက်ဆို စာလုပ်တာ နောက်ဆုံးမှပြီးတတ်တယ်။ စာတော်တဲ့ ကလေးဟာ မိဘတွေရုတ်တရက် မတော်တဆမှုတစ်ခုကြောင့် ဆုံးပါးသွားလို့ ဂေဟာကို ရောက်လာတယ်လို့ဆိုတယ်။ ဂေဟာကို မရောက်ခင်တုန်းက တခြားကလေးတွေ သင်တဲ့ကျောင်းမှာတက်ခဲ့တုန်းကဆို အတန်းထဲ အမြဲပထမရတယ်လို့ ပြောကြတယ်။ ဂေဟာမှာ စာမေးရင် သူကထိပ်ဆုံးက ဖြေနိုင်တယ်။ ဒါပေမဲ့ စာတော်တဲ့ ကလေးဟာ ရွှင်ရွှင်ပျပျမရှိဘူး။ ဆရာမတွေက မျက်နှာသာပေး အရေးလုပ်ပေမဲ့

အမြဲ မျက်နှာ မသာမယာဖြစ်နေတတ်တယ်။ ဒါကို ကောင်မလေးက ကြည့်မရဘူး။ မိဘတွေကဖြင့် သေသွားပြီ ဂေဟာကို ရောက်လာတာ ကျေးဇူးမတင်ဘူး၊ လမ်းဘေးမှာ ငတ်သေမှအေးမယ်လို့ ကောင်မလေးက ဆရာမတွေလစ်ရင် သွားပြောတတ်တယ်။ စာတော်တဲ့ ကလေးကတော့ ဘာမှပြန်မပြောဘူး။ ကောင်မလေး အဲလိုတွေသွားပြောတိုင်း ငိုလိုသာနေတယ်။ ဒါကို ဆရာမတွေ သိသွားရင် ကောင်မလေးကို ဆူကြတယ်။ ဒီတော့ ကောင်မလေးက ပိုမကျေမနပ်ဖြစ်ရတယ်။ ဒါပေမဲ့ စာတော်ချင်စိတ်တော့ ဝင်လာခဲ့တယ်။

ကောင်မလေးဟာ ညဘက်ဆို စာကောင်းကောင်းကျက်တော့တယ်။ ဉာဏ်ကထိုင်းတော့ သူ့အနေနဲ့ သိပ်မလွယ်လှဘူး။ ဒါပေမဲ့ သူ့စိတ်ထဲမှာ စာတော်တဲ့ ကလေးထက် သာချင်စိတ်က ကြီးစိုးနေတော့ မဖြစ်မနေကျက်တယ်။ စာတော်တဲ့ကလေးကလည်း သူများအိပ်ချိန်မအိပ်ဘဲ စာကျက်နေတုန်းပဲဆိုတော့ ကောင်မလေးဟာ စာတော်တဲ့ကလေးကို ဘယ်လိုမှ မကျော်နိုင်ဖြစ်နေတယ်။ စာတော်တဲ့ကလေးဟာ ကောင်မလေးနဲ့ သုံးယောက်ခြားမှာ အိပ်ရတယ်။ ကောင်မလေးက သူစာကျက်လို့ပြီးလို့ အိပ်ပြီဆိုမှ အိပ်တော့တယ်။ စာတော်တဲ့ကလေးကတော့ သူလိုက်ပြိုင်နေမှန်းလည်း သိပုံမရ။ သူ့ဘာသာ စာကျက်စရာရှိတာကျက်တယ်၊ လုပ်စရာရှိတာလုပ်တယ်။ ဂေဟာက အလုပ်တွေ လုပ်ရပြီဆို စာတော်တဲ့ကလေးဟာ ဝမ်းနည်းဟန်ပေါက်နေတတ်တယ်။ တခါတခါ မျက်ရည်တွေ ကျနေတတ်တယ်။ ဒါကို ကောင်မလေးက တကူးတကလိုက်ကြည့်နေပြီးတော့ အမြင်ကတ်နေတယ်။ အပိုတွေလို့ ကောင်မလေးကမှတ်ချက်ချတယ်။

စာတော်တဲ့ကလေးမှာ ကေခိုင်မြင့်ဆိုတဲ့ နာမည်လှလှတစ်ခုရှိနေတာကိုလည်း ကောင်မလေးက မကျေနပ်လှဘူး။ ကောင်မလေးနာမည်ကကျတော့ ရိုးလွန်းတယ်လို့ ကောင်မလေးက ထင်တယ်။ ကောင်မလေးဟာ ကေခိုင်မြင့်ကို ကြည့်မရတဲ့ စိတ်က လေးငါးခြောက်လအကြာမှာ အလိုလိုပျောက်သွားပြန်တယ်။ ကေခိုင်မြင့်ကိုယ်တိုင်ကလည်း တခြားကလေးတွေလို ဖြစ်လာတယ်။ စာချည်းပဲလုပ်မနေတော့ဘူး။ ရန်ဖြစ်တာတွေ ထမင်းခိုးစားတာတွေ လုပ်လာတော့ ကောင်မလေးဟာ ကေခိုင်မြင့်ကို အထူးတလည် စိတ်မဝင်စားတော့ဘူး။ စိတ်ဝင်စားမှုကုန်သွားတော့ ကောင်မလေးဟာ နဂိုအတိုင်းပြန်ဖြစ်လာပြန်တယ်။ နဂိုအတိုင်းဆိုတာ ဘာမှစိတ်မဝင်စားတာကို ပြောတာ။ အစားကို ပုံမှန်စားရဖို့ကလွဲရင် ဘာမှစိတ်မဝင်စားဘူး။ တခြားကလေးတွေလို လက်မှုပညာ၊ အနုပညာစတာတွေမှာလည်း အာရုံမရဘူး။ ကြီးလာရင် ဘာလုပ်မယ်ဆိုပြီး ပြောကြဆိုကြတဲ့ခါ တခြားကလေးတွေက ဂေဟာကနေထွက်သွားပြီး လူတစ်လုံးသူတစ်လုံးဖြစ်ဖို့၊ ပုံမှန်ဘဝမှာနေရဖို့ ဆိုတာမျိုးတွေပြောကြတယ်။ ကောင်မလေးကတော့ ဂေဟာကထွက်မယ်ဆိုတာမျိုး တစ်ခါမှမတွေးဘူး။

တချို့ကလေးတွေကို သားသမီးမရသူတွေ၊ ဒါမှမဟုတ် သားသမီးအတွက် အဖော်လိုသူတွေက ခေါ်ယူမွေးစားကြတယ်။ ဒါကို ဂေဟာက ကလေးတော်တော်များများက မက်မောကြတယ်။ မိသားစုနဲ့နေချင်တာမျိုး တောင့်တကြတယ်။ ကောင်မလေးက ဒါမျိုးကို စိတ်မဝင်စားဘူး။ သူ့အမေလာပြန်ခေါ်မှာကိုတောင် ကောင်မလေးတော်တော်ကြောက်နေတယ်။ အမေရှိနေသေးတယ်ဆိုတဲ့ အသိကြီးကို ကောင်မလေး မုန်းတီးစက်ဆုတ်တယ်။ အမေကများ ကလေးထိန်းဖို့ဖြစ်ဖြစ် ခိုင်းစားဖို့ဖြစ်ဖြစ် လာခေါ်ခဲ့ရင်ဆိုတာမျိုး တွေးလိုက်တိုင်း ခါးခါးသီးသီးဖြစ်ရတယ်။ တခြားကလေးတွေလို အမေရော အဖေရော သေသွားတာမျိုး ကောင်မလေးကဖြစ်ချင်တယ်။ အမေက တစ်ကြိမ်တစ်ခါမှ လာမတွေ့ဖူးပေမဲ့ အမေ့ရုပ်ပုံကို သူ့စိတ်ထဲ နှစ်အတော်ကြာထိမှတ်မိနေတယ်။ ကလေးတစ်ယောက်ကို ခါးတစ်ချီ တစ်ယောက်ကိုလက်မှာဆွဲ၊ အစ်ကိုဖြစ်သူနဲ့ ကောင်မလေးက ရှေ့ကနေ ရန်တဖြစ်ဖြစ်နဲ့ လမ်းတကာလျှောက်သွား တွေ့ရာနေရာ အိပ်ခဲ့ရတာတွေကို အိပ်မက်ခဏခဏမက်တတ်တယ်။ အဲလို အိပ်မက်မက်တိုင်း ကောင်မလေးဟာ ခါတိုင်းထက်ပို ဒေါသကြီးနေတတ်တယ်။ မိသားစုဘဝဆိုတာမျိုးကို အသံတောင်မကြားချင်ဖြစ်ရတယ်။

တနေ့ ကောင်မလေး ဆယ့်နှစ်နှစ်အရောက်မှာ ကောင်မလေး အမေဟာ ကောင်မလေးကို လာတွေ့ခဲ့တယ်။ ကလေးအငယ်နှစ်ယောက်ပဲပါလာပြီး သူ့အစ်ကိုကတော့ ထွက်ပြေးသွားပြီလို့ သိရတယ်။ အငယ်နှစ်ယောက်ကလည်း ကောင်မလေးနဲ့ အတူရှိစဉ်ကလို တဂျီဂျီဖြစ်မနေတော့ဘူး။ အတန်ငယ်သန့်ပြန့်နေကြတယ်။ ကျောင်းဝတ်စုံဝတ်ထားတဲ့ ကောင်မလေးကို မရဲတရဲကြည့်နေကြတယ်။ ကောင်မလေးက အမေကို ဟက်ဟက်ပက်ပက်စကားမပြောဘူး။ အမေမေးသမျှကို မေးတစ်ခွန်းဖြေတစ်ခွန်းပဲ။ လက်ခံတွေ့နေရတာ၊ မေးတာကို ဖြေနေရတာလည်း မုန်းတီးလှတယ်။ မွေးပေးထားတယ်ဆိုပြီး အဲလိုငြင်းခွင့်မရတဲ့ အခွင့်အရေးကြီးပေးနေရတာကို တအား မကျေမနပ်ဖြစ်ရတယ်။ အမေက ပြန်ခါနီးမှာ ပိုက်ဆံနည်းနည်းပေးတာတော့ ယူထားလိုက်တယ်။ အမေ အိမ်ထောင်ပြုတော့မယ်လို့ ပြောတာကို ဘာမှပြန်မပြောလိုက်ဘူး။ အမေက သူအိမ်ထောင်ပြုပြီးရင် ကောင်မလေးကို ပြန်ခေါ်ဖို့ကြိုးစားမယ်လို့ ပြောတာကို မလိုဘူး ရတယ်လို့ပဲ ပြန်ပြောလိုက်တယ်။

ကောင်မလေးရဲ့ အမေဟာ ထီလည်ရောင်းသူတစ်ဦးနဲ့ လက်ထပ်ခဲ့တယ်။ အငယ်နှစ်ယောက်က ကျောင်းနေခွင့်တွေဘာတွေရတယ်ကြားတယ်။ ဟုတ်မဟုတ်တော့ ဘယ်သူမှလည်း သေချာမသိနိုင်ဘူး။ ကောင်မလေးကိုတော့ သူ့အမေက လာမခေါ်ပါဘူး။ ကောင်မလေးဟာ ဂေဟာမှာနေတာ ခြောက်နှစ်လောက်ရှိလာတယ်။ ကျောင်းကတော့ လေးတန်းမအောင်တာနဲ့ ဆက်မတက်ဖြစ်တော့ဘူး။ ဂေဟာမှာ ထမင်းဟင်းချက်တယ်။ ဆွယ်တာ၊ တက်တင်း၊ ခေါင်းအုံးစွပ်ပန်းထိုး စတာတွေကိုတော့ ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်လာတယ်။ ကေခိုင်မြင့်ကတော့ သူ့ဦးလေးဆိုသူတစ်ယောက် ပေါ်လာပြီးလာခေါ်သွားလို့ ဂေဟာကထွက်သွားတယ်။ တခြားကောင်မလေးနဲ့ အတန်းတူတွေလည်း ထွက်ပြေးလိုပြေး၊ သူများမွေးစားဖို့လာခေါ်လိုခေါ်နဲ့ ဂေဟာမှာ လူဟောင်းတွေ သိပ်မရှိတော့ဘူး။ ကောင်မလေးရောက်စကတည်းက နေတာဆိုလို့ ခင်ခင်ဦးဆိုတာတစ်ယောက်ရယ်၊ ပေါက်ပေါက်ဆိုတာ တစ်ယောက်ရယ်ပဲကျန်တော့တယ်။

ခင်ခင်ဦးက ကောင်မလေးထက် တစ်နှစ်ကြီးတယ်။ ခန္ဓာကိုယ်ကတော့ သေးသေးညှက်ညှက်။ ခင်ခင်ဦးက လေးတန်းအောင်လို့ ငါးတန်းကို အပြင်ကျောင်းမှာ တက်ရတယ်။ ပေါက်ပေါက်ကတော့ ကောင်မလေးထက် သုံးနှစ်လောက်ငယ်တယ်။ ပေါက်ပေါက်က ဂေဟာမှာ နှစ်တန်းတက်နေတယ်။ သူတို့နှစ်ယောက်ကိုတော့ ကောင်မလေးခင်တယ်။ ခင်ခင်ဦးဆို ကောင်မလေး အရွယ်ရောက်တုန်းက အတော်ကူညီပေးခဲ့တယ်။ ခင်ခင်ဦးက ဝတ္ထုတွေဘာတွေ ဖတ်တတ်တယ်။ ဘဝဆိုတာ ဘယ်လိုဘာညာတွေ ပြောတတ်တယ်။ ကောင်မလေးက ခင်ခင်ဦးပြောတာတွေကို စိတ်ဝင်စားတယ်လည်း မဟုတ် မစားဘူးလည်းမဟုတ် နားထောင်ပေးတတ်တယ်။ ဘဝဆိုတာ ဘာဖြစ်ဖြစ် ကောင်မလေးအတွက် သိပ်လည်း အရေးကြီးလှတာမှမဟုတ်ပဲ။ ဝတ္ထုတွေထဲက ဘဝမျိုးကို ခင်ခင်ဦးက စိတ်ကူးယဉ်တတ်တယ်။ ကောင်မလေးက ဝတ္ထုထဲကလို ဘဝဆိုတာ ဝတ္ထုထဲမှာပဲရှိမှာပေါ့လို့ ပြောတတ်တယ်။ ခင်ခင်ဦး ခြောက်တန်းတက်တော့ ရည်းစားရနေပြီလို့ ပြောလာတယ်။ ဆယ်တန်းအောင်တာနဲ့ ရည်းစားနောက်လိုက်သွားတော့မယ်ပြောတယ်။ ဒါဟာဂေဟာကထွက်ပေါက်ပဲလို့လည်း ပြောတယ်။ ကောင်မလေးက ခင်ခင်ဦးရည်းစားဘယ်လိုပြောတယ်၊ ခင်ခင်ဦးကို ဘာလုပ်တယ် ဆိုတာမျိုးကိုတော့ စိတ်ဝင်စားတယ်။ ဂေဟာကထွက်ပေါက်ဆိုတာတော့ ဘယ်တုန်းကမှမတွေးသူဆိုတော့ ရည်းစားဟာ ဂေဟာကနေ လွတ်မြောက်အောင်လုပ်လုပ် မလုပ်လုပ် ရည်းစားတစ်ယောက်တော့ ထားချင်စိတ်ပေါက်လာတယ်။

ညညဘုရားရှစ်ခိုးရင် ရည်းစားရပါစေဆုတောင်းရတယ်။ ဂေဟာအတွက် ဈေးဝယ်ဖို့ဖြစ်ဖြစ်၊ လက်မှုပစ္စည်းတွေ ဆိုင်သွင်းဖို့ဖြစ်ဖြစ် အပြင်ထွက်ရရင် ယောက်ျားလေးတွေကို ဂရုတစိုက်ကြည့်တတ်လာတယ်။ ကုန်စိမ်းရောင်းတဲ့ဆိုင်က အကူကောင်လေးကို စိတ်ဝင်တစားကြည့်တတ်သလို လက်မှုပစ္စည်းဆိုင်ရောင်းတဲ့ ကောင်လေးကိုလည်း မျက်စိကျနေပြန်တယ်။ အပြင်သွားရင် လှလှပပဖြစ်အောင် ဖြီးလိမ်းတတ်တယ်။ ကောင်လေးတွေက စသလိုနောက်သလိုပြောရင် သဘောတကျရှိလှတယ်။ ခင်ခင်ဦးဖတ်တတ်တဲ့ ဝတ္ထုတွေဘာတွေကို လိုက်ဖတ်ပြီး ရည်းစားတစ်ယောက်ရဖို့ စိတ်ကူးတွေယဉ်နေတတ်တယ်။ ခက်တာက ဘယ်ယောက်ျားလေးကမှ ကောင်မလေးကို ရည်းစားစကားလာမပြော။ နီးစပ်ဖို့လည်း အခွင့်အရေးက နည်းလှတယ်ဆိုတော့ ကောင်မလေးဟာ ရည်းစားရဖို့ အလွန်မှခဲယဉ်းနေတော့တယ်။ ကောင်မလေးဟာ ရည်းစားလိုချင်လို့ အလုပ်ထဲလည်း စိတ်မပါလှ။ ထမင်းဟင်းချက်တာလည်း သေချာမလုပ်တော့။ ဝတ္ထုစာအုပ်တွေထဲက ဇာတ်လိုက်နဲ့ ဇာတ်လိုက်မ ချစ်ခန်းကြိုက်ခန်းတွေပဲ တနေ့တနေ့တွေးလို့နေတော့တယ်။

ဂေဟာကလူတွေ လင်ရဖို့မလွယ်လှပါဘူးလို့ ခင်ခင်ဦးကဆိုလာတယ်။ အဲဒီမှာ သူ့အမေသူ့ကို ဂေဟာပို့ခဲ့တာအတွက် ဒေါသထွက်မဆုံးဖြစ်ပြန်တယ်။ အမေကလည်း လာမတွေ့တော့ဘူးဆိုတော့ကာ အမေ့နောက်လိုက်သွားဖို့ကလည်း မဖြစ်နိုင်တော့။ ဒီတော့ ကောင်မလေးဟာ ဂေဟာကထွက်ပြေးဖို့ စိတ်ကူးတော့တယ်။ ထွက်ပြေးဖို့နည်းလမ်းတွေ မျိုးစုံစဉ်းစားတယ်။ တကယ်က ထွက်ပြေးမယ်ဆို ကောင်မလေးအတွက်က လွယ်လွယ်လေး။ အပြင်သွားပြီး ပြန်မလာတော့ရင် ထွက်ပြေးခြင်းကိစ္စက အထမြောက်ပြီ။ အရေးကြီးတာက ထွက်ပြေးတာ မပြေးတာထက် ထွက်ပြေးပြီး ဘယ်မှာသွားနေရမလဲဆိုတာပဲဖြစ်တယ်။ အဲဒါကိုတော့ ကောင်မလေးမတွေးတတ်ဘူး။ သူများအိမ်မှာ အိမ်ဖော်သွားလုပ်ပြီး သူဌေးသားနဲ့ညားနိုင်ဖို့ ဇာတ်လမ်းတွေကိုလည်း စိတ်ကူးကြည့်သေးတယ်။ နေစရာမရှိ၊ အလုပ်မရှိရင် ထမင်းနပ်မှန်နေရဖို့ကလည်း မလွယ်လှတာ သိနေတယ်။ ထမင်းစားဖို့ထက် အရေးကြီးတာတော့ ဘာမှမရှိဘူးမဟုတ်လား။ စာလေးဘာလေး သေချာသင်ခဲ့ရင်ကောင်းသားလို့ နောင်တရပြန်တယ်။ အနည်းဆုံးတော့ ငါးတန်းရောက်လို့ အပြင်မှာကျောင်းတက်ရရင် ရည်းစားရဖို့ အခွင့်အလမ်းက ပိုများနိုင်တယ်လို့တွေးနေတယ်။ ခင်ခင်ဦးဆို သူ့လောက်တောင် မလှဘဲ ရည်းစားရတာလို့ မနာလိုဖြစ်လိုက်သေးတယ်။

ခင်ခင်ဦးက သူ့မှာ ကိုယ်ဝန်ရှိနေပြီလို့ပြောတယ်။ ခင်ခင်ဦးဟာ ပျာယာခတ်နေတယ်။ ဆောက်တည်ရာမရဖြစ်နေတယ်။ သူ့ရည်းစားကောင်လေးက သူ့ကိုယူဖို့ ငြင်းသတဲ့။ ကောင်မလေးဟာ ခင်ခင်ဦးဖြစ်နေတာကိုကြည့်ပြီး သဘောကျနေတယ်။ ဒုက္ခရောက်တာ နည်းသေးတယ်လို့ ကွယ်ရာမှာ ရေရွတ်တယ်။ ဆရာမတစ်ယောက်ကိုပါ တိုင်ပြောလိုက်သေးတယ်။ ကောင်မလေးကြောင့် ခင်ခင်ဦးကိစ္စကို ဂေဟာတစ်ခုလုံးသိသွားတယ်။ ခင်ခင်ဦးကိစ္စကို ဘယ်လိုလုပ်မလဲဆိုတာ ဆရာမတွေပါ ခေါင်းခြောက်ကုန်တယ်။ ဂေဟာက ထွက်ပြေးသွားတာမျိုးဆို ကိစ္စကအေးပြီမဟုတ်လား။ ခုက ဂေဟာမှာပဲနေနေပြီး ဗိုက်ထဲကလေးရောက်နေတာဆိုတော့ ဂေဟာကလည်း ဆက်လက်ခံထားဖို့အခက် နှင်ထုတ်လိုက်ဖို့ကလည်း အခက်။ ခင်ခင်ဦးအရွယ်ဟာလည်း တကယ်တမ်းက အတော်ငယ်သေးတယ်။ သာမန်မိသားစုနဲ့နေတဲ့ အနေအထားဆိုရင်တောင် ကလေးမွေးနိုင်ဖို့ ကလေးကို စောင့်ရှောက်နိုင်ဖို့ အရွယ်မရောက်သေးဘူး။ တချို့ဆရာမတွေက ခင်ခင်ဦးကို ကလေးဖျက်ချသင့်တယ်လို့ထင်တယ်။ တချို့ကလည်း ဒါသိပ်အန္တရာယ်ကြီးတယ်လို့ပြောတယ်။ သူ့ရည်းစားက ဘာလို့မယူတာလဲလို့ ကောင်မလေးက ခင်ခင်ဦးကိုမေးတယ်။ ခင်ခင်ဦးလည်း ရေရေရာရာမဖြေတတ်။

တကယ်ဆို သူ့သွေးသားမဟုတ်ဘူးလားလို့ ကောင်မလေးက ဖတ်ဖူးတဲ့စာအုပ်ထဲက အတိုင်းပြောတယ်။ သွေးကစကားပြောတယ်ဆိုတာ ဒီလိုအနေအထားမှာ မရှိဘူးလားလို့ကိုယ့်ဘာသာ မေးခွန်းမေးတယ်။ သူကိုယ်တိုင်လည်း သူ့အမေကို မုန်းတီးနေသလို ခင်ခင်ဦးလည်း သူ့ကလေးကို ဘယ်လိုမှချစ်နိုင်မှာမဟုတ်တာကို သိနေတယ်။ ကောင်လေး အနေနဲ့ကလည်း မပြည့်စုံငယ်ရွယ်သေးတဲ့ အခြေနေမှာ ကလေးကို ဘယ်လိုမှလိုချင်မှာမဟုတ်။ ကလေးဆိုတာမျိုးက ဘဝပြည့်စုံဖို့လိုအပ်တဲ့လူတွေကသာ တကူးတကမွေးကြတာ မဟုတ်ဘူးလား။ အိမ်ထောင်ပြု ပိုက်ဆံစုပြီး ကားတစ်စီးဝယ်သလိုပေါ့၊ အဲဒါကိုပဲ မေတ္တာတွေ ကရုဏာတွေလို့ နာမည်တပ်ပြီး ကိုယ့်ဘာသာ ဇန်းတင်လိုက်တာပဲမဟုတ်လားလို့ ကောင်မလေးတွေးလိုက်တယ်။ မတော်တဆမွေးမိသူတွေကလည်း ချော်လဲရောထိုင် မိဘမေတ္တာဘွဲ့ကို ခံယူနေလိုက်ကြတာပဲမဟုတ်လား။ ကလေးလေးတစ်ယောက်ဗိုက်ထဲ ရောက်လာပြီဆိုပါတော့။ ဖျက်ချလို့လည်း မရဘူးဆိုရင် အဲဒီကလေးကို မွေးရတော့မယ်။ မွေးပြီးရင်လည်း အလွယ်တကူ စွန့်ပစ်ဖို့ မလွယ်ကူရင် ကျွေးရတော့မယ်၊ တာဝန်ယူရတော့မယ်။ ဒါဟာ မိဘမေတ္တာနဲ့ ဘာမှမဆိုင်ဘူးလို့ ကောင်မလေးကကောက်ချက်ချတယ်။ ကလေးက တခုခုဖြစ်ရင် စောင့်ရှောက်ရတာကတော့ ငါ့သွေးငါ့သားဆိုတဲ့ အတ္တကြောင့်ပဲမဟုတ်လား။ ဒါတောင်မှ စောင့်ရှောက်နိုင်တဲ့ အနေအထားရှိဦးမှ၊ မရှိရင် သူ့ကို သူ့အမေက ဂေဟာလာပို့လိုက်သလိုပဲ အဆုံးသတ်သွားမှာပဲလို့ ကောင်မလေး နားလည်သွားတယ်။

ရည်းစားကောင်လေးကို နာကျင်စေချင်တယ်၊ နောင်တရစေချင်တယ်လို့ ခင်ခင်ဦးကပြောတယ်။ ကလေးကို ဖျက်ချပစ်မယ်လို့ပြောတယ်။ ကောင်မလေးက အဲဒါကို သဘောမတူဘူး။ ကလေးဖျက်ချပစ်ရင် ရည်းစားကောင်လေးအနေနဲ့ ပိုတောင် စိတ်အေးသွားမယ်လို့ပြောလိုက်တယ်။ ယောက်ျားတစ်ယောက်ကို အကောင်းဆုံးလက်စားချေဖို့နည်းက ကလေးကိုမွေးပြီး သူ့ကိုတာဝန်ယူခိုင်းလိုက်ဖို့ပဲလို့ ကောင်မလေးက အကြံပေးတယ်။ နောက်တော့မှ သူ့ဘာသာ အဲဒီကလေးကို ဘာလုပ်လုပ်ကိုယ့်တာဝန် မဟုတ်တော့ဘူး၊ အရေးကြီးတာ ကိုယ့်လက်က လွတ်သွားပြီး သူ့ကို အနည်းနဲ့အများ စိတ်ဒုက္ခရောက်စေဖို့ပဲလို့ ကောင်မလေးကပြောလိုက်တယ်။ ခင်ခင်ဦးဒုက္ခရောက်တာကို သဘောကျပေမဲ့ သူ့ရည်းစားကောင်လေးကိုပါ ဒုက္ခရောက်စေချင်နေတယ်။ ခင်ခင်ဦးကို ကလေးမွေးဖို့တတ်နိုင်သမျှ ကူညီမယ်လို့ ကောင်မလေးက ကတိပေးလိုက်တယ်။ သုံးလေးရက်နေတော့ ခင်ခင်ဦးဟာ ဂေဟာကနေထွက်ပြေးသွားတယ်။ ခင်ခင်ဦးဘာဖြစ်သွားသလဲ ကလေးကိုမွေးဖြစ်လား မမွေးဖြစ်ဘူးလား ဘယ်သူမှမသိကြတော့ဘူး။ ကောင်မလေးကတော့ သူကိုယ်တိုင် ကိုယ်ဝန်ရမယ့်အချိန်ကို စောင့်နေတော့တယ်။ တကယ်တော့ ဒါတွေက ဖြစ်ချင်သလိုဖြစ်နေတာပါပဲလို့လည်း ပြောလိုက်တယ်။

ခိုင်စိုးလင်း

14-03-2012

Source: http://khinesoelung.blogspot.com/2012/03/blog-post_14.html

Oscar 2012 Fashion

Myanmar Traditional dresses

Photos from Shwe Kant Kaw

ခွေးသေတစ်ကောင် ကျပ်သုံးထောင် ဆတ်သားခြောက် ပြုလုပ်ရန်ဝယ်ယူ

အများပြည်သူစားသုံးနေသော ဆတ်သားခြောက်များပြု လုပ်ရန် ရည်ရွယ်၍ ခွေးသေတစ်ကောင် ကျပ်သုံးထောင်အထိ ဈေးပေး ဝယ်ယူမှုများရှိလာကြောင်း ဒဂုံ တောင်၊ ၂၂ ရပ်ကွက်နေ ပြည် သူတို့၏ ပြောပြချက်အရ သိရ သည်။

မြန်မာအမျိုးသမီးပါးရိုက်တဲ့ဂျပန်ကို ပြည်နှင်ဒဏ်ပေး ဗီဇာပိတ်

မြန်မာအမျိုးသမီးပါးရိုက်တဲ့ဂျပန်ကို ပြည်နှင်ဒဏ်ပေး ဗီဇာပိတ် (FB News)
by Swe Swe Kyi on Friday, February 10, 2012 at 5:27am ·

မြန်မာအမျိုးသမီးကို ပါးရိုက်တဲ့ဂျပန်အား ကာလုံက ပြည်နှင်ဒဏ်ပေးပြီး လာခွင့်ပိတ်

ရန်ကုန်/ ဖေဖော်ဝါရီ ၁၀

ရန်ကုန် ဟော်တယ်တခုက ၀န်ထမ်းအမျိုးသမီးကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသားကို အစိုးရက ပြည်နှင်ဒဏ်ပေးပြီး နောင်မြန်မာနိုင်ငံလာခွင့် ဗီဇာပါ ရာသက်ပန် ပိတ်ပင်ခဲ့ပါတယ်။

ဇန္န၀ါရီ ၂၈ ရက်နေ့က ရန်ကုန်ဟော်တယ်ဝန်ထမ်း ဒေါ်အေးအေးကြည်ကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသား Mr. Okahashi Takashi (မစ္စတာ အိုကာဟရှိ တာကရှိ) ကို ပြည်နှင်ဒဏ်ပေးဖို့ ရဲချုပ်ကနေ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ကို တင်ပြခဲ့ရာ ကာလုံက သဘောတူခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန် ဂျပန်သံရုံးကပါ ဟော်တယ်ကို တရားစွဲတဲ့အတွက် ရဲချုပ်က ကာလုံကို တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကြီးမှူးတဲ့ ကာလုံရဲ့ ဆုံးဖြတ်ချက်အရ Mr. Takashi ကို နာမယ်ပျက်စာရင်းသွင်းထားပြီး နောင် မြန်မာနိုင်ငံဝင်ခွင့် မည်သည့်ဗီဇာကိုမှ ထုတ်မပေးရန် ဆုံးဖြတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

မြန်မာအမျိုးသမီးတဦးကို စော်ကားတဲ့ နိုင်ငံခြားသားကို ထိထိရောက်ရောက် အရေးယူတာ ဦးသိန်းစိန်အစိုးရတက်ပြီးနောက်ပိုင်း ကာလုံအဖွဲ့ရဲ့ ပထမဆုံး လုပ်ရပ်ဖြစ်ပါတယ်။

Mr. Takashi ဟာ မြန်မာနိုင်ငံမှာ Business Visa နဲ့ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

အခင်းဖြစ်တဲ့ ရန်ကုန်က ဟော်တယ်အမည်ကို အစိုးရက တရားဝင် မထုတ်ပြန်ခဲ့ပေမဲ့ အတည်မပြူနိုင်သေးတဲ့ Facebook သတင်းတွေအရ ရန်ကုန် ပုဇွန်တောင်က Orchid Hotel မှာ အခင်းဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

Amara News Agency

===============================

ဆက်စပ် Facebook သတင်း

ဂျပန် အမျိုးသားက မြန်မာ အမျိုးသမီး ဟိုတယ်ဝန်ထမ်းကို ပါးရိုက်မှု

Posted by William Smith in Feb 09, 2012,

ဒီအဖြစ်အပျက်ကလေးကို သိစေချင်ပါတယ်..ဒို့ရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်

ရဲ့ ဖြစ်ရပ်မှန် လေးပါ။

28.1.2012 ရက်နေ့မှာ ကိုယ့် သူငယ်ချင်းတာဝန်ယူနေတဲ့ ဟိုတယ်

ရဲ့ လုပ်ငန်းခွင်မှာ တည်းခိုသူဂျပန်တစ်ယောက် ရဲ့ ရိုက်နှက် စော်ကားမှုကို ခံခဲ့ရပါတယ်။

ဟိုတယ် Management မှ အမှုဖွင့် အရေးယူဖို့ ဆောင်ရွက်တဲ့ အခါမှာ ရဲအရာရှိတွေ လာရောက်

စစ်ဆေးပြီး နှိုင်ငံခြားသား နဲ့ပတ်သက်တဲ့ အမှုဖြစ်နေတဲ့ အတွက် ကြောင့် ရဲ အရေးမပိုင်တဲ့

အမှုလို့ ပြောဆိုခဲ့ကြပါတယ်။ဒီအခါမှာ ကိုယ့်သူငယ်ချင်းရဲ့ တောင်းဆို မှုကြောင့် ဟိုတယ်

General Manager မှ ဂျပန် သံရုံးကို အကြောင်းကြားပေးခဲ့တယ်။

ဂျပန် သံရုံးက စကာပြန် တစ်ယောက်နှင့် ရဲ့ အရာရှိတွေ ရောက်လာပြီး တရားလို ကို

တရားခံတစ်ယောက် အဖြစ် ပြန်ဆက်ဆံသွားတယ်လို့ သိခဲ့ရပါတယ်။နှစ်ရက် လောက်

ကြာမှာ အမှု လာဖွင့်ရန် အကြောင်းကြားသောကြောင့် ကိုယ့်သူငယ်ချင်း ကို ဟိုတယ်

က ဆက်သွယ်ပြီး သွားခဲ့ကြတယ်။

ဟိုရောက်တော့ ရဲ့ အရာရှိများကပါးရိုက်ခံရတာ ဒါဏ်ရာရှိလား၊ သွေးထွက်လား ဆေး

စာ လုပ်ပြီးပြီလားလို့ ဆီးကြိုမေးချင်ခံရတယ်လို့သိရပါတယ်။ မိန်းခလေး တစ်ယောက်

ရဲ့ ကာအိနြေင်္အဇော်ကား ခံရတဲ့ ဖြစ်ရပ်ကို ဒီလို မေးချင်းခံရတာ ကြောင့် သြော် ငါ့တို့

နိုင်ငံမှာကိုယ့် နိုင်ငံသားတစ်ယောက် စော်ကားခံရတာကိုတောင် ဆေးစာလိုပါသလား

လို့ မေးပြီး တိုင်းတပါးသားကို ကာကွယ်ဖို့စဉ်းစားနေသေးတယ်လို့ ရင်ထုမနာတွေး

မိကြောင်း ပြန်လည်ဖွင့်ပြောခဲ့ပါတယ်။

ရှက်ရှက်နဲ့ ဖြစ်ရပ်မှန်ကို ပြောပြီးတော့ လည်း ပါးရိုက်ခံရတဲ့ ဆေးစာပါမှ အမှုဖွင့်လို့ ရ

တယ်ဆိုသော ကြောင့် ရန်ကုန် ဆေးရုံကြီးမှာ မျက်နှာ ငယ်စွာနဲ့ လူအများကြားမှာ ဆရာဝန်

ထံပြောဆိုပြီး ဆေးစာ ယူခဲ့ပေးရပြန်ပါတယ်။

===================================

မြန်မာအမျိုးသမီးကို စော်ကားတဲ့ ဂျပန်ဘက်က ဘက်လိုက်ပြီး ဟော်တယ်ကို တရားစွဲတဲ့

ရန်ကုန် ဂျပန်သံရုံးကို အီးမေးပို့ပြီး ကန့်ကွက်ကြမယ်ဆိုရင်.....

အောက်ပါ အီးမေးလိပ်စာများအတိုင်း ကန့်ကွက်နိုင်ပါကြောင်း

(မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေသာမက နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာတိုင်း ရန်ကုန် ဂျပန်သံရုံးကို ကန့်ကွက်စာတွေ အဆက်မပြတ် ပို့ကြပါ)

Pages

Subscribe to mandalar.net RSS